ကျုံလောင်းတိုက်ပွဲ အလွန်
ကျုံလောင်းတိုက်ပွဲ အလွန်

၂၀၂၅ နှစ်စမှာ မွန်ပြည်နယ်အတွင်း စစ်ကောင်စီအထိနာစေခဲ့တဲ့ တိုက်ပွဲဟာ ကျုံလောင်းတိုက်ပွဲလို့ ဆိုရမှာပါ။
အချိန်တစ်ပတ်ကျော်သာ ကြာခဲ့တဲ့ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေ ဆယ်ချီပြီး အကျအဆုံးများခဲ့ကြပါတယ်။
အခုတော့ ကျုံလောင်းတိုက်ပွဲဟာ ခေတ္တငြိမ်သက်နေပါတယ်။
တိုက်ပွဲငြိမ်သက်နေတဲ့ အနေအထား၊ စစ်ရေးတင်းမာနေတဲ့ အခြေအနေအောက်မှာ စစ်ကောင်စီဘက်ကတော့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဖြိုချဖို့နဲ့ ပြည်သူတွေကို နှိပ်စက်တဲ့ လုပ်ဆောင်ချက်တွေကို အရပ်အနားမရှိ ဆောင်ရွက်နေဆဲပါ။
အခုလ ၉ ရက်ကနေ စတင်ခဲ့တဲ့ ရေးမြို့နယ်၊ ကျုံလောင်းကျေးရွာနားက တိုက်ပွဲမှာ
စစ်ကောင်စီဘက်ကဆိုရင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၁၉) က တိုက်ရိုက်ကွပ်ကဲခဲ့တာပါ။ အဲ့ဒီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း နယ်နမိတ် ထိစပ်နေတဲ့ ရေးမြို့မှာပဲ အခြေစိုက်ပြီး သူ့လက်အောက်မှာ ခြေမြန်၊ ခြေလျင်တပ်နဲ့အမြှောက်တပ်စတဲ့ တပ်ရင်း (၁၀) ရင်း ရှိပါတယ်။ ကျုံလောင်းတိုက်ပွဲမှာ အဲ့ဒီတပ်ရင်း (၁၀) ရင်းက ထုတ်နုတ်စစ်အင်အားနဲ့ စစ်ကြောင်းထိုး ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကတော့ အမှတ် – ၈ ပြည်ထောင်စုလမ်းမတလျှောက် မွန်နဲ့ တနင်္သာရီတိုင်းကြား မဟာမိတ်တပ်ပေါင်းစု ဖွဲ့ထားကြတဲ့ တပ်ရင်းတပ်ဖွဲ့အားလုံး ကျုံလောင်းတိုက်ပွဲမှာ ပါဝင်ဆင်နွှဲခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ရင်း (၁၀) ရင်းက ထုတ်နုတ်အင်အားနဲ့ မွန်-ကရင်-တနင်္သာရီ ပူးပေါင်းမဟာမိတ်တပ်တို့ရဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ဦး သေဆုံးကာ ၃၀ ဦး ထိခိုက်
ဒဏ်ရာရခဲ့ပြီး တော်လှန်ရေးတပ်ဘက်က တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မဟာမိတ်တပ်တွေဘက်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၇၀ သေဆုံးမှုကို ရဲဘော်တလနိုင်က အတည်ပြုပါတယ်။ ရဲဘော် တလနိုင်ဟာ ကျုံလောင်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ မဟာမိတ်တပ်ပေါင်းစုထဲက တပ်တစ်တပ် ဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ရဲ့ စစ်ဆင်ရေးမှူး ဖြစ်ပါတယ်။
“တကယ့်တကယ် စစ်မြေပြင်မှာ (စစ်ကောင်စီ)တပ်သားတွေက အရည်အချင်းမရှိပါဘူး၊ အရေအတွက်အရ များနေတာပါ။ သူတို့ရဲ့ အနေအထားက ပစ်ပြေးဆိုတဲ့ ပုံစံ ဖြစ်နေတာပါ။ မျက်နှာချင်းဆိုင်တာမျိုးက ခဏပဲ။ ဒါကြောင့်မို့လို့ ရန်သူဘက်က အသေအပျောက် များတာ ထိခိုက်မှုများနေတာပါ” လို့ ရဲဘော် တလနိုင်က ရှင်းပြပါတယ်။
