“NUGရော၊ စစ်ကောင်စီရော ပြည်သူတွေအနေနဲ့ အခုလက်ရှိမှာအားကိုးလို့ ရမနေဘူး”

“NUGရော၊ စစ်ကောင်စီရော ပြည်သူတွေအနေနဲ့ အခုလက်ရှိမှာအားကိုးလို့ ရမနေဘူး”

 
ထိုင်းနိုင်ငံ အနှံ့မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက အကြောင်းပြချက်အမျိုးမျိုးနဲ့ အစုလိုက်အပြုံလိုက်ဖမ်းဆီးတာကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကနေ လုပ်ဆောင်လာခဲ့ပါတယ်။  အရင်ကဆိုရင် စက်ရုံအလုပ်ရုံတွေမှာသာ ဝင်ရောက်စစ်ဆေး၊ ဖမ်းဆီးတာမျိုးရှိပေမယ့် လက်ရှိမှာတော့ အွန်လိုင်းအရောင်းအဝယ်တွေကိုပါ ဝင်ဖမ်းတာ၊ တိုက်ခန်းတွေနဲ့ တန်းလျားတွေမှာဝင်ရောက်ဖမ်းဆီးတာတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်လာပါတယ်။  အဲဒီလိုအနေအထားမှာ ထိုင်းရောက်မြန်မာနိုင်ငံသားတွေရဲ့အခက်အခဲနဲ့သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကို အခုတပတ် “တောင်ပိုင်းသားတို့အသံ”အစီအစဉ်ကနေ မေးမြန်းတင်ဆက်လိုက်ပါတယ်။
 
( တောင်ပိုင်းသားတို့ အသံ)


 ဖူးခက်မြို့က Bar တစ်ခုမှာ အလုပ်အလုပ်နေတဲ့ ပု‌လောဒေသခံအမျိုးသား


 
မေး – လက်ရှိ ထိုင်းနိုင်ငံမှာ အဖမ်းအဆီးများနေတော့ ဘယ်လိုနေထိုင်နေရလဲ။ ဘယ်လိုစိုးရိမ်စိတ်တွေရှိနေလဲ။
 
ဖြေ – အထောက်အထားက သက်တမ်းတိုးထားတာဆိုတော့ ဆင်ခြင်ပြီးနေရတာတော့အမှန်ပဲ။ အခုက ပြနိုင်တာဆိုလို့ Name List စာရွက်ပဲရှိတယ်။ ထိုင်းအစိုးရဘက်ကဘယ်အချိန်မှလုပ်ပေးမလဲ မသိတော့ဘူး။
 
မေး – အထောက်အထား ရောရှိလား။ လက်ရှိ ဘာအလုပ်လုပ်တွေ လုပ်ကိုင်နေလဲ။ အစစ်အဆေးများတော့ အလုပ်လုပ်ရတာရော အဆင်ပြေလား။
 
ဖြေ – အထောက်အထားက သက်တမ်းမတိုးရသေးတဲ့ Name List ပဲ ရှိပါတယ်။ Bar မှာအလုပ်လုပ်နေတယ်။ ဆိုင်က နိုင်ငံခြားသားဆိုင်၊ ထိုင်းလူမျိုးနာမည်ခံပြီးလုပ်ထားတာဆိုတော့ စိတ်ပူနေရတယ်။ အခုစစ်နေတာကလည်း ထိုင်းလူမျိုးအမည်ခံထားတဲ့ ဆိုင်တွေကိုပဲဝင်စစ်နေတာဆိုတော့ ဘယ်အချိန်ဝင်စစ်မလဲဆိုပြီး လိုက်စိတ်ပူနေရတယ်။ CI ကလည်း Name List ကလွဲပြီး ဘာမှမရသေးဘူး။
 
မေး – အခုတလော မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အကြောင်းပြချက်ပေါင်းစုံနဲ့ ထိုင်းအာဏာပိုင်တွေက ဖမ်းလာတယ်။ ဒီအပေါ်မှာ အလုပ်လုပ်ရတာနဲ့ နေထိုင်ရတာ ဘယ်လို အခက်အခဲတွေဖြစ်စေလဲ ။
 
ဖြေ – အရင်ကဆို ဒီဒေသမှာ တော်တော်လွတ်လပ်တယ်။ အခုက သွားတာလာတာကအစ အသံဆူဆူညံညံမလုပ်တာမျိုး သန့်ရှင်းရေးပိုင်းကအစဂရုစိုက်နေရတယ်။ အရင်ကဆို အလုပ်ကပြန်တာမျိုးပဲဖြစ်ဖြစ် နေ့ခင်းဘက်မှာဖြစ်ဖြစ် ဂစ်တာတွေဘာတွေတီးတာပေါ့ဗျာ။ အခုကတော့သိုသိုသိပ်သိပ်နေရတာပေါ့ အရင်ကလိုမျိုးလွတ်လွတ်လပ်လပ်မနေရဲတော့တဲ့ ပုံစံမျိုးပေါ့ဗျာ။ အထောက်အထားရှိတယ်ဆိုပေမယ့်လည်း သက်တမ်းကမတိုးရသေးဘူး ရက်ကလည်းလွန်နေပြီဆိုတော့ ဒီလိုပဲ ဆင်ခြင်ပြီးနေနေရတာပေါ့။
 
မေး – ထိုင်းအစိုးရ ကဖမ်းဆီးပြီးရင် မြန်မာနိုင်ငံကို ပြန်ပို့ တဲ့ အခါ စစ်ကောင်စီ က အဓမ္မစစ်မှုထမ်းခိုင်းတွေ လုပ်နေတယ်ပေါ့။ အဲဒါနဲ့ပတ်သက်ပြီး ဘဝတူ အလုပ်သမားတွေ ကြား ဘာတွေစိုးရိမ်နေကြလဲ။
 
ဖြေ – အဲဒါတော့ တော်တော်စိုးရိမ်တယ်ဗျာ။ ဘယ်သူ့ကိုမှမပါစေချင်ဘူး။ စစ်မှုထမ်းပါသွားရင်က သေဖို့က ၉၉ ရာခိုင်နှုန်းလောက် ဒါကျနော့်အမြင်ပေါ့နော် ။
 
မေး – တချို့ ထိုင်းစက်ရုံမှာ မြန်မာသံရုံး က ဝင်ရောက်စွက်ဖက်ပြီး အလုပ်သမားစာချုပ်တွေမှာ စစ်မှုထမ်းဆင့်ခေါ်ရင်ပြန်ရမယ်ဆိုတာမျိုးပါချုပ်နေတယ်။ အဲ့လိုလုပ်နေတာရောသိလား။
 
