မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကို အရေးယူဒဏ်ခတ်ဖို့ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုက်တွန်း

မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကို အရေးယူဒဏ်ခတ်ဖို့ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် တိုက်တွန်း

ဓာတ်ပုံ - AI Jazeera

စစ်ကောင်စီ ဝင်ငွေရနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE အပါအဝင် စစ်ကောင်စီတာဝန်ရှိသူတွေကို ပိုပြီး အရေးယူ ဒဏ်ခတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်မှာ မနေ့က ပြုလုပ်တဲ့ လူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ကြားနာပွဲမှာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်က တိုက်တွန်းပြောဆိုလိုက်တာပါ။

“ အမေရိကန်နိုင်ငံအနေနဲ့ ဥရောပသမဂ္ဂနဲ့ ပူးပေါင်းပြီး မြန်မာစစ်တပ်ရဲ့ ဝင်ငွေအရင်းအမြစ်တွေကို ပိတ်ဆို့အရေးယူဖို့၊ မြန်မာစစ်တပ်အတွက် လက်နက်နဲ့ လေယာဉ်ဆီတွေ မရရှိအောင် ဒေသတွင်းနိုင်ငံတွေနဲ့ ပူးပေါင်းဖို့ စစ်ကောင်စီရဲ့ ဝင်ငွေတွေကို ဖြတ်တောက်နိုင်ရင် မြန်မာနိုင်ငံအတွင်း သူတို့ကျူးလွန်နေတဲ့ လုပ်ရပ်တွေကို တားဆီးနိုင်မှာ ဖြစ်တယ် “ လို့ တွမ်အင်ဒရူးက အဆိုပါ ကြားနာပွဲမှာ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့နိုင်ငံကနေ သဘာဝဓာတ်ငွေ့ရောင်းချမှုဟာ တနှစ်ကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါးရရှိနေပြီး အဲဒီဝင်ငွေတွေဟာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကနေတဆင့် အာဏာသိမ်းစစ်တပ်က ရရှိနေတာ ဖြစ်တယ်လို့ Justice for Myanmar အဖွဲ့က ၂၀၂၁ ခုနှစ်မှာ ထုတ်ပြန်ထားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာတော့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ဥရောပသမဂ္ဂ EU က ပိတ်ဆို့ဒဏ်ခတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာတော့ အမေရိကန်အစိုးရကနေ မြန်မာစစ်တပ်က စစ်လက်နက်ဝယ်ယူတဲ့နေရာမှာ အသုံးပြုနေတယ်ဆိုတဲ့ စစ်ကောင်စီ လက်အောက်ခံ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် MFTB နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် MICB တို့ကို ပိတ်ဆို့အရေးယူခဲ့ပေမဲ့ MOGE ကိုတော့ အရေးယူဒဏ်ခတ်ခြင်းမရှိသေးပါဘူး။

The Tanintharyi Times