ကော့သောင်း၊ ပုလုံးတုံတုံးရွာမှာ အသုဘအခမ်းအနားပြုလုပ်ခွင့်ရဖို့ ကျပ်ငါးသိန်းနဲ့အထက်ပေးရ
ကော့သောင်း၊ ပုလုံးတုံတုံးရွာမှာ အသုဘအခမ်းအနားပြုလုပ်ခွင့်ရဖို့ ကျပ်ငါးသိန်းနဲ့အထက်ပေးရ

ကော့သောင်းမြို့နယ်၊ ပုလုံးတုံတုံးရွာမှာ အသုဘအခမ်းအနားကျင်းပခွင့်ရဖို့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးအဖွဲ့က ငွေကျပ် ငါးသိန်းနဲ့ အထက်တောင်းခံနေတယ်လို့ ရွာခံတွေရဲ့ပြောပြချက်အရသိရှိရပါတယ်။
ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က နေအိမ်မှာကွယ်လွန်တဲ့သူဆိုရင် ကျပ် ငါးသိန်းနဲ့ ဆယ်သိန်းကြားတောင်းခံနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
ပင်လယ်ပြင်မှာသေဆုံးပြီး နေအိမ်ကိုသယ်မယ့်သူဆိုရင် ထိုင်းငွေဘတ်နှစ်သောင်း၊ ဆေးရုံမှာဆုံးရင် ထိုင်းငွေ ဘတ်ငါးသောင်း စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က သတ်မှတ်ကောက်ခံနေတာလို့ ဒေသခံတွေ ဆီကသိရပါတယ်။
အခုနှစ် ဇန်နဝါရီလ လဆန်းပိုင်းကစလို့ စတင်ကောက်ခံနေတာဖြစ်ပြီး ငွေပမာဏကိုတော့ သတ်သတ်မှတ်မှတ်ကြေညာတာမျိုးမဟုတ်ဘဲ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းရဲ့ နှုတ်မိန့်နဲ့သာပြောဆိုထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ပိုက်ဆံမရှိလို့ဆိုပြီး ရှစ်သိန်းနဲ့ ညှိလို့ရသွားတယ်။ အသုဘစစချင်းသုံးသိန်း မီးသင်္ဂြိုလ်တဲ့နေ့မှာ ငါးသိန်း ပေးလိုက်ရတယ်။” လို့ အသုဘအခမ်းအနားလုပ်ခွင့်ရဖို့အတွက် ပိုက်ဆံပေးခဲ့ရတဲ့ မိသားစုနဲ့ ရင်းနှီးတဲ့ အမျိုးသားတစ်ဦး ကပြောပါတယ်။
အုပ်ချုပ်ရေးအဖွဲ့တွေက အသုဘအိမ်တွေမှာ ပိုက်ဆံလိုက်ကောက်တာမဟုတ်ဘဲ အုပ်ချုပ်ရေးမှူးအိမ်နဲ့ ရာအိမ်မှူးအိမ်တွေမှာ ပိုက်ဆံလိုက်ပေးရတယ်လို့ အဲဒီအမျိုးသားက ပြောပါတယ်။
အရင်ကဆိုရင် သုံးသိန်းဝန်းကျင်ခန့် ကူညီကြေးဆိုပြီးယူပေမယ့် နောက်ပိုင်းမှာတော့ ငွေကြေးသတ်မှတ်ပြီးကောက်ခံလာတာလို့လည်း သိရပါတယ်။
ငွေမပေးနိုင်ရင် အသုဘကျင်းပခွင့်မရဘဲ ချက်ချင်းမီးသင်္ဂြိုလ်ရမှာလို့ မြို့ခံတွေက ဆိုပါတယ်။ အခုချိန်ထိတော့ ငွေမပေးနိုင်လို့ ချက်ချင်းမီးသင်္ဂြိုလ်လိုက်ရတဲ့ အသုဘအခမ်းအနားမရှိသေးဘူးလို့ မြို့ခံတွေဆီက သိရပါတယ်။
“ပိုက်ဆံရှိတဲ့သူတွေကျ ပထမဆုံးရက်မှာတင် တောင်းသလောက်ပေးနိုင်ပေမယ့် နောက်ခံမရှိတဲ့သူတွေကျ အသုဘအိမ်အလှူခံဖလားထဲက ငွေတွေက အုပ်ချုပ်ရေးအဖွဲ့အတွက်ဖြစ်သွားတာပေါ့။”လို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကော့သောင်းမြို့က အသုဘအခမ်းအနားတွေဟာ ဆွေမျိုးအသိုင်းအဝိုင်းနဲ့ ဘာသာရေး အယူအဆတွေပေါ်မူတည်ပြီး အနည်းဆုံးသုံးရက်ကနေ အများဆုံး ခုနစ်ရက်လောက်အထိ ထားလေ့ရှိတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကော့သောင်းမြို့နယ်ထဲက တခြားရွာတွေမှာတော့ အသုဘအခမ်းအနားကျင်းပရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေဆီ ငွေကျပ်သောင်းဂဏန်းသာ လက်ဖက်ရည်ဖိုးအနေနဲ့ ပေးရတယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတဘ်။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ပုလုံတုံတုံးရွာမှာ အိမ်ခြေ ၇၁၈ ခန့်နဲ့ အိမ်ထောင်စု ၇၉၁ စုရှိပြီး အထက်တန်းကျာင်းခွဲ၊ ကျန်းမာရေးဌာနခွဲ၊ ဘုန်းကြီးကျောင်းပညာရေးတွေရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပါတယ်။
The Tanintharyi Times