တနင်္သာရီ-မောတောင်လမ်းဆုံမှာ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေ

တနင်္သာရီ-မောတောင်လမ်းဆုံမှာ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေ

ပုံစာ - မောတောင်မြို့အဝင်ဂိတ် (ပုံဟောင်း)

ထိုင်းနိုင်ငံ နဲ့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေထဲကတစ်ခု ဖြစ်တဲ့ တနင်္သာရီ-မောတောင်လမ်းဆုံမှာ စစ်တပ်နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ သုံးရက်ဆက်တိုက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေပြီး မောတောင်လမ်းပိတ်ထားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။

အခုလ ၁၈ ရက်နေ့ကစ ဒီနေ့အထိ တနင်္သာရီ-မောတောင်လမ်းဆုံက ရေဖြူ၊ ထုံခါနဲ့ ချောင်းနှစ်ပေါက်ရွာတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်တယ်လို့ ဒေသခံတွေနဲ့ မြေပြင်တော်လှန်ရေးရဲဘော်တွေက ပြောပါတယ်။

အခုလ ၁၇ ရက်နေ့က အင်အား ၃၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက တနင်္သာရီ မြို့နယ် ကမ္မလိုင်းရွာကနေ ရှမ်းအင်းတော်ရွာဘက်ကို စတင်စစ်ကြောင်းထိုးခဲ့တာပါ။

“ စစ်တပ်ဘက်က ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် မောတောင်လမ်းကြောင်းကို ရအောင်ပြန်ထိန်းချုပ်မဲ့ ပုံစံရှိတယ်ဗျ” လို့ တနင်္သာရီမြို့နယ်အခြေစိုက် မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

၁၈ ရက်နေ့ မနက်ပိုင်းမှာ တစ်ကြိမ်၊ ညနေပိုင်းမှာတစ်ကြိမ် ရေဖြူရွာတဝိုက်မှာ နှစ်ဖက်ထိတွေ့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာပဲ စစ်ကောင်စီဘက်က K8W တိုက်လေယာဥ်နဲ့ ချောင်းနှစ်ပေါက်ရွာအနီးတဝိုက်ကို ဗုံးသုံးကြိမ်ကြဲချခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးတွေဆက်တိုက်ပစ်ကာ ရှေ့ဆက်တိုးခဲ့ပြီး ၁၉ ရက်နေ့ မနက် ၆ နာရီဝန်းကျင်က ထုံခါရွာမှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ မြေပြင်ရဲဘော်တွေက ဆိုပါတယ်။

တစ်ရက်တည်းမှာပဲ တနင်္သာရီကနေ မောတောင်ဘက်ကို ဦးတည်လာတဲ့ စစ်ကားတစ်စီးကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရှမ်းအင်းတော်ရွာအလွန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီဘက်က ထုံခါ၊ ချောင်းနှစ်ပေါက်ကနေ လက်နက်ကြီးတွေပစ်ခတ်ပြီး စစ်ကြောင်းဆက်ထိုးနေကာ သိန်းခွန်းရွာအထိ ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ နှစ်ဖက်တိုက်ပွဲအခြေအနေတွေကြောင့် တနင်္သာရီ-မောတောင်လမ်းမှာ ရေဖြူရွာကနေ မောတောင်မြို့အနီး အမှတ် (၉) ရွာအထိ ဖြတ်သန်းခွင့်ပိတ်လိုက်ပြီဖြစ်တယ်လို့ မောတောင်မြို့ခံတွေက ဆိုပါတယ်။

“ မောတောင်ဘက်ကနေ ပြန်တက်မဲ့ကားတွေလည်း မြို့ထဲမှာပဲ ပိတ်မိနေတယ်။ တိုက်ပွဲက မြို့နဲ့တော်တော်နီးနေတော့ မြို့ပေါ်လည်း လေကြောင်းကနေ ဗုံးလာကြဲမလား စိုးရိမ်နေရတယ်” လို့ မောတောင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တနင်္သာရီ-ဘုတ်ပြင်းကားလမ်းကိုတော့ တနင်္သာရီဘက်က ကုန်ကားတွေကို ဖြတ်သွားခွင့်ပေးထားပေမဲ့ ဘုတ်ပြင်းဘက်က ကုန်ကားတွေကိုတော့ ဖြတ်ခွင့်မပေးတော့ဘူးလို့ ဒေသတွင်း ကုန်ကားမောင်းသမားတွေက ပြောပါတယ်။

မောတောင်မြို့၊ အမှတ် (၉) ရွာက စာသင်ကျောင်းကိုလည်း ပိတ်ချထားလိုက်ပြီဖြစ်ပြီး ဒေသခံတွေလည်းအရေးပေါ် စစ်ရှောင်နေရပြီဖြစ်တယ်လို့ သိရပါတယ်။

The Tanintharyi Times