“ တစ်ပတ်တာ မြန်မာ ”

“ တစ်ပတ်တာ မြန်မာ ”

ဓါတ်ပုံ- ULF ၊ CHUPDF၊ People's Spring၊ Khaosod English

နိုင်ငံတဝှမ်းမှာ မတ်လ ၁ ရက်ကနေ ၇ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပေါ်ခဲ့တဲ့ သတင်းတွေထဲက ထူးခြားဖြစ်စဉ် ၁၂ ခုကို ကောက်နှုတ်ပြီး တနင်္သာရီတိုင်းမ်စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

ဒီတပတ်သတင်းတွေအရ ကချင်၊ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီနဲ့ စစ်ကိုင်းတိုင်းမှာ အရပ်သား သေဆုံးတာတွေလည်း မြှင့်တက်ခဲ့ပါတယ်။ ကရင်ပြည်နယ် မြဝတီက ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေကနေ တရုတ်နိုင်ငံသားတွေကို ပြန်လွှတ်တာ ထောင်ကျော် ရှိနေပါပြီ။ အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံကို ခရီးထွက်နေတာ ရှိပါတယ်။

၁။ စစ်ကောင်စီရဲ့ ရမခတိုင်းမှူးအသစ် စစ်ဆေးခံနေရ

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) တိုင်းမှူးသစ်အဖြစ်တာဝန်ယူထားတဲ့ ဗိုလ်ချုပ်မြင့်ကျော်ထွန်း၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးကြီးထွန်းနိုင်စိုး အပါအဝင် စစ်တပ်အရာရှိ လေးဦးကို နေပြည်တော်မှာ ထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေလုပ်နေတယ်လို့ ဘီဘီစီက သတင်းဖော်ပြ ပါတယ်။ စစ်ဆေးခံနေရသူတွေထဲမှာ မိုင်းရယ်စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး မြတ်မော်အောင်နဲ့ တန့်ယန်းအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းတင်တို့ ပါဝင်ပြီး ပြီးခဲ့တဲ့ တစ်ပတ်ကစပြီး စစ်ဆေးနေတာလို့အခုလ ၂ ရက်က ရေးသားထားပါတယ်။ ရမခကို ကိုးကန့်တပ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုင်းစစ်ဌာနချုပ်ကို လားရှိုးရဲ့ အရှေ့တောင်ဘက် မိုင် ၄၀ ခန့် အကွာက မိုင်းရယ်မြို့မှာ ပြန်လည်စုဖွဲ့ထားတာပါ။ တရုတ်ပြည်သူ့လုံခြုံရေးဌာနက စစ်ကောင်စီကို အမည်စာရင်းပေးတာကြောင့် စစ်ဆေးခံနေရတာဖြစ်ပြီး စစ်ဆေးခံနေရတဲ့ကိစ္စက ကျားဖြန့်ဂိုဏ်းတွေနဲ့ ဆက်စပ်တယ်လို့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ဘီဘီစီက ဖော်ပြပါတယ်။ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ရမခတိုင်းမှူးနေရာကို ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အေးမင်းဦးကို အစားထိုးခန့်ထားတယ်လို့ ဆိုပါတယ်။

၂။ BGF ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ ထိုင်း DSI က ရှေ့နေချုပ်ရုံးကို တင်သွင်း

ကရင်နယ်ခြားစောင့်တပ် (BGF)ရဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနဲ့ အဖွဲ့ဝင်တချို့ကို ထိုင်း – မြန်မာနယ်စပ်မှာဖြစ်ပွားနေတဲ့ လူကုန်ကူးခံရမှုတွေနဲ့ ဆက်စပ်ပြီး ဖမ်းဝရမ်းထုတ်ဖို့အတွက် ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က အခုလ ၃ ရက်မှာ ထိုင်းရှေ့နေချုပ်ရုံးကို တင်သွင်းခဲ့ပါတယ်။ တရားစွဲဆိုဖို့အတွက် လုံလောက်တဲ့အထောက်အထားတွေ သူတို့မှာ ရရှိထားတယ်လို့ DSI ရဲ့ လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူးလည်းဖြစ်တဲ့ ရဲမှူးကြီး ဆီရီဝတ်ဆမ်ဆွက် က ပြောကြောင်း ထိုင်းသတင်းတွေက ဖော်ပြပါတယ်။ BGF ထိပ်တန်းခေါင်းဆောင်တွေကို လူကုန်ကူးမှုသံသယနဲ့ ဖမ်းဝရမ်းထုတ်ဖို့အတွက် ပြင်ဆင်နေကြောင်း DSI က ပြီးခဲ့တဲ့ လကတည်းက ထုတ်ပြောထားတာပါ။

