မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို အမေရိကန်ရေနံ ကုမ္ပဏီက ပစ္စည်းတွေ ရောင်းချနေ
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို အမေရိကန်ရေနံ ကုမ္ပဏီက ပစ္စည်းတွေ ရောင်းချနေ

စစ်ကောင်စီထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို အမေရိကန်နိုင်ငံ ရေနံကုမ္ပဏီတစ်ခုက ပစ္စည်းကိရိယာတွေ ဆက်လက်ရောင်းချပေးနေတယ်လို့ Justice for Myanmar က ထုတ်ပြန်ပါတယ်။
အမေရိကန် စတော့အိတ်ချိန်းစာရင်းဝင် Schlumberger ရေနံလုပ်ငန်း ဝန်ဆောင်မှုကုမ္ပဏီဟာ ၂၀၂၃ ဇွန်လနဲ့ နိုဝင်ဘာလတို့မှာ Schlumberger Vietnam Services ကတဆင့် MOGE မန်နေဂျင်းဒါရိုက်တာဆီကို ကုန်ပစ္စည်းတင်ပို့မှု နှစ်ကြိမ် ပြုလုပ်ခဲ့တယ်လို့ ကုန်သွယ်မှုအချက်အလက်တွေကို ဆန်းစစ်ရာမှာ တွေ့ရှိခဲ့တယ်လို့ JFM က ဆိုပါတယ်။
အဲဲဒီ ကုန်ပစ္စည်းတင်ပို့မှု နှစ်ကြိမ်စလုံးမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့တွင်းတွေမှာ အသုံးပြုတဲ့ ကေဗယ်ကြိုးတွေကို တိုင်းတာဖို့အတွက် လေဆာချိန်ညှိကိရိယာတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
အမေရိကန်အစိုးရဟာ ပြီးခဲ့တဲ့ ၂၀၂၃၊ အောက်တိုဘာလမှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE အပေါ် ဘဏ္ဍာရေးဝန်ဆောင်မှုဆိုင်ရာတွေကို ဒဏ်ခတ်အရေးယူမှု ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်ရေနံကုမ္ပဏီက MOGE ကို လေဆာချိန်ညှိကိရိယာတွေ ပေးပို့တာဟာ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုအပြီး နောက်ပိုင်းမှာ လုပ်ဆောင်တာကြောင့် Schlumberger ဟာ ဒဏ်ခတ်ပိတ်ဆို့မှုကို လိုက်နာဖို့ ပျက်ကွက်ခြင်းသာ ဖြစ်တယ်လို့ JFM အဖွဲ့က ထောက်ပြထားပါတယ်။
Schlumberger ရေနံလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီရဲ့ ပနားမားနိုင်ငံအခြေစိုက် ကုမ္ပဏီခွဲတခုဖြစ်တဲ့ Schlumberger Logelco ဟာ မြန်မာပြည်မှာ လုပ်ငန်းခွဲတခုရှိပြီး လက်ရှိ မှတ်ပုံတင်ထားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီမြန်မာပြည်လုပ်ငန်းခွဲကနေ ၂၀၂၁ ခုနှစ်၊ တနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၆၂ သန်းကျော် အခွန်ဝင်ငွေရရှိခဲ့တယ်လို့ Justice For Myanmar က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Justice For Myanmar ရဲ့ သတင်းအရင်းအမြစ်တွေ ထုတ်ဖော်ပြောပြချက်အရ ၂၀၂၂ ခုနှစ်အတွင်းမှာ MOGE က Schlumberger ကုမ္ပဏီဆီ ငွေပေးချေမှု အကြိမ်ရေများစွာ ပြုလုပ်ခဲ့တာကြောင့် Schlumberger တို့လို ရေနံလုပ်ငန်းဝန်ဆောင်မှုကုမ္ပဏီတွေဟာ စစ်အုပ်စုနဲ့ ကြံရာပါပတ်သက်မှု ဖြစ်စေတယ်လို့ JFM က ဝေဖန်ပါတယ်။
Schlumberger နဲ့ တခြားသော ရေနံလုပ်ငန်းဝန်ဆောင်မှု ကုမ္ပဏီတွေအနေနဲ့ လုပ်ဆောင်နေတဲ့ စီမံကိန်းတွေမှာ စစ်အုပ်စုဆီ ငွေပေးချေမှုတွေ ရပ်တန့်ပြီး မြန်မာပြည်ရှိ သူတို့လုပ်ငန်းတွေကို ရပ်တန့်ဖို့ တောင်းဆိုတယ်လို့ JFM က ပြောဆိုထားပါတယ်။
MOGE နဲ့အတူ တရားမဝင်စစ်အုပ်စုအတွက် ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာနဲ့ လေယာဉ်ရရှိနေတဲ့ အရင်းအမြစ်အားလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပေးဖို့ အမေရိကန်အစိုးရကိုလည်း Juastice For Myanmar က တောင်းဆိုထားပါတယ်။
The Tanintharyi Times