ဖြေ – အဲဒါတော့မသိဘူးဗျ ဒါမဲ့ သံရုံးကကောင်တွေဝန်ထမ်းကောင်းမဟုတ်ကြတာတော့အစကတည်းသိပါတယ်။
 
မေး – လက်ရှိထိုင်းမှာ ပြဿနာတစုံတရာပေါ်လာရင် အကူအညီတောင်းလို့ရတဲ့အဖွဲ့အစည်းတွေကော ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်မှာရှိလား။
 
ဖြေ – အရင်ကတစ်ခုခုဆို AACအဖွဲ့ကိုပဲပြေးမြင်တယ် ဒါမဲ့ AACအဖွဲ့ကိုထိုင်းအာဏာပိုင် တွေချိတ်ပိတ်သွားတာမြင်ရတော့ စိတ်ပျက်အားလျော့တာအမှန်ပဲဗျ ။ကျတော့်အနေနဲ့ကတော့ ကိုယ့်သတိနဲ့ကိုယ် ဆင်ခြင်ပြီးနေဖို့ကိုပဲနှလုံးသွင်းတယ်။ တတ်နိုင်သမျှသည်းခံပေါ့ဗျာ။ ဒီကာလထဲ ကြုံလာသမျှ။
 
မေး – ထိုင်းရောက်မြန်မာတွေဖမ်းဆီးခံနေရတာနဲ့ပတ်သက်ပြီး ထိုင်းမှာလက်ရှိနေထိုင်သူတွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို ဘာပြောချင်တာရှိလဲ။
 
ဖြေ – ပြည်သူတွေကိုပဲမှာချင်တယ်ဗျ။ ကိုယ့်ကိုကိုယ်ဂရုစိုက်ဖို့ ကျတော်တို့မှာအားကိုးစရာအစိုးရမရှိဘူး။ NUGရော၊ စစ်ကောင်စီရော ပြည်သူတွေအနေနဲ့အခုလက်ရှိမှာအားကိုးလို့ရမနေဘူးဗျ။ NUGက သူ့ဟာနဲ့သူတိုင်ပတ်နေတယ်။ စကစကတော့ဘယ်ပြောကောင်းမလဲ ဒီဇာတ်လမ်းတွေကသူတို့လုပ်လို့ဖြစ်လာတာကိုး။ တစ်ပါးသူနိုင်ငံကိုပြောမနေချင်တော့ဘူး မောတာပဲအဖတ်တင်တယ်ဗျ လူမညီရင်။\


 
ကော့ဖငန်းကျွန်းက သရက်ချောင်းဒေသခံ ဆောက်လုပ်ရေးအလုပ်သမားတစ်ဦး


 
မေး – လက်ရှိ ထိုင်းနိုင်ငံမှာ အဖမ်းအဆီး များနေတော့ ဘယ်လိုနေထိုင်နေရလဲ။ ဘယ်လိုစိုးရိမ်စိတ်တွေရှိနေလဲ။
 
ဖြေ – အဖမ်းအဆီးကတော့ တော်တော်များနေတယ်။ ကျွန်းက ပုလိပ်တွေမဟုတ်တော့ဘူး ဘန်ကောက်ဘက်ကဆင်းလာတဲ့ ပုလိပ်တွေလို့ပြောတယ်။ ဘန်ကောက်ပုလိပ်တွေလက်ထဲရောက်ရင်တော့ လွတ်ဖို့မလွယ်တော့ဘူး။ အပြင်ထွက်ရင် သူတို့နဲ့မတွေ့ဖို့အဓိက။ အဲဒါပဲတွေးပြီး သတိကြီးကြီးထားပြီး သွားနေရတယ်။
 
မေး – အထောက်အထား ရောရှိလား။ လက်ရှိ ဘာအလုပ်လုပ်တွေ လုပ်ကိုင်နေလဲ။ အစစ်အဆေးများတော့ အလုပ်လုပ်ရတာရော အဆင်ပြေလား။
 
ဖြေ – အခုက ပန်းရံ လုပ်နေတယ်။ Name List တော့ရပြီ။ ဘန်ကောက်ကပုလိပ်တွေစစ်ဆေးလာဖို့ရှိတယ်ဆိုရင် ကျွန်းပုလိပ်တွေက အလုပ်ရှင်ကိုဖုန်းလှမ်းဆက်ပေးတယ်။ သူတို့လည်း ပိုက်ဆံယူထားတာကိုး။ ဆိုတော့ အလုပ်လည်းလုပ် နားလည်းစွင့်ရင်း လုပ်နေရတာပေါ့။ အဆင်ပြေတယ်ရယ်တော့ မရှိပါဘူး။
 
မေး – အခုတလော မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အကြောင်းပြချက်ပေါင်းစုံနဲ့ ထိုင်းအာဏာပိုင်တွေက ဖမ်းလာတယ်။ ဒီအပေါ်မှာ အလုပ်လုပ်ရတာနဲ့ နေနထိုင်ရတာ ဘယ်လို အခက်အခဲတွေဖြစ်စေလဲ ။
 
ဖြေ – အလုပ်ကတော့ ပုံမှန်အတိုင်းလုပ်နေတယ်။ တစ်ခုရှိတာက ဘန်ကောက်ပုလိပ်တွေလာမယ်ဆိုပြီး သို့လောသို့လော သတင်းတွေ၊ ထိုင်းလူမျိုးနဲ့မြန်မာလူမျိုးကြားတင်းမာမှုတွေရှိလာမှာလား ဆိုပြီး အလုပ်ကိုစိတ်ချလက်ချမလုပ်နိုင်ဘူးပေါ့။ တကယ်လို့ လူမျိုးရေးတွေပါလာပြီဆိုရင် ကိုယ်က ဘာအမှားမှမလုပ်ရင်တောင် တိုင်ခံရပြီး အဖမ်းခံရမယ် ပြန်ပို့ခံရမယ် ဒီအခြေအနေတွေရှိလာနိုင်တော့ အတတ်နိုင်ဆုံးအောက်ကျခံပြီး အဆင်ပြေအောင်နေနေရတာပေါ့။
 
