မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဆွစ်ဇာလန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူ

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဆွစ်ဇာလန်က ဒဏ်ခတ်ပိတ်ဆို့အရေးယူ

Photo - PTTEP

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တယ်လို့ သိရှိရပါတယ်။

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့တခုဖြစ်တဲ့ Justice For Myanmarက MOGEကို ဆွစ်ဇလန်နိုင်ငံအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့ဖို့ ပြီးခဲ့တဲ့ မတ်လ ၇ရက်နေ့ကတောင်းဆိုခဲ့ပြီး အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာလို့ ဆိုပါတယ်။

Justice For Myanmar က ဆွစ်ဇာလန်အနေနဲ့ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုမှုတွေ အကောင်အထည်ဖော်သင့်ကြောင်း ဖက်ဒရယ်ကောင်စီအတွက် အကြံပြုဖို့ ပြင်ဆင်ထားတဲ့ စာရွက်စာတမ်း အားလုံးကို ပြသပေးဖို့ စီးပွားရေးရာ အတွင်းဝန်ရုံး (SECO) ထံ တောင်းဆိုလွှာတစ်စောင် တင်သွင်းခဲ့တယ်လို့ ဆိုပါတယ်။

MOGE အပေါ် ဆွစ်ဇာလန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဟာ မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက် စစ်ဆင်ရေးတွေအတွက် ဘဏ္ဍာငွေဖြည့်တင်းဖို့ ရေနံနဲ့သဘာဝဓါတ်ငွေ့ကဏ္ဍကဘဏ္ဍာငွေ ရှာဖွေရရှိနေနိုင်တဲ့ စစ်အုပ်စုရဲ့ ကယ်ပေါက်တစ်ခုကို ပိတ်ပင်ရာမှာ အရေးပါလှတယ်လို့ JFM က ဆိုပါတယ်။

ဒီ ဒဏ်ခတ်ပိတ်ဆို့မှုဟာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁ ရက်နေ့က MOGE အပေါ် ဥရောပသမဂ္ဂ (အီးယူ)က ဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ပြီးနောက်ပိုင်း လိုက်ပါလုပ်ဆောင်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဆွစ်ဇာလန်နိုင်ငံက သူတို့တစ်နိုင်ငံတည်းအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်တာထက် အီးယူ၊ ကုလသမဂ္ဂ၊ ဥရောပလုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OSCE) တို့က ကုန်သွယ်မှုပိတ်ပင်ရေး ဥပဒေကတဆင့် ချမှတ်တဲ့ နိုင်ငံတကာဒဏ်ခတ်ပိတ်ဆို့မှုတွေကိုသာ အကောင်အထည်ဖော်လေ့ ရှိတယ်လို့ ဆိုပါတယ်။

အခုလို စစ်အုပ်စုထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဆွစ်ဇာလန်နိုင်ငံရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ကြိုဆိုတယ်လို့ Justice For Myanmar က ဆိုပါတယ်။

ရေနံနဲ့ သဘာဝဓါတ်ငွေ့ကဏ္ဍဟာ အာဏာသိမ်းစစ်ကောင်စီအတွက် နိုင်ငံခြားငွေနဲ့ အခွန်ဝင်ငွေအများဆုံး ရှာဖွေပေးနေတဲ့ ရင်းမြစ်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို ဆွစ်ဇာလန်အနေနဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့တာကို ကြိုဆိုပြီး ကနေဒါ၊ ယူကေနဲ့ ဩစတြေးလျနိုင်ငံတွေအနေနဲ့လည်း ဆွစ်ဇာလန်နိုင်ငံရဲ့ လမ်းကြောင်းကို လိုက်ကြဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။

Connect Burma

The Tanintharyi Times