စစ်ကောင်စီ ဝင်ငွေရနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း- MOGE ကို အမေရိကန် ဒဏ်ခတ်အရေးယူ
စစ်ကောင်စီ ဝင်ငွေရနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း- MOGE ကို အမေရိကန် ဒဏ်ခတ်အရေးယူ

စစ်ကောင်စီက ဝင်ငွေရနေတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ရဲ့ တစိတ်တပိုင်းကို အမေရိကန်အစိုးရက ဒဏ်ခတ် အရေးယူလိုက်တယ်လို့ မနေ့က ကြေညာချက်ထုတ်ပါတယ်။
အမေရိကန်အနေနဲ့ MOGE ကို ဘဏ္ဍာရေးဝန်ဆောင်မှုတွေ မပေးဖို့ တားမြစ်လိုက်တဲ့ ဒဏ်ခတ်အရေးယူမှု ဖြစ်ပြီး လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့မှစတင်ကာ ချေးငွေတွေ၊ ငွေစာရင်းတွေ၊ အာမခံတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ စတဲ့ ဘဏ္ဍာရေးဝန်ဆောင်မှုတွေကို ကန့်သတ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
“ မြန်မာစစ်တပ်က အမေရိကန်ဘဏ္ဍာရေးလုပ်ငန်းတွေ အသုံးပြုလို့ မရတော့ပဲ၊ ဖိနှိပ်သတ်ဖြတ်နေတာတွေ မကျူးလွန်နိုင်တော့အောင် ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ် “ လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကြေညာချက်မှာ ပြောဆိုထားပါတယ်။
စစ်ကောင်စီ ဝင်ငွေရလမ်းကြောင်းတွေကို ပိတ်ဆို့အရေးယူနိုင်ဖို့ လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းတွေက အမေရိကန်ရဲ့ ကြေညာချက်ကို ထောက်ခံကြပြီး MOGE တစ်ခုလုံးကို အခုထက် ပိုထိရောက်ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုပြုလုပ်ဖို့ အရေးတကြီး လိုအပ်တယ်လို့ သွေးစွန်းငွေအဖွဲ့က ထုတ် ပြန် ပြောဆိုထားပါတယ်။
“ စစ်အုပ်စုရဲ့ ဘဏ္ဍာရေး အရင်းအမြစ်တစ်ခုလုံး ပြိုလဲဖို့ အမေရိကန်အစိုးရအနေနဲ့ MOGE နဲ့ အခြား ဘဏ္ဍာရေးဒေါက်တိုင်တွေကလည်း အမြန်ဆုံးအရေးယူဆောင်ရွက်ဖို့ ဆက်လက်ပြုလုပ်ပေးပါရန် မြန်မာပြည်သူတွေ ကိုယ်စားတောင်းဆိုပါတယ် “ လို့လည်း သွေးစွန်းငွေအဖွဲ့က တောင်းဆိုထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး နှစ်နှစ်အတွင်း မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍကနေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅ ဘီလီယံ ဝင်ငွေရရှိနေတယ်လို့ Blood Money Campaign သွေးစွန်းငွေအဖွဲ့ရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ထိုင်းနဲ့တရုတ်ဆီ သဘာဝဓာတ်ငွေ့တင်ပို့နေတဲ့ ပိုက်လိုင်းတွေကနေ ရင်းနှီးမြှုပ်နှံထားသူတွေ ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ သုံးနှစ်စာ အမြတ်ဝေစု ဒေါ်လာ ၁ ဒသမ ၁၁ ဘီလီယံ ရရှိခဲ့ပြီး MOGE အနေနဲ့ အမြတ်ငွေ ၁၆၈ ဒေါ်လာ ရခဲ့တယ်လို့ Myanmar Now သတင်းဌာနက ဖော်ထားပါတယ်။
မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို ဒဏ်ခတ်အရေးယူတဲ့ စာရင်းထဲ အခုလက်ရှိမှာ ထည့်သွင်းလိုက်သလို စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ် ၅ ဦးနဲ့ စီးပွါးရေးလုပ်ငန်း ၃ ခုကိုပါ ပိတ်ဆို့အရေးယူလိုက်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး၊ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး OFAC က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