မေး – အခုထိုင်းအစိုးရ ကဖမ်းဆီးပြီးရင် မြန်မာနိုင်ငံကို ပြန်ပို့ တဲ့ အခါ စစ်ကောင်စီ က အဓမ္မစစ်မှုထမ်းခိုင်းတွေ လုပ်နေတယ်ပေါ့။ အဲဒါနဲ့ပတ်သက်ပြီး ဘဝတူ အလုပ်သမားတွေ ကြား ဘာတွေစိုးရိမ်နေကြလဲ။
 
ဖြေ – မြန်မာပစ္စည်းရောင်းတဲ့ဆိုင်တွေဆို အကုန်ပိတ်ထားပြီ။ မြန်မာ ပစ္စည်းရောင်းလို့ဆိုပြီး အဖမ်းခံနေရတဲ့ဆိုင်တွေလည်း မနည်းဘူး။ ဆိုင်ဖွင့်ထားတဲ့သူတွေကတော့ ဆိုင်အပြီးပိတ်လိုက်ဖို့ပြင်နေတဲ့သူတွေလည်းရှိတယ်။ တချို့ကလည်း အခြေအနေအေးမှာကိုစောင့်နေတဲ့သူတွေရှိတယ်။ အလုပ်သမားတွေကတော့ ပုံမှန်လုပ်နေကြတုန်းပဲ ခုနကလို ဘန်ကောက်ပလိပ်တွေနဲ့မတိုးဖို့ဘဲ အာရုံစိုက်နေကြတာပေါ့။ 
 
မေး – တချို့ ထိုင်းစက်ရုံမှာ မြန်မာသံရုံး က စွက်ဖက်ပြီး အလုပ်သမားစာချုပ်တွေမှာ စစ်မှုထမ်းဆင့် ခေါ်ရင်ပြန်ရမယ် ဆိုတာမျိုးပါတယ် အဲ့လိုလုပ်နေတာရော သိလား။
 
ဖြေ – သတင်းမှာတော့ တွေ့လိုက်တယ်။ မြေပြင်မှာတော့ မကြားရဘူး။ အဲသတင်းမျိုးက ဖြစ်လည်းဖြစ်လာနိုင်တယ် ဒါပေမယ့် ဘယ်နေရာက ဘယ်စက်ရုံမှာဆိုတာမျိုးတိကျမပါတော့ ဒီကာလမှာ မတင်စေချင်ဘူး။ ကျနော်တို့ဘက်မှာတော့ အဲဒါမျိုးမကြားရသေးပါဘူး။
 
မေး – လက်ရှိထိုင်းမှာ ပြဿနာတစုံတရာပေါ်လာရင် အကူအညီတောင်းလို့ရတဲ့အဖွဲ့အစည်းတွေကော ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်မှာရှိလား။
 
ဖြေ – ဘာအဖွဲ့မှမရှိပါဘူး။
 
မေး – ထိုင်းရောက်မြန်မာတွေဖမ်းဆီးခံနေရတာနဲ့ပတ်သက်ပြီး ထိုင်းမှာလက်ရှိနေထိုင်သူတွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို ဘာပြောချင်တာရှိလဲ။
 
ဖြေ – ထိုင်းရောက်မြန်မာတွေကို အနေအထိုင်ဆင်ခြင်ဖို့နဲ့ ကိုယ်က ဧည့်သည်ဆိုတာလေး သတိအမြဲကပ်ထားဖို့ပဲ ပြောချင်ပါတယ်။ ထိုင်းအာဏာပိုင်ရော မြန်မာအာဏာပိုင်တွေကိုရော ဘာမှမပြောချင်တော့ပါဘူး။

  စစ်မှုထမ်းဥပဒေ ကြောင့် မဲဆောက်မြို့ကိုတိမ်းရှောင်လာတဲ့  ကံပေါက်ဒေသခံ အမျိုးသား


 
မေး –  လက်ရှိ ထိုင်းနိုင်ငံမှာ အဖမ်းအဆီး များနေတော့ ဘယ်လိုနေထိုင်နေရလဲ။ ဘယ်လိုစိုးရိမ်စိတ်တွေရှိနေလဲ။
 
ဖြေ – အိမ်အပြင်ကို မထွက်ရဲဘဲ နေနေရတာပေါ့။ စိုးရိမ်စိတ်ရှိတာကတော့အစုံပါပဲ။ အလုပ်မရှိတာရော ဘတ်ရပြီးပေမယ့် ဘတ်ထဲက ကိုယ့်အလုပ်အကိုင်အမျိုးအစား၊ နေရာနဲ့ အခုနေနေရတာ မတူဘူးဆိုတော့ အဖမ်းခံရရင်ဆိုတဲ့စိတ်နဲ့ စိုးရိမ်စိတ်ကတော့ ရှိတာပေါ့။
 
မေး – အထောက်အထား ရောရှိလား။ လက်ရှိ ဘာအလုပ်လုပ်တွေ လုပ်ကိုင်နေလဲ။ အစစ်အဆေးများတော့ အလုပ်လုပ်ရတာရော အဆင်ပြေလား။
 
ဖြေ – ဘတ်ရပြီး။ အလုပ်တော့မရသေးဘူး။
 
မေး – အခုတလော မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အကြောင်းပြချက်ပေါင်းစုံနဲ့ ထိုင်းအာဏာပိုင်တွေက ဖမ်းလာတယ်။ ဒီအပေါ်မှာ အလုပ်လုပ်ရတာနဲ့ နေနေထိုင်ရတာ ဘယ်လို အခက်အခဲတွေဖြစ်စေလဲ။
 
ဖြေ – အလုပ်မရလို့ ခက်ခဲတဲ့ကြားထဲက မြန်မာနိုင်ငံသားတွေဆိုရင် မခန့်တော့ဘူး အလုပ်ရှုပ်တယ်လို့ ထိုင်းလူမျိုးတွေက မြင်လာတဲ့ကာလဆိုတော့ အလုပ်ရဖို့ခက်ခဲတဲ့ကိစ္စရှိမယ်။ နောက်တစ်ခုက အိမ်ငှား ဘယ်သူမှမငှားချင်ကြတော့ဘူး။ ငှားနေတဲ့အိမ်မှာဆိုလည်း ကိုယ့်ပိုက်ဆံနဲ့ကိုယ်ငှားနေတာတောင် စိတ်ကမလုံခြုံတော့ဘူး။ အတိုင်ခံရနိုင်တယ်ဆိုတဲ့စိတ်ကရှိနေတာကိုး။
 
