စစ်ကောင်စီနဲ့ ဆက်နွယ်သူ ၆ ဦးနဲ့ အမှတ် ၂ သတ္တုတွင်း လုပ်ငန်းကို ဆွစ်ဇာလန် ပိတ်ဆို့အရေးယူ

စစ်ကောင်စီနဲ့ ဆက်နွယ်သူ ၆ ဦးနဲ့ အမှတ် ၂ သတ္တုတွင်း လုပ်ငန်းကို ဆွစ်ဇာလန် ပိတ်ဆို့အရေးယူ

စစ်ကောင်စီနဲ့ ဆက်စပ်သူ ၆ ဦးနဲ့ စစ်ကောင်စီ ဝင်ငွေရနေတဲ့ အမှတ် ၂ သတ္တုတွင်း လုပ်ငန်းကို ဆွစ်ဇာလန်က ပိတ်ဆို့အရေးယူလိုက်တယ်လို့ အခုလ ၄ ရက်နေ့မှာ ဆွစ်ဇာလန်နိုင်ငံက ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ စစ်ကောင်စီအဖွဲ့ဝင်ဟောင်း ဦးအောင်ကျော်မင်း၊ စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးမြင့်ကြိုင်၊ စစ်ကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ အလုပ်သမား ဝန်ကြီးဟောင်း ဒေါက်တာ ပွင့်ဆန်းနဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်မှာရှိတဲ့ အမှတ် ၂ သတ္တုတွင်းလုပ်ငန်းတို့ကို ပိတ်ဆို့အရေးယူလိုက်တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က အကူအညီဝင်ရောက်ခွင့်ပေးဖို့ တောင်းဆိုတာကို ငြင်းပယ်ခဲ့သလို စစ်ကောင်စီလက်အောက်ခံ အစိုးရဆေးရုံတွေမှာ တာဝန်မထမ်းဆောင်ကြတဲ့ ဆရာဝန်တွေကို ပုကလိဂ္ဂဆေးရုံတွေမှာ အလုပ်လုပ်ကိုင်ခွင့်မပေးဖို့ ကန့်သတ်ခဲ့တာကြောင့် ဒေါက်တာ သက်ခိုင်ဝင်းကို အရေးယူရတာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

စစ်ထောက်ချုပ် ဒုဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို စစ်ကောင်စီဝင်ငွေရနေတဲ့ တပ်ပိုင် မြန့်မာစီးပွားရေးကော်ပိုရေးရှင်း MEC မှာ လုပ်ဆောင်နေတာကြောင့် အရေးယူလိုက်တာ ဖြစ်သလို စစ်ကောင်စီက ကျူးလွန်နေတဲ့ မြန်မာပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေမှာ တစိတ်တပိုင်း ပါဝင်ပတ်သက်နေသူတွေအဖြစ် ဆွစ်ဇာလန်က ပိတ်ဆို့အရေးယူတာ ဖြစ်ကြောင်း သိရပါတယ်။

လူပုဂ္ဂိုလ် ၆ ဦး အပြင် အရေးယူလိုက်တဲ့ နိုင်ငံပိုင် အမှတ် ၂ သတ္တုတွင်းလုပ်ငန်းဟာ အရပ်သားတွေအပေါ် အကြမ်းဖက်နေတဲ့ မြန်မာစစ်တပ်ရဲ့ ပရောဂျက် အမျိုးမျိုးကို ကြီးကြပ်နေတဲ့ နေရာဖြစ်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိပါတယ်။

ဒီလူပုဂ္ဂိုလ် ၆ နဲ့ လုပ်ငန်းတစ်ခုကို ပြီးခဲ့တဲ့လက ဥရောပသမဂ္ဂ EU ကနေ ပိတ်ဆို့အရေးယူထားတာဖြစ်ပြီး လက်ရှိမှာ EU အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဆွစ်ဇာလန်က ထပ်မံ အရေးယူလိုက်တာ ဖြစ်ပါတယ်။

The Tanintharyi Times