ကျွန်းစုမှာ ငါးဖမ်းလှေတွေကိုစစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက သေနတ်နဲ့လိုက်ပစ်

ကျွန်းစုမှာ ငါးဖမ်းလှေတွေကိုစစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက သေနတ်နဲ့လိုက်ပစ်

ပုံစာ - ရေကန်တောင်ရွာက ငါးဖမ်းလှေတချို့။

ကျွန်းစုမြို့နယ်၊ ရေကန်တောင်ရွာမှာ ထောက်ခံစာမယူလို့ဆိုပြီး ငါးဖမ်းလှေတွေကို စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက သေနတ်နဲ့လိုက်ပစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေကန်တောင်ရွာက ရေလုပ်ငန်းလုပ်ကိုင်သူတွေဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံးမှာ လှေအမျိုးအစားအလိုက် သတ်မှတ်ထားတဲ့ ငွေပမာဏအတိုင်း ပိုက်ဆံပေး၊ လက်မှတ်ထိုးပြီးမှ ထောက်ခံချက်စာရွက်ကိုယူပြီး ပင်လယ်မှာ ငါးဖမ်းခွင့်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထောက်ခံစာမလုပ်တဲ့လှေတွေ ငါးဖမ်းထွက်တဲ့အချိန် အုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့ဝင်တွေက စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက သေနတ်နဲ့လိုက်ပစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အခုနှစ်ထဲမှာ သေနတ်နဲ့ ပစ်ခံရတဲ့ လှေ ၆ စီးလောက်အထိရှိပြီး မိုးပေါ်ထောင်ခြောက်ပစ်ခံရတဲ့လှေတွေလည်းရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

“တခါပစ်လိုက်တာဆိုရင် လှေဦးမှာတောင်ထိတယ်။ လူကိုတော့ ထိအောင်မပစ်ကြဘူး။ ဒီအတိုင်းခြောက်ပစ်ပစ်တာ။လက်နက်နဲ့ အာဏာပြနေကြတာ။ သူတို့ရဲ့ အမျိုးတွေဆိုရင်ပိုက်ဆံတပြားမှပေးစရာမလိုဘူး။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီလက်အောက်ခံတွေရဲ့ ခြိမ်းခြောက်ပစ်ခတ်မှုကြောင့် လူထိခိုက်တာမျိုးမရှိသေးပေမယ့် ကျည်မှန်ပြီး လှေကိုယ်ထည်ကျည်ပေါက်တာ၊ စက်သမ္ဗာန်ဒလက်တွေပျက်စီးတာမျိုးတွေ ရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ထောက်ခံစာအတွက် ပုစွန်န်ပိုက်လှေတွေကို တစ်လ ကျပ်တစ်သောင်း၊ လေးဆင့်ပိုက်လှေတွေကို တစ်လ ကျပ်သုံးသောင်း၊ ကင်းမွန်မီးထွန်းလှေတွေကိုကျတော့ တစ်လ ကျပ်တစ်သောင်းခွဲနှုန်းနဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ပုံမှန်ပေးနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အခုလို ပိုက်ဆံတောင်းတာဟာ ရပ်ရွာရန်ပုံငွေအတွက်လို့ ခေါင်စဉ်တပ်တောင်းနေတာဖြစ်ပြီး အခုနှစ်အထိ ရပ်ရွာကောင်းကျိုးအတွက် အသုံးပြုနေတာ တစ်ခုမှမတွေ့ရသေးဘူးလို့ ရေလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။

ရေကန်တောင်ရွာမှာ အိမ်ခြေ ၈၀၀ ကျော်ရှိပြီး သုံးပုံနှစ်ပုံကရေလုပ်ငန်းလုပ်ကိုင်ကြတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။

စစ်တပ်အာဏာမသိမ်းခင်ကဆိုရင် ရေကန်တောင်ရွာခံတွေ ပင်လယ်ထွက်ငါးဖမ်းဖို့ အုပ်ချုပ်ရေးမှူးရုံးမှာ လက်မှတ်ထိုးရတာသာရှိပြီး ပိုက်ဆံပေးရတာမျိုး လုံးဝမရှိခဲ့ဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

The Tanintharyi Times