လူပုဂ္ဂိုလ် ၅ ဦးကတော့ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွက်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စစ်ကောင်စီ ဝန်ကြီး ဦးချာလီသန်း၊ ဒေါက်တာ ကံဇော်၊ ဥပဒေရေးရာ ညွှန်ကြားရေမှူးချုပ် ဒေါက်တာ ဆွေဆွေအောင်၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းတို့ ဖြစ်ပါတယ်။
ဒဏ်ခတ်အရေးယူတဲ့ စာရင်းထဲမှာ ပါတဲ့ လုပ်ငန်း ၃ ခုကတော့ Sky Royal Hero ကုမ္ပဏီ၊ Suntac Technologies ကုမ္ပဏီနဲ့ Suntac International Trading ကုမ္ပဏီတို့ ဖြစ်ပြီး ဒီလုပ်ငန်းတွေဟာ ရုရှားကနေ စစ်ကောင်စီအတွက် စစ်လက်နက်တွေ တင်သွင်းပေးနေတယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကို လက်နက်တင်သွင်း ဖြန့်ဖြူးပေးနေသူနဲ့ စစ်အုပ်စုဆီ ငွေကြေးထောက်ပံ့ပေးနေသူတွေကိုလည်း ယူကေ၊ အမေရိကန်နဲ့ ကနေဒါ အစိုးရတို့ ပူးပေါင်းပြီး ဒဏ်ခတ်ပိတ်ဆို့မှု အသစ်တွေ တစ်ရက်ထဲမှာပဲ ချမှတ်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။
အင်ဒို – ပစိဖိတ်ရေးရာ ဝန်ကြီး Anne-Marie Trevelyan က “ ကျမတို့က နိုင်ငံတကာမိတ်ဖက်တွေနဲ့ လက်တွဲပြီး မြန်မာနိုင်ငံက လက်နက်တင်သွင်းဖြန့်ဖြူးပေးသူတွေနဲ့ စစ်တပ်ကို ငွေကြေးထောက်ပံ့ပေးသူတွေကို ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေနဲ့ အပြီးသတ်ပိတ်ပင်လိုက်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် စစ်အစိုးရရဲ့ အဓိကရင်းမြစ်နဲ့ ဝင်ငွေရရှိနေတဲ့လမ်းကြောင်းတွေကို အကန့်အသတ် ဖြစ်စေပြီး ရက်စက်တဲ့တိုက်ခိုက်မှုတွေကို တားဆီးနိုင်စေဖို့ ရည်ရွယ်ပါတယ် “ လို့ ပြောပါတယ်။
ယူကေ၊ အမေရိကန်နဲ့ ကနေဒါတို့ ပူးပေါင်းပြီး ဒဏ်ခတ်လိုက်တဲ့ လူပုဂ္ဂိုလ်တွေဟာ Dynasty International က ဌာနမှူး ကိုမျိုးသစ္စာ၊ ထူးကုမ္ပဏီအုပ်စုက ကိုထူးထက်တေဇနဲ့ ကိုပြည့်ဖြိုးတေဇ၊ Sky Avaitor ဒါရိုက်တာ ကိုကျော်မင်းဦး၊ Yatanarpon Aviation Service ဒါရိုက်တာ ကိုစစ်တိုင်းအောင် တို့ ဖြစ်ပါတယ်။
ဒီလူပုဂ္ဂိုလ်တွေဟာ မြန်မာနိုင်ငံထဲကို ကန့်သတ်ကုန်ပစ္စည်း တင်သွင်းတာ၊ စစ်တပ်လုံခြုံရေး တပ်ဖွဲ့တွေဆီ ငွေကြေးနဲ့ စီးပွားရေးရင်းမြစ်တွေကို ထောက်ပံ့ ပံ့ပိုးနေတာတွေ လုပ်ဆောင်ခဲ့ပြီး အရပ်သားပြည်သူတွေကို ဖိနှိပ်မှုမှာ ပါဝင်ပတ်သက်သူတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒဏ်ခတ်အရေးယူတဲ့ အထဲမှာ စစ်အုပ်စုအတွက် ရန်ပုံငွေနဲ့ ငွေကြေးရင်းမြစ် ထောက်ပံ့နေတဲ့ International Group of Entrepreneur Services ကုမ္ပဏီ IGE လည်း ပါဝင်ပါတယ်။
ဗြိတိန်အစိုးရအနေနဲ့ စစ်တပ်အာဏာသိမ်းချိန်ကစပြီး လူပုဂ္ဂိုလ် ၂၆ ဦး၊ အဖွဲ့အစည်း ၂၉ ခု၊ စစ်တပ်ရဲ့ အဓိကလုပ်ငန်းကြီး ၂ ခုနဲ့ လုပ်ငန်းခွဲ ၁၁၁ ခုကို ပိတ်ဆို့အရေးယူထားပြီဖြစ်တယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။
The Tanintharyi Times