 မေး – အခုထိုင်းအစိုးရ ကဖမ်းဆီးပြီးရင် မြန်မာနိုင်ငံကို ပြန်ပို့ တဲ့ အခါ စစ်ကောင်စီ က အဓမ္မစစ်မှုထမ်းခိုင်းတွေ လုပ်နေတယ်ပေါ့။ အဲဒါနဲ့ပတ်သက်ပြီး ဘဝတူ အလုပ်သမားတွေ ကြား ဘာတွေစိုးရိမ်နေကြလဲ။
 
ဖြေ – လူတိုင်းကတော့ တအားကြောက်နေကြတာပေါ့။ ဘာလို့ဆို ဖမ်းခံရပြီး မြန်မာပြည်ပို့ခံရရင် လုံးဝငရဲတွင်းပဲလေ။ စစ်မှုထမ်းခိုင်းဖို့အတွက် ပြန်ပို့နေရတာဆိုတော့ အဖမ်းမခံရအောင်ပဲ သတိထားပြီး သတိကြီးကြီးနဲ့နေနေရတာပေါ့။
 
မေး – တချို့ ထိုင်းစက်ရုံမှာ မြန်မာသံရုံးက စွက်ဖက်ပြီး အလုပ်သမားစာချုပ်တွေမှာ စစ်မှုထမ်းဆင့် ခေါ်ရင်ပြန်ရမယ် ဆိုတာမျိုးပါတယ် အဲ့လိုလုပ်နေတာရော သိလား။
 
ဖြေ – သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ် တခြားသိထားတာတော့ မရှိဘူး။
 
မေး – လက်ရှိထိုင်းမှာ ပြဿနာတစုံတရာပေါ်လာရင် အကူအညီတောင်းလို့ရတဲ့အဖွဲ့အစည်းတွေကော ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်မှာရှိလား။
 
ဖြေ – မဲဆောက်ဘက်မှာက အဖွဲ့သေးသေးလေးတွေတော့ရှိတယ်။ အဓိကက တော်လှန်ရေးသမားတွေကို ကူတဲ့အဖွဲ့တွေများတယ်။ အလုပ်သမားအရေးဖိဖိစီးစီးလုပ်နေတာမျိုးတော့ သိပ်မတွေ့ရဘူး။
 
မေး – ထိုင်းရောက်မြန်မာတွေဖမ်းဆီးခံနေရတာနဲ့ပတ်သက်ပြီး ထိုင်းမှာလက်ရှိနေထိုင်သူတွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို ဘာပြောချင်လဲ။
 
ဖြေ – ဘာမှမပြောချင်တော့ပါဘူး။ ပြောလည်းထူးလာမှာမှမဟုတ်တာ။

မဟာချိုင်ရောက် ဆင်ထိုးကြီးဒေသခံ LGBT တစ်ဦး


 
မေး –  လက်ရှိ ထိုင်းနိုင်ငံမှာ အဖမ်းအဆီး များနေတော့ ဘယ်လိုနေထိုင်နေရလဲ။ ဘယ်လိုစိုးရိမ်စိတ်တွေရှိနေလဲ။
 
ဖြေ – အထောက်အထားလည်းမရှိတော့ အရမ်းပင်ပန်းနေတယ်။ အခုအလုပ်ထွက်ရှာရင်တောင် အလုပ်ခေါ်စာမရှာနိုင်ဘူး။ လမ်းတလျှောက် ပလိပ်တွေကိုပဲ လိုက်ကြည့်နေရတယ်။ ပြီးတော့ ကိုယ်က တော်လှန်ရေးကိစ္စကြောင့် ဒီဘက်ရောက်လာတာဆိုတော့ ရိုးရိုးရွှေ့ပြောင်းလုပ်သားတွေထက်စာရင် ပိုစိတ်ပူရတယ်။ အဖမ်းခံရရင် ငွေလည်းမကယ်နိုင်၊ လူလည်းမကယ်နိုင် စစ်မှုထမ်းထဲရောက်သွားရင်လည်း ကိုယ့်အကြောင်းသိနေရင် နှိပ်စက်မလား သတ်ဖြတ်ခံရမလား ဒါတွေစိုးရိမ်နေရတာပေါ့။
 
မေး – အထောက်အထားရောရှိလား။ လက်ရှိ ဘာအလုပ်လုပ်တွေ လုပ်ကိုင်နေလဲ။ အစစ်အဆေးများတော့ အလုပ်လုပ်ရတာရော အဆင်ပြေလား။
 
ဖြေ – ဘတ်မရှိဘူး။ အရင်က ဆံပင်ညှပ်ဆိုင်မှာလုပ်တော့ သူဌေးက အထောက်အထားနဲ့ပတ်သက်တာစိတ်မပူနဲ့ သူအားလုံးလုပ်ပေးမယ်ပြောတယ်။ အချိန်ရရင် ငှားသမားလည်းရှိတယ်ဆိုရင် မိတ်ကပ်လိုက်ပြင်တယ်။ အခုကတော့ ဆံပင်ညှပ်ဆိုင်က အလုပ်ထုတ်လိုက်တယ်။ ဘတ်လည်းမရှိဘူး နှစ်ပတ်လောက်ပဲရှိအုံးမယ်။ အခုတော့ အလုပ်အသစ်ရှာနေရတာပေါ့။
 
မေး – အခုတလော မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အကြောင်းပြချက်ပေါင်းစုံနဲ့ ထိုင်းအာဏာပိုင်တွေက ဖမ်းလာတယ်။ ဒီအပေါ်မှာ အလုပ်လုပ်ရတာနဲ့ နေနေထိုင်ရတာ ဘယ်လို အခက်အခဲတွေဖြစ်စေလဲ။
 
ဖြေ – အရမ်းကိုခက်ခဲတယ်ကွယ်။ ဖမ်းဆီးများနေတဲ့အချိန်မှာ ရမယ်ပြောထားတဲ့ အထောက်အထားကလည်း မရ အလုပ်ကလည်းပြုတ်ဆိုတော့။
 
မေး – အခုထိုင်းအစိုးရ ကဖမ်းဆီးပြီးရင် မြန်မာနိုင်ငံကို ပြန်ပို့ တဲ့ အခါ စစ်ကောင်စီ က အဓမ္မစစ်မှုထမ်းခိုင်းတွေ လုပ်နေတယ်ပေါ့ အဲဒါနဲ့ပတ်သက်ပြီး ဘဝတူ အလုပ်သမားတွေ ကြား ဘာတွေစိုးရိမ်နေကြလဲ။
 