၃။ မြဝတီရှိ ကျားဖြန့်လုပ်ငန်းတွေက တရုတ်တစ်ထောင်ကျော် ထိုင်းကတဆင့် ပြန်ပို့ခဲ့

ကရင်ပြည်နယ် မြဝတီမြို့က ကျားဖြန့်လုပ်ငန်းတွေမှာ လုပ်ကိုင်ခဲ့တဲ့ တရုတ်နိုင်ငံသား ၁၂၁၃ ဦးကို ထိုင်းနိုင်ငံကတဆင့် တရုတ်နိုင်ငံကို ပြန်ပို့ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဌာန ပြောခွင့်ရ NikorndejBalankura ပြောကြားချက်အရ မြန်မာဘက်ကပြန်ပို့တဲ့ တရုတ်နိုင်ငံသားတွေကို ထိုင်းနိုင်ငံ မဲဆောက်လေဆိပ်ကနေ ပြန်ပို့ခဲ့တာလို့ သိရပါတယ်။ ကျန်တဲ့ ပြည်ပနိုင်ငံသား ၃၁၂၉ ဦးကိုလည်း သက်ဆိုင်ရာနိုင်ငံတွေ လွှဲပြောင်းပေးဖို့ ရှိတယ်လို့ စစ်ကောင်စီ သတင်းစာက ဖော်ပြပါတယ်။ အဲ့ဒီ နိုင်ငံခြားသားတွေထဲမှာ တရုတ်အများဆုံး ပါဝင်ပြီး ကျန်တဲ့သူတွေက အင်ဒို၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန် စတဲ့ နိုင်ငံသားတွေ ပါဝင်ပါတယ်။ စစ်ကောင်စီဖော်ပြချက်အရ ဇန်နဝါရီ ၃၀ ရက်ကနေ အခုလ ၆ ရက်အထိ မြန်မာနိုင်ငံထဲကို တရားမဝင် လာရောက်ခဲ့တဲ့ ပြည်ပနိုင်ငံသား ၄၃၄၂ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

၄။ ရိုဟင်ဂျာဒုက္ခသည်တွေကို ထောက်ပံနေတဲ့ ရိက္ခာငွေကိုWFP ထက်ဝက်လျှော့မယ်

မြန်မာနိုင်ငံကနေထွက်ပြေးရပြီး ဘင်္ဂလားဒေ့ရှ်မှာခိုလှုံနေရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တစ်သန်းအတွက် စားနပ်ရိက္ခာ ထောက်ပံ့ငွေ ခွဲတမ်းသတ်မှတ်ချက်ကို ထက်ဝက် လျှော့ချသွားတော့မယ်လို့ ကုလသမဂ္ဂရဲ့ စားနပ်ရိက္ခာ ဖြန့်ဝေရေး အေဂျင်စီ ကမ္ဘာ့စားနပ်ရိက္ခာပရိုဂရမ် (WFP)က ထုတ်ပြန်ပါတယ်။ ရန်ပုံငွေ လျော့ပါးလာမှု ပြဿနာကြောင့် ထောက်ပံ့မှုကို ဖြတ်တောက်ရတာလို့ WFP က ဆိုပါတယ်။ အခုလ ၅ ရက်နေ့က ထုတ်ပြန်တဲ့ WFP စာမှာ စာရင်းသွင်းထားတဲ့ ရိုဟင်ဂျာတွေအတွက် လစဉ် စားသောက်စရိတ် ၁၂.၅ ဒေါ်လာ ကနေဧပြီလကစပြီး တစ်ယောက် ၆ ဒေါ်လာ စီသာ ထောက်ပံ့နိုင်တော့မယ်လို့ ဖော်ပြပါတယ်။

