မောတောင်၊ ပွိုင့် ၃၀၀၀ နယ်စပ်စခန်းကို စစ်ကောင်စီတပ်စွန့်ခွာ

မောတောင်၊ ပွိုင့် ၃၀၀၀ နယ်စပ်စခန်းကို စစ်ကောင်စီတပ်စွန့်ခွာ

ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မောတောင်နယ်မြေ က ပွိုင့် ၃၀၀၀ နယ်စပ်စခန်းကနေ စစ်ကောင်စီတပ်သားတွေ စွန့်ခွာသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တနင်္သာရီမြို့နယ် ဥက္ကဌ ပဒိုစောညာဝါးက ပြောပါတယ်။

တနင်္သာရီမြို့နယ် ၊ မောတောင်မြို့ နယ်မြေထဲ မှာရှိတဲ့ ပွိုင့် ၃၀၀၀ စခန်းဟာ ပုံမှန်အားဖြင့် စစ်ကောင်စီတပ်သား အင်အား ၃၀ ဝန်းကျင်အထိ စခန်းချနေထိုင်လေ့ရှိတဲ့ တပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

ပွိုင့် ၃၀၀၀ စစ်ကောင်စီနယ်စပ်စခန်းက စစ်ကောင်စီတပ်သားတွေဟာ အခုလ ၂၅ ရက်နေ့မှာ စခန်းကနေစတင်စွန့်ခွာခဲ့တာဖြစ်ပြီး ၂၇ ရက်နေ့မှာ မောတောင်မြို့ကို ပြန်လည်ရောက်ရှိခဲ့တယ်လို့ ပဒိုစောညာဝါးဆီကသိရပါတယ်။

အခုလက်ရှိ စခန်းစွန့်ခွာသွားတဲ့ စစ်ကောင်စီတပ်သားအ‌ရေအတွက်က တော့ ၁၅ ဦး ရှိတယ်လို့ ပဒိုစောညာဝါးနဲ့ မောတောင်မြို့အခြေစိုက် KTLA ရဲဘော်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ထိုင်းစစ်ဖက်တာဝန်ရှိသူတွေရဲ့ ကူညီပို့ဆောင်ပေးမှုနဲ့ ထိုင်းနယ်နမိတ်ထဲက လမ်းကြောင်းကို အသုံးပြုပြီး မောတောင်မြို့ကိုထွက်ခွာသွားခဲ့တာဖြစ်တယ်လို့ ပဒိုစောညာဝါးက ဆိုပါတယ်။

အဲ့ဒီနောက် ၂၇ ရက်နေ့မှာ KTLA တပ်ဖွဲ့ဝင်တွေကနေ ပွိုင့် ၃၀၀၀ စစ်ကောင်စီနယ်စပ်စခန်းကို နယ်မြေရှင်းလင်းမှုသွားရောက်လုပ်ဆောင်ခဲ့တယ်လို့ ပဒိုစောညာဝါးနဲ့ မောတောင်မြို့အခြေစိုက် KTLA ရဲဘော်တွေဆီကသိရပါတယ်။

“ ကျနော်တို့က နယ်မြေရှင်းလင်းဖို့ဆိုပြီး အဓိကသွားရတာပါ။ ဟိုရောက်လို့ စကစတပ်သားတွေ ရှိနေသေးရင်လည်း တိုက်မယ်ပေါ့။ ရောက်သွားတော့ စခန်းမှာ ဘယ်သူမှမရှိတော့ပါဘူး” လို့ မောတောင်မြို့အခြေစိုက် KTLA ရဲဘော်တစ်ဦးက ပြောပါတယ်။

ပွိုင့် ၃၀၀၀ စစ်ကောင်စီနယ်စပ်စခန်းဟာ မောတောင်မြို့နဲ့ ၂၂ ကီလိုမီတာ (၁၄ မိုင်နီးပါး) ကွာဝေးတဲ့ နယ်စပ်စခန်းတစ်ခုဖြစ်ပြီး နယ်စပ်ကိုတောက်လျှောက်နယ်မြေစိုးမိုးမှုယူရာမှာ အရေးပါတဲ့စခန်းဖြစ်တယ်လို့ ပဒိုစောညာဝါးက ပြောပြပါတယ်။

“ အရေးပါမှုကတော့ ဆန့်ကျင်ဖက်အဖွဲ့တွေ နယ်စပ်မှာ အခြေကုတ်ယူနိုင်မှုမရှိအောင် နယ်စပ်တောက်လျှောက်စိုးမိုးမှု ယူတဲ့သဘောပါ။ တောင်ကမြင့်တော့ ထိုင်းနိုင်ငံအတွင်းကိုလည်း အပေါ်စီးကနေမြင်နိုင်တယ်” လို့ ပဒိုစောညာဝါးကဆိုပါတယ်။

ပွိုင့် ၃၀၀၀ စစ်ကောင်စီနယ်စပ်စခန်းကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန်မှာ မည်သည့်လက်နက်မှ သိမ်းမိတာမျိုးမရှိဘူးလို့လည်း ပဒိုစောညာဝါးဆီကသိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံးKNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲက တနင်္သာရီမြစ်နံဘေးမှာရှိတဲ့ ကျောက်လုံးကြီးဗျူဟာစခန်းက စစ်ကောင်စီတပ်သားတွေလည်း အခုလ ၁၅ ရက်နေ့က စခန်းစွန့်ခွာခဲ့ပါတယ်။

အဲ့ဒီနောက် ဇွန်လ ၁၉ ရက်နေ့မှာ ကျောက်လုံးကြီးစခန်းကို ပြန်လည်ရယူနိုင်ဖို့အတွက် စစ်ကောင်စီတပ်သား ၂၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းပြန်ထိုးခဲ့ပြီး ဇွန် ၂၂ ရက်နေ့မှာ ဒဏ်ရာရစစ်သားတွေနဲ့အတူ စစ်ကြောင်းပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရပါတယ်။

The Tanintharyi Times