ဖြေ – အဓိကက အဖမ်းမခံရဖို့အရေး။ တချို့ဆို ဒီဘက်ထွက်လာတာ အကြွေးတောင်မကြေကြသေးဘူးလေ။ အကြွေးကြေဖို့လည်း လုပ်ရမယ် အဖမ်းမခံရအောင်လည်း နေရမယ်။ စိတ်ပူစရာတွေကတော့အများကြီးပဲပေါ့။
 
မေး – လက်ရှိထိုင်းမှာ ပြဿနာတစုံတရာပေါ်လာရင် အကူအညီတောင်းလို့ရတဲ့အဖွဲ့အစည်းတွေကော ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်မှာရှိလား။
 
ဖြေ – AAC ကိုရဲမင်းတို့တော့ရှိတယ်။ ဒါပေမယ့် သူတို့လည်း အကျိုးအမြတ်လုံးလုံးမယူတဲ့အဖွဲ့တွေတော့မဟုတ်ဘူးလို့ သိထားရတယ်။ တစ်ခါမှတော့ အကူအညီမတောင်းဖူးဘူး။
 
မေး – ထိုင်းရောက်မြန်မာတွေဖမ်းဆီးခံနေရတာနဲ့ပတ်သက်ပြီး ထိုင်းမှာလက်ရှိနေထိုင်သူတွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို ဘာပြောချင်လဲ။
 
ဖြေ – မြန်မာတွေက နဂိုကတည်းက ဒုက္ခရောက်ပြီး ရောက်လာတဲ့ဒုက္ခသည်တွေပါ။ ဒီထက်ဆိုးတဲ့ ငရဲတွင်းကိုတော့ တွန်းမပို့ကြဖို့၊ စီမံကိန်းနဲ့ လက်ခံထားပေးဖို့ ထိုင်းအစိုးရကိုတောင်းဆိုချင်ပါတယ်။ မြန်မာဘက်မှာတော့ ဘယ်အစိုးရက အစိုးရဖြစ်နေမှန်းမသိတာရယ် စိတ်ကုန်လို့ရယ် မပြောတော့ပါဘူး။


  ရနောင်းက ငါးသေတ္တာရုံ က သရက်ချောင်းဒေသခံအမျိုးသား


 
မေး –  လက်ရှိ ထိုင်းနိုင်ငံမှာ အဖမ်းအဆီး များနေတော့ ဘယ်လိုနေထိုင်နေရလဲ။ ဘယ်လိုစိုးရိမ်စိတ်တွေရှိနေလဲ။
 
ဖြေ – ထိုင်းရောက်တာ နှစ်နှစ်ကျော်သုံးနှစ်ပြည့်တော့မယ် အခုလို ဆိုးရွားမျိုးမကြုံဖူးဘူး။ ဒီကာလတစ်ခုကတော့ အဆိုးဆုံးပဲ။ လုပ်အားခတွေလည်း အပြည့်မရဘူး ဒီကြားထဲရွာမှာနေတုန်းကလိုမျိုးပဲ တစ်ရက်မှစိတ်အေးရတဲ့ ရက်မရှိဘူး။ ရွာမှာပဲ ပြန်နေလိုက်ချင်တော့တယ်။
 
မေး – အထောက်အထား ရောရှိလား။ လက်ရှိ ဘာအလုပ်လုပ်တွေ လုပ်ကိုင်နေလဲ။ အစစ်အဆေးများတော့ အလုပ်လုပ်ရတာရော အဆင်ပြေလား။
 
ဖြေ – ဘတ်ရှိတယ်။ ငါးသေတ္တာရုံမှာလုပ်နေတယ်။ အလုပ်မှာက ဘတ်ရှိတဲ့သူလည်းရှိတယ် မရှိတဲ့သူလည်းရှိတော့ ဝင်လာစစ်ရင် သိမ်းကျုံးပါသွားမှာစိုးရိမ်နေရတာပေါ့။ တခြားနေရာတွေမှာလည်း အဲလိုပါနေတယ်ကြားတယ် တိကျတော့မသိဘူး။
 
မေး – အခုတလော မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အကြောင်းပြချက်ပေါင်းစုံနဲ့ ထိုင်းအာဏာပိုင်တွေက ဖမ်းလာတယ်။ ဒီအပေါ်မှာ အလုပ်လုပ်ရတာနဲ့ နေနေထိုင်ရတာ ဘယ်လို အခက်အခဲတွေဖြစ်စေလဲ။
 
ဖြေ – ထိုင်းတွေနဲ့ အဆင်ပြေအောင်ပေါင်းရတယ်။ ကိုယ်မမှားလည်း အမြဲအရင်တောင်းပန် တိတ်တိတ်ဆိတ်ဆိတ်နေ နဲ့ ခိုးနေနေရသလိုပဲ။ ဒီကာလမှာ လူဖြစ်ရတာ မချိတင်ကဲဖြစ်မိတယ်။
 
မေး – အခုထိုင်းအစိုးရ ကဖမ်းဆီးပြီးရင် မြန်မာနိုင်ငံကို ပြန်ပို့ တဲ့ အခါ စစ်ကောင်စီ က အဓမ္မစစ်မှုထမ်းခိုင်းတွေ လုပ်နေတယ်ပေါ့။ အဲဒါနဲ့ပတ်သက်ပြီး ဘဝတူ အလုပ်သမားတွေ ကြား ဘာတွေစိုးရိမ်နေကြလဲ။
 
ဖြေ – အဓိကက ထိုင်းပုလိပ်လက်ထဲမရောက်ဖို့ဘဲ။ အဲဒါပဲ ခေါင်းထဲရှိကြတယ်။ ငတ်ဖို့ထက် ထိုင်းပုလိပ်ဆီမှာ အဖမ်းမခံရဖို့အရေး မြန်မာပြည်ပြန်မပို့ခံရဖို့အရေးက ပထမဦးစားပေးဖြစ်နေပြီ။
 
မေး – တချို့ ထိုင်းစက်ရုံမှာ မြန်မာသံရုံးက စွက်ဖက်ပြီး အလုပ်သမားစာချုပ်တွေမှာ စစ်မှုထမ်းဆင့် ခေါ်ရင်ပြန်ရမယ် ဆိုတာမျိုးပါတယ်။ အဲလိုလုပ်နေတာရောသိလား။
 
ဖြေ – ဒါက ကြားတော့ကြားနေရတယ်။ ကောလာဟလလို့ထင်ရတာပဲ ဒီဘက်မှာတော့မရှိသေးဘူး။‌ နောက်ဆို ဒါလည်းဖြစ်လာနိုင်တာပဲ။
 