၅။ ကျောက်ဖြူမှာ စစ်ကောင်စီတပ်ကာကင်းစခန်း လေးခုအထိ AAသိမ်းပိုက်ထား

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်ဝန်းကျင်က ကာကင်းစခန်း လေးခုကို အာရက္ခတပ်တော် (AA) က အခုလ ၃ ရက်က သိမ်းပိုက်လိုက်ပါတယ်။အဲဒီထဲက ကာကင်းစခန်း သုံးခုဟာ ရေတပ်စခန်းနဲ့ တစ်မိုင်အကွာမှာရှိတဲ့ စီမော်၊ စိုင်ခြုံ နဲ့ တခြားကာကင်းစခန်းတစ်ခုဖြစ်ပါတယ်။ နောက်ထပ် ကာကင်းတစ်ခုကတော့ ကျောက်ဖြူ- ရန်ကုန် လမ်းပေါ်မှာရှိတဲ့ အမှတ်(၃၂) ရဲတပ်ရင်းရဲ့ ကာကင်းစခန်း တွေလို့ ဆိုပါတယ်။ အဲ့ဒီကာကင်းစခန်းနေရာတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ နောက်ဆုံးပတ်လောက်ကစပြီး ထိုးစစ်ဆင်နေတာလို့ သတင်းဌာနတွေက ဖော်ပြပါတယ်။

၆။ စစ်ကောင်စီ ထိုးစစ်ကြောင့် လီဒိုလမ်းအနီးက KIA စခန်းတစ်ခု ဖယ်ပေးခဲ့ရ

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ရှိ KIA တပ်စွဲရာနေရာ တစ်နေရာကို စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့လို့ လက်လွှတ်ခဲ့ရကြောင်း People’s Spring က သတင်းဖော်ပြပါတယ်။ စစ်ကောင်စီတပ်နဲ့ မင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းတပ်က တနိုင်း – လီဒိုလမ်း ရှဒူးဇွပ်ရွာအနီး ၀ခါးရွှေမှော်ရှိ KIA တပ်နေရာကို ထိုးစစ်ဆင်ခဲ့တာလို့ ဆိုပါတယ်။ စခန်းလက်လွှတ်လိုက်ရတဲ့ နေရာက KIA တပ်မဟာ(၂) တပ်ရင်း(၁၄)နယ်မြေဖြစ်တယ်လို့ သိရပါတယ်။

၇။ ချောင်းဦး – မြင်းမူလမ်းပိုင်း တိုက်ပွဲမှာ စစ်ကောင်စီတပ်သား၂၃ဦးသေဆုံး၊ သေနတ်၂၀ လက် ရရှိ

ချောင်းဦး – မြင်းမူလမ်းပိုင်းမှာ ကားနှစ်စီးပါစစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကွယ်ရေးပူးပေါင်းတပ်တွေက အခုလ ၄ ရက်က တိုက်ခိုက်ရာ စစ်ကောင်စီဘက်က ၂၃ဦး သေဆုံးပြီး သေနတ်၂၀ လက်သိမ်းဆည်းနိူင်ကာ ကားနှစ်စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(လက်ရုံးတပ်) ULF စစ်ကြောင်းက ထုတ်ပြန်စာအရ မုံရွာမြို့တွင်းကနေ ထွက်လာတဲ့ စစ်တပ်ကားနှစ်စီးဟာ ချောင်းဦးမြို့ကို ဖြတ်ပြီး မြင်းမူဘက်သို့ ဦးတည်ထွက်ခွာစဉ် PDFတွေက စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ အဆိုပါ တိုက်ပွဲကို ချောင်းဦးမြို့ပေါ်ရှိ စစ်ကောင်စီ အထိုင်စခန်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ကူပေးခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါ တိုက်ခိုက်မှုကို ULF စစ်ကြောင်း၊ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF၊ B21PDF ယင်းမာပင်ခရိုင် တပ်ရင်း ၁၇၊ ရတနာပုံ၊ Chindwin Brother၊ Bandula Defense Force (ဘုတလင်)၊ Three Brothers Force (ကနီ)၊ Special Force 11 ၊ Immortal Guerrilla Force ၊ Sagaing District Drone Team (SDDT) တို့က ပူး တွဲ မစ်ရှင်ဆောင်ရွက်ခဲ့ ကြောင်း ULF ကထုတ်ပြန်ပါတယ်။ တိုက်ပွဲမှာ တော်လှန် ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့ပါတယ်။

