ကံပေါက်၊ ဂန့်ဂေါ်တောင်ရွာမှာ အသုဘချခွင့်ရဖို့ အုပ်ချုပ်ရေးမှူးကိုငွေပေးနေရ

ကံပေါက်၊ ဂန့်ဂေါ်တောင်ရွာမှာ အသုဘချခွင့်ရဖို့ အုပ်ချုပ်ရေးမှူးကိုငွေပေးနေရ

ပုံစာ - ကံပေါက်ကျေးရွာအုပ်စု၊ ဂန့်ဂေါ်တောင်ရွာအဝင်လမ်းတစ်နေရာ။

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာအုပ်စု၊ ဂန့်ဂေါ်တောင်ရွာမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ပိုက်ဆံပေးပြီးမှ အသုဘချခွင့်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကိုယ်တိုင် ငွေလိုက်တောင်းနေတာဖြစ်ပြီး အနည်းဆုံး ငါးသောင်းကျပ်ကစလို့ တောင်းခံနေတာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အဲဒီလိုတောင်းတဲ့အချိန်မှာလည်း ဘာအတွက်လို့ ပြောဆိုတာမျိုးမရှိဘဲ အကြောင်းပြချက်မရှိဘဲ ငွေပေးဖို့သာပြောဆိုတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုတပတ်ထဲမှာ အဲဒီရွာက ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ကလေးမမွေးနိုင်ဘဲ အသက်ဆုံးရှုံးခဲ့ရာ ပိုက်ဆံမပေးတာကြောင့် အသုဘချခွင့်မပေးခဲ့ဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“အသုဘချဖို့သွားတာ အုပ်ချုပ်ရေးမှူးက လိုက်လာပြီး ပြောတယ်။ ပိုက်ဆံပေးပြီးပြီလားတဲ့။ တော်တော်အံ့ဩသွားတယ်။ အသုဘချဖို့ ပိုက်ဆံပေးရမယ်ဆိုတာ ဘယ်တုန်းကမှ မကြားဖူးခဲ့ဘူး။” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

သင်္ချိုင်းကို ပြုပြင်တည်ဆောက်ထားတာဟာ ရပ်ရွာမှာနေထိုင်တဲ့လူထုရဲ့ အလှူငွေတွေနဲ့ ပြုပြင်တည်ဆောက်ထားတာဖြစ်တဲ့အတွက် အများပြည်သူပိုင်ဖြစ်တာကြောင့် အခုလိုငွေကောက်တာဟာ မဖြစ်သင့်ဘူးလို့ အဲဒီအမျိုးသားက ပြောပါတယ်။

နောက်ထပ်အမျိုးသားတစ်ဦးကလည်း ငွေကောက်တာဟာ သင်္ချိုင်းပြုပြင်ထိန်းသိမ်းဖို့အတွက် သတ်မှတ်ပြီးကောက်တာဆိုရင် ကြည်ဖြူပေမယ့် အခုက အုပ်ချုပ်ရေးမှူးအိတ်ထဲထည့်နေတာဖြစ်တဲ့အတွက် လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာလည်း ဂန့်ဂေါ်တောင်ရပ်ကွက်က သင်္ချိုင်းမှာ အသုဘချနိုင်ဖို့အတွက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ရှစ်သောင်းကျပ်၊ တစ်သိန်းကျပ် စသဖြင့် ပေးခဲ့ရဖူးတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကံပေါက်ရွာမှာ ရပ်ကွက် ၁၁ ခုရှိပြီး အဲဒီရပ်ကွက်တွေထဲက ဂန့်ဂေါ်တောင်ရပ်ကွက်တစ်ခုတည်းမှာသာ အခုလို ငွေပေးနေရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဖော်ပြထားတဲ့ ငွေပမာဏနဲ့ ရပ်ကွက်ဟာ ဒေသခံတွေရဲ့ ပြောပြချက်အရ လက်လှမ်းမှီသလောက်ကောက်ယူထားတဲ့အချက်အလက်တွေသာ ဖြစ်ပါတယ်။

စစ်ကောင်စီမောရဝတီနဲ့ ဆယ်မိုင်ခန့်သာသွားရတဲ့ ကံပေါက်ရွာကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နှစ်အစကတည်းက ဆိုင်ကယ်စီးခွင့်ပိတ်ထားသလို၊ ရွာအဝင်လမ်းတွေမှာ ဂိတ်ချထားပြီး ကျေးရွာအတွင်း စားသောက်ကုန်သယ်ယူခွင့်နဲ့ ဆေးဝါးသယ်ယူခွင့်တွေကို နှုတ်အမိန့်နဲ့ မကြာခဏ ပိတ်ဆို့ခံနေရတာဖြစ်ပါတယ်။

The Tanintharyi Times