မေး – လက်ရှိထိုင်းမှာ ပြဿနာတစုံတရာပေါ်လာရင် အကူအညီတောင်းလို့ရတဲ့အဖွဲ့အစည်းတွေကော ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်မှာရှိလား။
 
ဖြေ – မရှိဘူး။ မသိတာလည်းဖြစ်နိုင်တယ်။ ဘန်ကောက်တို့ မဟာချိုင်ဘက်တွေမှာတော့ AAC၊ WAG တွေရှိတယ်ကြားတယ်။
 
မေး – ထိုင်းရောက်မြန်မာတွေဖမ်းဆီးခံနေရတာနဲ့ပတ်သက်ပြီး ထိုင်းမှာလက်ရှိနေထိုင်သူတွေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို ဘာပြောချင်လဲ။
 
ဖြေ – အွန်လိုင်းအရောင်းအဝယ်လုပ်နေတဲ့ မြန်မာတွေ၊ ဆိုင်ဖွင့်ပြီး Marketing အလွန်အကျွံဆင်းနေတဲ့သူတွေကိုပဲ နေထိုင်တတ်အောင်နေကြဖို့ ပြောချင်တယ်။ အခုကိစ္စမှာ အဲဒီလူတွေလည်းပါတယ်။ အဲဒီကြေညာတွေကြောင့် ထိုင်းအစိုးရက ခြေရာခံရပိုလွယ်ကူတယ်။ ဖမ်းလိုက်ရင်လည်း အလုံးအရင်းပဲ။ ဒီတော့အထောက်ထားမရှိသူ မရှိသေးသူ မစုံသူ အကုန်အစစ်ခံ အဖမ်းခံကြရတယ်။ ပါကုန်တော့ တစ်ကယ်တမ်းနစ်နာတာ လက်လုပ်လက်စားတွေလေ။


 
ရနောင်းမြို့မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အကူအညီပေးနေတဲ့ အမျိုးသမီး


 
မေး – လက်ရှိ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရ က နည်းလမ်းပေါင်းစုံနဲ့ ဖမ်းနေတယ်ပေါ့။ တရားမဝင် နေထိုင်သူရော ၊ သူတို့ခွင့် မပြုတဲ့ အလုပ်တွေ လုပ်ကိုင်တဲ့သူရော ဖမ်းဆီးနေတာဆိုတော့ အဲ့ဒါ ဘာကြောင့် ဒီလိုလုပ်ဆောင်လာတယ်လို့ထင်လဲ။
 
ဖြေ – အကုန်လုံးကချိတ်ဆက်နေတာပဲ။ မြဝတီကျားဖြန့်က စလိုက်တဲ့အမှုကနေပြီး ထိုင်းအုပ်ချုပ်ရေးအထက်ပိုင်းကနေပြီး တစ်နိုင်ငံလုံးမှာရှိတဲ့ ရဲတပ်ဖွဲ့တွေကိုတိုက်ရိုက်ညွှန်ကြားပြီး အပြီးသတ်စစ်ဆေးဖမ်းဆီးတာတွေ စလုပ်လာတာပဲ။ ဖမ်းတဲ့နေရာမှာအရင်နှစ်တွေကလည်း ဘတ်အသစ်တင်တာ၊ သက်တမ်းတိုးတာတွေပိတ်ပြီဆို စစ်ဆေးရေးက ပုံမှန်ရှိနေကြပါ။
ခါတိုင်းနှစ်နဲ့မတူတာက ပိုမိုများပြားလာတဲ့အွန်လိုင်းရောင်းဝယ်ရေးတွေ တရားမဝင်ခွင့်မပြုတဲ့လုပ်ငန်းတွေကို မြန်မာတွေကိုယ်ပိုင်ဝင်ရောက်နေရာယူလာကြတာပါ။ အဲဒါကို အထက်ကိုတိုင်ကြတဲ့ ထိုင်းလူမျိုးတွေလည်း အရမ်းများပြားလာပြီး ဖမ်းဆီးမှုတွေမှာ ပိုမိုတင်းကြပ်လုပ်ဆောင်လာတာပါပဲ။
 
မေး – အဲ့လို ဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို အကူအညီပေးဖို့ ပြင်ဆင်နေတာတွေရှိလား။
 
ဖြေ – အကူအညီပေးဖို့ပြင်ဆင်နေတာတော့ ဘယ်အဖွဲ့အစည်းမှမရှိပါဘူး။ သံရုံးကတော့ပိုဆိုးပေါ့။ အဖမ်းခံရသူများလေလေ ဒီလူ‌တွေကိုပြန်ပို့ရင် စစ်ကောင်စီအတွက် စစ်မှုထမ်းဖို့ လူပိုရမယ်ဆိုတော့ ပိုကြိုက်မယ်ထင်တယ်။
 
မေး – အလုပ်သမား အကူအညီပေးတဲ့ အဖွဲ့တွေရုံးတွေကို ချိပ်ပိတ်နေတာ ဘာကြောင့်လို့ထင်လဲ။
 
ဖြေ – အလုပ်သမားအကူညီပေးရေးရုံးတွေကိုပိတ်တာကတော့ အရင်ကတည်းကလည်း ခဏခဏ ပိတ်ခိုင်းပေမဲ့ နားလည်မှုနဲ့ပြန်ပြီးဖွင့်နေကြတာပါ။ အခုကတော့စီမံချက်နဲ့ပိတ်ပြီး အဆောက်အအုံကိုပါဖြိုခိုင်းနေတာဆိုတော့ အကူညီမဲ့လို့ခိုနားနေသူတွေ အမှုရင်ဆိုင်နေရတဲ့သူတွေအတွက် အတော့ကိုဒုက္ခရောက်စေတာပါ။ ဒါတွေအပြင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေပညာရေးအတွက် အကူညီအထောက်ကူဖြစ်စေတဲ့စာသင်ကျောင်းတွေ၊ သင်ကြားရေးဆရာ၊ ဆရာမတွေကိုပါ ဖမ်းဆီးတာ ကျောင်းတွေပိတ်သိမ်းတာတွေပါ ပါသေးတာ။ တစ်နိုင်ငံလုံးအတိုင်းတာနဲ့ဆိုရင်အတော့ကိုဆိုးရွားနေတာပါ။ နိုင်ငံရေနစ်နေချိန် ထမ်းပို့မကမ်းဘဲ ဝိုင်းများနှစ်နေလေရော့သလားပါပဲ။
 