၈။ မုံရွာ-မန္တလေးလမ်းက တိုက်ပွဲကြားပိတ်မိခဲ့တဲ့ ခရီးသည်သုံးဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်က တိုက်ပွဲမှာပိတ်မိခဲ့တဲ့ ခရီးသည် တွေအနက် သုံး နှစ်အရွယ်ကလေးတစ်ဦးနဲ့ မိခင်အပါအဝင် သုံးဦး သေဆုံးခဲ့တယ်လို့ People’s Spring က ဖော်ပြပါတယ်။ သေဆုံးသူတွေက ခရီးသည်တင်ယာဥ်ပေါ်ပါလာတဲ့ အသက် ၂၇ အရွယ် အမျိုးသမီးနဲ့ သူရဲ့ သုံးနှစ်အရွယ်သမီးငယ်တစ်ဦး၊ အခြားခရီးသည် အမျိုးသမီးတစ်ဦးတို့ ဖြစ်ပါတယ်။ အခုလ ၄ ရက် ညနေပိုင်းက မုံရွာ-မန္တလေးလမ်းပေါ်၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာအနီးမှာ စစ်ကောင်စီယာဥ်တန်း ဖြတ်သန်းလာချိန် ကာကွယ်ရေးအဖွဲ့ တွေက စောင့်ကြိုတိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲမှာ သေဆုံးခဲ့တာပါ။ ခရီးသည်တင်ကား တစ်စီးကို တိုက်ပွဲဖြစ် နေတဲ့ နေရာဆီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖြတ် မောင်းခိုင်းပြီး တိုက်ပွဲ နေရာ ရောက်တဲ့အခါ ဆင်း နေခဲ့ကြောင်း တိုက်ပွဲကြားပိတ်မိသွားတဲ့ ခရီးသည်တွေက စစ်ကောင်စီတပ်ရဲ့ စက်တပ် လေထီး ပေါ်ကချတဲ့ ဗုံးထိမှန်ပြီး သေဆုံးခဲ့တာလို့ ချောင်းဦးပကဖအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၉။ ရှမ်း တောင်ကနေ ကရင်နီကို ချိတ်ဆက်တဲ့ သံလွင်မြစ်ကူးတံတား တစ်စင်းကို စစ်ကောင်စီဆောက် လုပ်နေ

သံလွင်မြစ်ကိုဖြတ်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကရင်နီပြည်နယ်ကို ချိတ်ဆက်တဲ့ တံတားတစ်စင်းကို စစ်ကောင်စီကတည်ဆောက်နေကြောင်း ထိုင်းသတင်းဌာနက KhaosodEnglish က ဖော်ပြပါတယ်။ အဲ့ဒီတံတားက လန်းကာခရိုင် ဘန်းဟွာမွေကျေးရွာအနီးမှာ တည်ဆောက်နေတာလို့ သတင်းက ဖော်ပြထားပြီး ပြည်တွင်းသတင်းဌာနတွေကတော့ ရှမ်းတောင်ပိုင်း လင်းခေးကနေ ကရင်နီပြည်ရှိ ရှားတောဒေသကို ဆက်သွယ်မယ့်တံတားလို့ ‌ဖော်ပြကြပါတယ်။ ရှားတောမြို့ကို ကရင်နီတော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့ နှစ်ကတည်းက သိမ်းထားတာပါ။ ရှမ်းပြည်နယ် တောင်ပိုင်းဒေသမှာတော့ စစ်ကောင်စီလက် အောက်ခံ ဟိုမိန်းပြည်သူ့စစ်၊ SSS ပြည်သူ့စစ် အပါအဝင် ပြည်သူ့စစ်အဖွဲ့တွေ အခြေစိုက်ပါတယ်။

၁၀။ ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားနဲ့ ပူးပေါင်းဖော်ဆောင်ဖို့ သဘောတူညီမှုရ၊ နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့လည်း ရုရှားနဲ့ လက်မှတ်ထိုး

ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ ပင်မစီမံကိန်းဖြစ်တဲ့ ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီမှုရရှိခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မော်စကိုမြို့၊ Radisson Collection Hotel မှာအခုလ ၅ ရက် ပြုလုပ်တဲ့ မြန်မာ-ရုရှားစီးပွားရေးဖိုရမ်အပြီးမှာ မီဒီယာတွေကို ပြောပါတယ်။ ရေနက်ဆိပ်ကမ်းစီမံကိန်းပူးပေါင်းဖော်ဆောင်ခွင့်အတွက် နှစ်ဖက်သဘောတူညီချက်ကို အခုလ ၄ ရက်နေ့က ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ စစ်ကောင်စီခေါင်းဆောင်တို့ ရုရှားနိုင်ငံ ကရင်မလင်နန်းတော်မှာလက်မှတ်ထိုးခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အား ၁၀၀ မဂ္ဂါဝပ် ထွက်ရှိမယ့် နျူကလီးယားအသေးစား ဓာတ်အားပေးစက်ရုံကို ရုရှားနည်းပညာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း သဘောတူညီမှုရခဲ့သလို အဏုမြူနဲ့ ဓာတ်ရောင်ခြည် ဘေးအန္တရာယ်ကင်းရှင်းရေး နယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကိုလည်း လက်မှတ်ရေးထိုး ခဲ့ပါတယ်။ အခုလ ၇ ရကလ်ကည်း ရုရှားနိုင်ငံကို မြန်မာ့ပေါင်းဆန်တွေ တင်ပို့ပြီး ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေ ပြန်လည်တင်သွင်းဖို့ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ပါတယ်။

၁၁။ ဘီလာရုစ်နိုင်ငံနဲ့ စီးပွားရေးဆိုင်ရာ MOU ရှစ်ခု စစ်ကောင်စီလက်မှတ်ထိုး

စစ်ကောင်စီခေါင်းဆောင်ဟာ ရုရှားနိုင်ငံကနေ ဆက်လက်သွားရောက်ခဲ့တဲ့ ဘီလာရုစ်နိုင်ငံခရီးစဉ်အတွင်း စီးပွားရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU)ရှစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ မြန်မာနိုင်ငံ ကုန်သည်/စက်မှုအသင်းချုပ် UMFCCI နဲ့ ဘီလာရုစ် ကုန်သည်/စက်မှုအသင်း (BeICCI) အကြား ရေးထိုးခဲ့တဲ့ MOU အတွင်း မော်တော်ယာဉ်ထုတ်လုပ်ရေး၊ ထွန်စက်ထုတ်လုပ်ရေး၊ နို့နဲ့ နို့ထွက်ပစ္စည်းထုတ်လုပ်ရေး၊ ဓာတ်မြေသြဇာထုတ်လုပ်ရေး စတာတွေ ပါဝင်တယ်လို့BETV Business က သတင်းဖော်ပြပါတယ်။ ဘီလာရုစ်နိုင်ငံကနေ မြန်မာကလေးငယ်တွေအတွက် နို့မှုန့်ဖော်မြူလာ အနည်းဆုံးတန်ခ (၁၀၀၀) ထောက်ပံ့ရေးအတွက်လည်းသဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။

၁၂။ ရုရှားနိုင်ငံကို မြန်မာလုပ်မား ၂၄ ဦး စတင်စေလွှတ်

စစ်ကောင်စီခေါင်းဆောင် ရုရှားနိုင်ငံကို ရောက်ရှိနေချိန်မှာပဲ Pilot Project အနေနဲ့ မြန်မာလုပ်သား ၂၄ ဦးကို အခုလ ၅ ရက်နေ့မှာ ရုရှားကို စေလွှတ်ခဲ့ပါတယ်။ ပြည်ပအလုပ်အကိုင် အေဂျင်စီ Vista International Co.,Ltd ရဲ့ အစီအစဉ်နဲ့ ရုရှားက Joint-Stock Company ‘Inturd’ Co., Ltdထံကို စေလွှတ်ခဲ့တာဖြစ်ပြီး စတင်စေလွှတ်မယ့် ကျွမ်းကျင်လုပ်သား ၅၄ဦးထဲက ၂၄ဦးကို စတင်စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ ရုရှားနဲ့ မြန်မာက အလုပ်သမားအရေး ပူးပေါင်းဆောင်ရွက်ဖို့ နာလည်မှုသဘောတူစာချုပ် (MOU)လက်မှတ်မထိုးရသေးပါဘူး။

The Tanintharyi Times