တနင်္သာရီ၊ မောတောင်ငယ်ရွာကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ဗုံးကြဲ

တနင်္သာရီ၊ မောတောင်ငယ်ရွာကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ဗုံးကြဲ

ပုံစာ - Mi - 2 ရဟတ်ယာဥ်။ (ပုံဟောင်း)

လေကြောင်းကနေ တစ်ပတ်အတွင်း လေးကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်

တနင်္သာရီမြို့နယ်၊ ထိုင်းနိုင်ငံနယ်စပ်အနီးမှာရှိတဲ့ မောတောင်ငယ်ရွာကို ဒီကနေ့ မွန်းလွဲပိုင်းမှာ Mi-2 ရဟတ်ယာဉ်နဲ့ စစ်ကောင်စီတပ်က ဗုံးလာကြဲခဲ့တယ်လို့ ဒေသခံတွေနဲ့ KNU ရဲ့ တနင်္သာရီမြို့နယ်ဥက္ကဌဖြစ်သူ ပဒိုစောညာဝါးက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတော့မရှိခဲ့ဘူးလို့ ဥက္ကဌ ပဒိုစောညာဝါးက အတည်ပြုပြောဆိုပါတယ်။

“အခုလာကြဲတဲ့ လေယာဥ်အမျိုးအစားက လွှတ်ချပြီးပစ်လို့ရတဲ့ အမျိုးအစားမဟုတ်ဘူး။ လူနဲ့ပဲ ဖြစ်သလိုပစ်ချရတာမျိုးဖြစ်တယ်။ အဲ့တော့ တစ်လုံးပြီးတစ်လုံး ပစ်ချရင်း ရှေ့ဆက်သွားပြီး ကြဲတာမျိုးဆိုတော့ ဗုံးကျတဲ့နေရာဧရိယာတော့ကျယ်တယ်” လို့ ပဒိုစောညာဝါးက ဆိုပါတယ်။

ဗုံးကြဲခဲ့တဲ့ စစ်ကောင်စီရဟတ်ယာဉ်ဟာ မြိတ်မြို့ဘက်ကနေ ပျံသန်းလာတာဖြစ်ပြီး မွန်းလွဲ ၂ နာရီဝန်းကျင်မှာ ကြဲချခဲ့တာလို့ မောတောင်မြို့နေ ဒေသခံအမျိုးသမီးက ပြောပြပါတယ်။

“ဘာတိုက်ပွဲသံမှမကြားရပါဘူး။ တိုက်ပွဲမရှိဘဲ လာကြဲသွားတာပါ” လို့ ဒေသခံအမျိုးသမီးက ပြောပါတယ်။

စစ်ကောင်စီတိုက်လေယာဉ်ဟာ မောတောင်ငယ်ဒေသပေါ်ကို ဗုံး ၁၁ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၂ နာရီနဲ့ ၁၅ မိနစ် ဝန်းကျင်မှာ မြိတ်မြို့ဘက်ကို ပြန်လည်ထွက်ခွါသွားတယ်လို့လည်း ဒေသခံတွေရဲ့ ပြောပြချက်အရ ကနဦးသိရပါတယ်။

မောတောင်ငယ်ရွာဟာ မောတောင်မြို့ရဲ့ မြောက်ဘက်မှာရှိပြီး ကရင်တိုင်းရင်းသား ဒေသခံအများစုနေထိုင်ကာ ဥယျာဉ်ခြံမြေလုပ်ငန်း အဓိကလုပ်ကိုင်တဲ့ရွာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အခုလ ၂ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ ဘန်လောကျေးရွာနဲ့ ကျွန်းစုမြို့နယ်၊ မင်းဂုတ်ကျေးရွာတို့ကို ရဟတ်ယာဉ်နဲ့ လေကြောင်းကနေ ဗုံးကြဲချတိုက်ခိုက်ခဲ့တာမျိုးရှိပြီး အရင်လ ၃၀ ရက်နေ့ကလည်းမီးလောင်ချောင်းစခန်းသိမ်းတိုက်ပွဲကို လေကြောင်းပစ်ကူပေးခဲ့တာမျိုးရှိခဲ့ပါတယ်။

The Tanintharyi Times