မေး – အခုလက်ရှိ အခြေအနေ က မြန်မာရွေ့ပြောင်းအလုပ်သမားတွေ အကာအကွယ်မဲ့နေတယ်လို့ ပြောလို့ရလား။ ဘယ်လိုအကူအညီတွေရဖို့ လိုအပ်လဲ။
 
ဖြေ – မြန်မာတွေအတွက်အကူအကယ်အဖြစ်သံရုံးထားထားတာ အကူမဖြစ်ဘဲ သူပါဝိုင်းထိုးနှစ်နေတဲ့ အတွက် ထိုင်းရောက်မြန်မာတွေအတွက် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးကြရမာ့်အချိန်ရောက်ပြီလို့ဆိုရမှာပါ။
 
မေး – လတ်တလော ထိုင်းရောက်မြန်မာအလုပ်သမားတွေကို အကြံပြုချင်တာ ဘာများရှိလဲ။
 
ဖြေ – ထိုင်းမှာလက်ရှိနေထိုင်သူတွေကို တော့ မိမိအထောက်အထားတွေကိုဂရုစိုက်ကြဖို့ သွားလာလည်ပတ်တာခဏရှောင်ကြဖို့ သူတို့ထိုင်းတွေအမြင်မကတ်အောင်နေတတ်ထိုင်တတ် ပြောတတ် ဆိုတတ်ဖို့ ကိုယ့်လုံခြုံရေးကိုယ်ဂရုစိုက်ကြဖို့နဲ့ မဖြစ်မနေရွေးချယ်လာရမယ်ဆိုရင်ရွေးချယ် မှုမှန်ကန်ကြစေဖို့ပဲ တိုက်တွန်းချင်ပါတယ်။


  AAC ကိုရဲမင်း (ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူ)


 
မေး – လက်ရှိ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရ က နည်းလမ်းပေါင်းစုံနဲ့ ဖမ်းနေတယ်ပေါ့။ တရားမဝင် နေထိုင်သူရော ၊ သူတို့ခွင့် မပြုတဲ့ အလုပ်တွေ လုပ်ကိုင်တဲ့သူရော ဖမ်းဆီးနေတာဆိုတော့ အဲ့ဒါ ဘာကြောင့် ဒီလိုလုပ်ဆောင်လာတယ်လို့ထင်လဲ။
 
ဖြေ – ထိုင်းရဲ့ နိုင်ငံရေး Policy နဲ့လည်း သက်ဆိုင်တာပေါ့။ ပုံမှန်ဆိုရင်တော့ ဒီလောက်မဖမ်းဘူး။  လက်ရှိကတော့ စာရွက်စာတမ်းစုံရင် မဖမ်းပါဘူး။ မြန်မာနိုင်ငံသားတွေလုပ်ခွင့်မရှိဘူးလို့ သတ်မှတ်ထားတဲ့အလုပ်တွေမှာ ဝင်လုပ်နေတဲ့သူတွေ၊ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသူတွေကိုပဲ ဖမ်းတာပါ။
 
ထိုင်းရဲချုပ်ရဲ့ ခုနစ်ရက်စီမံကိန်းမှာဆိုရင် မြန်မာပြည်သားငါးထောင်ကျော်လောက် ဖမ်းခံထားရတယ်။ သူ့နိုင်ငံရေး policy ကြောင့်လို့ပဲ ပြောလို့ရမယ်ပေါ့နော်။ အခုလိုချိန်မှာ တင်းကြပ်ဖမ်းပြီး မြန်မာပြန်ပို့နေတာကတော့ မင်းအောင်လှိုင်လက်ထဲကို အတင်းပြန်ထိုးနေတဲ့ပုံတော့ရှိတယ်။ ဘယ်လို ဆက်ဖြစ်လာမယ်တော့ မသိသေးဘူး။
 
မေး – အဲ့လို ဖမ်းခံရတဲ့ မြန်မာနိုင်ငံသားတွေကို အကူအညီပေးဖို့ ပြင်ဆင်နေတာတွေရှိလား။
 
ဖြေ – သူ့နိုင်ငံ သူ့ဥပေဒေအရပေါ့လေ။ ဘယ်သူတွေက ဘာလုပ်နေလဲတော့ မသိဘူး။ သူ့နိုင်ငံဥပဒေကိုချိုးဖောက်လို့အဖမ်းခံရရင်တော့ အကိုတို့လည်း ဘာမှလုပ်လို့မရဘူး။ ပြန်မပို့အောင် ဘယ်လိုလုပ်မလဲဆိုတာကတော့ နိုင်ငံတကာလူအခွင့်အရေးအဖွဲ့တွေ ဘယ်လိုတောင်းဆိုကြမလဲ NUGဘက်ကရော ဘယ်လိုတောင်းဆိုကြမလဲ ဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ ကိုရဲမင်းတို့ဘက်ကတော့ နီးစပ်ရာအလုပ်သမားကူညီနေသူတွေကို စုစည်းပြီးတော့ အနည်းငယ်ပြနလည်စဉ်းစားပေးဖို့ လူသာချင်းစာနာရေးတွေကို ထောက်ထားပြီး စာနာနားလည်ပေးဖို့ကို စာတမ်းပြုစုပြီးတော့ ထိုင်းအလုပ်သမား ဝန်းကြီးဌာနတွေဆီ ပို့ဖို့စီစဉ်နေပါတယ်။
 
မေး – အလုပ်သမား အကူအညီပေးတဲ့ အဖွဲ့တွေရုံးတွေကို ချိပ်ပိတ်နေတာ ဘာကြောင့်လို့ထင်လဲ။
 
ဖြေ – ထိုင်းမှာ အလုပ်သမားရေးကူညီနေတဲ့သူတွေကို ဖိအားပေးတာကတော့ မင်းအောင်လှိုင် အကြိုက်လိုက်လုပ်ပေးနေတာပေါ့။ တဖက်ကလည်း ကိုယ့်နိုင်ငံရေးအခက်အခဲကြောင့် တော်လှန်ရေးကိုကူညီတာ စစ်ရှောင်တွေကိုကူညီတာတွေရှိနေတဲ့အဖွဲ့တွေဆိုရင်ပိုဆိုးတာပေါ့။ အကိုတို့ရုံးဆိုလို့ရှိရင် တရားမဝင်လို့တဲ့။ တရားဝင်အောင်တင်ပြနေတာလည်း ၁၀ နှစ်လောက်ရှိပြီ။ အဲဒီကတည်းကမဖမ်းဘဲ အခုမှထဖမ်းတာဆိုတော့ မင်းအောင်လှိုင်အကြိုက်လိုက်လုပ်ပေးနေတာလို့ပဲ မြင်ပါတယ်။
 
မေး – အဲ့လိုဖြစ်လာတဲ့ အပြင် ထိုင်းလူထု အထူးသဖြင့် တောင်ပိုင်း နဲ့ အလယ်ပိုင်းမှာ ထိုင်းပြည် အမျိုးသားရေး သမားတွေကပါ မြန်မာတွေကို လက်မခံဖို့ တိုက်တွန်းတာတွေ ထိတောင်ကြားရတယ်ပေါ့နော်။ အဲ့ဒါတွေ နဲ့ပတ်သက်ပြီး တော့ရော ရွှေ့ပြောင်းအလုပ်သမားအရေး က ဘယ်လိုဆက်ဖြစ်မယ်ထင်လဲ။
 
ဖြေ – ထိုင်းမှာနေပြီးအနေအထိုင်မတတ်သူတွေ ကြွားလုံးထုတ်တဲ့သူတွေ ကိုယ်ဘာလုပ်လိုက်ရင် ရှေ့ဆက်ဘာဖြစ်လာမယ်ဆိုပြီးမတွေးတောတတ်တဲ့ ဦးနှောက်မရှိတဲ့သူတွေကြောင့် အခုလိုဖြစ်နေတာ။ ထိုင်းလူမျိုးတွေတောင်မှ ဆိုင်တချို့ပိတ်သိမ်းပြီး စီးပွားရေးခက်ခဲနေတဲ့အချိန်မှာ ဧည့်သည်က အိမ်ရှင် ကို ပြန်လှန်နေတဲ့ ပုံမျိုးဖြစ်နေတော့ ထိုင်းလူမျိုးတွေကလည်းတိုင်တန်းတာပေါ့။ မြန်မာတွေက အပြင်မှာရော အွန်လိုင်းမှာပါ လွန်လွန်ကျူးကျူးကိုဖြစ်နေတာ။ အဲဒီကနေမြစ်ဖျားခံလာတာပဲ။ ရွှေ့ပြောင်းအလုပ်သမားအရေးက ထူးတော့ထူးလာမယ် ဘယ်လိုထူးလာမယ်ဆိုတာတော့ ပြောရခက်ပါတယ်။
 
မေး – အခုထိုင်းအစိုးရကဖမ်းဆီးပြီးရင် မြန်မာနိုင်ငံကို ပြန်ပို့ တဲ့ အခါ စစ်ကောင်စီ က အဓမ္မစစ်မှုထမ်းခိုင်းတွေ လုပ်နေတယ်ပေါ့။ အဲ့ဒါနဲ့ပတ်သက်ပြီး ဘာများ မှတ်ချက်ပေးချင်လဲ၊ အလုပ်သမားတွေကို ဘယ်လိုအကာကွယ်ပေးနိုင်မယ်ထင်လဲ။
 
ဖြေ – ပြည်သူတွေရဲ့ မလုပ်ချင်ဘဲနဲ့ အတင်းအဓမ္မစစ်သားစုဆောင်းတဲ့ပုံစံမျိုးစုံနဲ့ စစ်သားစုဆောင်းတာပဲပေါ့။ ထိုင်းကို ဖိအားပေးပြီးတော့ ပြန်ပို့ခိုင်းတယ်။ ဒီပုံစံအတိုင်းဆက်ဖြစ်နေတယ်ဆိုရင် နောက်ပိုင်း ထိုင်းနိုင်ငံမှာ မြန်မာအုံကြွမှုတွေ ဖြစ်လာနိုင်တယ်။
 
မေး – တချို့ ထိုင်းစက်ရုံမှာ မြန်မာသံရုံးက စွက်ဖက်ပြီး အလုပ်သမားစာချုပ်တွေမှာ စစ်မှုထမ်းဆင့် ခေါ်ရင်ပြန်ရမယ်ဆိုတာမျိုးထိ လုပ်ဆောင်နေတယ်လို့ကြားရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လိုထင်လဲ။
 
ဖြေ – ဒီလိုမျိုးက နေရာတိုင်းလုပ်လာနိုင်တယ်။ အလုပ်သမားတွေလက်မခံရင်တော့ ရှေ့ဆက်လို့မရဘူး။ သေချာတာကတော့ မင်းအောင်လှိုင်ကရှေ့ဆက်မှာပဲ။ ပြင်ဆင်စရာကတော့ ဒီလိုဖြစ်လာရင်ဆိုတာ ကြိုတွေးထားပြီး စည်းလုံးထားဖို့လိုတယ်။ ပြီးတော့ ထိုင်းအာဏာပိုင်တွေကို တောင်းဆိုရမယ်။ ဒါပဲတတ်နိုင်တယ်။
 
မေး – အခုလက်ရှိ အခြေအနေ က မြန်မာရွေ့ပြောင်းအလုပ်သမားတွေ အကာအကွယ်မဲ့နေတယ်လို့ ပြောလို့ရလား။ ဘယ်လိုအကူအညီတွေရဖို့ လိုအပ်လဲ။
 
ဖြေ – မှန်မှန်ကန်ကန်နေတဲ့သူတွေ ဆိုရင်တော့ အကာအကွယ်ရနိုင်ပါတယ်။ အထောက်အထားမခိုင်လုံရင်တော့ အကာအကွယ်မဲ့မှာပါပဲ။ သူ့နိုင်ငံ သူ့ဥပဒေဆိုတော့ ပြောရတော့ ခက်ပါတယ်။
 
မေး – လတ်တလော ထိုင်းရောက်မြန်မာအလုပ်သမားတွေကို အကြံပြုချင်တာ ဘာများရှိလဲ။
 
ဖြေ – သိပ်သိပ်များများစားမစားမရှိပါဘူး။ ပုံစံပေါင်းစုံနဲ့ ဖိအားပေးလာနိုင်တာကိုတွေးထားပြီး အလုပ်သမားသမဂ္ဂဖွဲ့တွေ ဖွဲ့ထားရမယ်။ စည်းလုံးထားရမယ်။ အလုပ်သမားတစ်ရာရှိရင် တစ်ရာလုံးစည်းလုံးနေရမယ်။ အဓိကက ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ နေထားဖို့ပဲ။ အဲဒီလိုဖြစ်နေမှ တန်ပြန်တုံ့ပြန်သွားနိုင်မှာ။

The Tanintharyi Times