မျက်နှာချင်းဆိုင် စစ်တိုက်ဖို့ အရည်အသွေးကျလာနေတယ်ဆိုတဲ့ စစ်ကောင်စီစစ်တပ်ဟာ တခြားဒေသတွေမှာ လုပ်ဆောင်သလိုပဲ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ကျုံလောင်းကျေးရွာတဝိုက်ကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း အသုံးပြုတိုက်ခိုက်ပါတယ်။
“သူတို့က လက်နက်ကြီးကို တနေကုန် ပစ်နေတာ ရမ်းရမ်းသမ်းသမ်း ပစ်တာ။ အခုဆို နေအိမ်တွေ ထိခိုက်တာလည်း ရှိတယ်။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့က ရွာတွေထဲမှာ နေနေတာ မဟုတ်ဘူး။ ဒါပေမယ့် စစ်ကောင်စီက လက်နက်ကြီးတွေကို ရွာထဲက နေအိမ်တွေကို ပစ်မှတ်ထားတယ်” လို့ တိုက်ပွဲရပ်တန့်နေချိန် လတ်တလော ဖြစ်နေတဲ့အခြေအနေကို ရဲဘော်တလနိုင်က ပြောပြပါတယ်။
နောက်တချက်ကတော့ ဒရုန်းအသုံးပြုပြီး မီးလောင်ဗုံးနဲ့ တိုက်ခိုက်တာပါပဲ။
“နေ့တိုင်းလိုလို လာချနေသေးတယ်။ တစ်
ရက်မှာ အနည်းဆုံး နှစ်ကြိမ်လောက်တော့ လာချတယ်” လို့ ကိုအောင်ပန်းက ပြောပါတယ်။ ကိုအောင်ပန်းက အမျိုးသားညီညွတ်ရေးအစိုးရ- NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ဒေါနတပ်ခွဲ (၄)၊ ကံပေါက်ဒရုန်းတပ်ဖွဲ့ KBDF ရဲ့ တပ်ခွဲမှူး ဖြစ်ပါတယ်။
ကျုံလောင်းတိုက်ပွဲအတွင်းမှာ ကံပေါက်ဒရုန်းတပ်ဖွဲ့ဟာ Fixedwings ဒရုန်းနဲ့ ဗုံးသီး ၁၂၇ လုံးကို ကြဲချတိုက်ခိုက်နိုင်ခဲ့ပါတယ်။
မွန်၊ တနင်္သာရီဒေသဟာ ရော်ဘာခြံ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြတဲ့ ဒေသဖြစ်ပါတယ်။
အခုရာသီကာလဟာ ရော်ဘာပင်တွေ ရွက်ဟောင်းကြွေတဲ့ ကာလလည်း ဖြစ်ပြန်ပါတယ်။
ဒီလို အခြေအနေမှာ ဓာတ်ဆီဗူးကို ပေါက်ကွဲစေတဲ့ ယမ်းနဲ့ တွဲချိတ်ကာ ဒရုန်းကနေ ကြဲချနေတဲ့ စစ်ကောင်စီရဲ့ မီးလောင်ဗုံးဆိုတာဟာ ခြံတွေ မချိန်မရွေးမီးလောင်သွားနိုင်တဲ့ အန္တရာယ်ကို လက်ယက်ခေါ်နေတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
မီးလောင်ဗုံးဟာ ရခိုင်စစ်ဒေသမှာလည်း စစ်ကောင်စီက အသုံးပြုနေကြောင်း မီဒီယာတွေ ဖော်ပြကြပါတယ်။ တောင်ပိုင်းစစ်ဒေသမှာတော့ ကရင်ပြည်နယ် အနန်းကွင်းဗျူဟာကုန်း တိုက်ပွဲနဲ့ အခု ကျုံလောင်းတိုက်ပွဲမှာ စတင် အသုံးပြုလာတာ တွေ့ရပါတယ်။
တိုက်ပွဲငြိမ်ချက်သားကောင်းနေတဲ့ အနေအထားအောက်မှာ စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးနဲ့ပစ်တာ၊ မီးလောင်ဗုံးကြဲတာမျိုးတွေ နေ့စဉ်ရက်ဆက် လုပ်ဆောင်နေသလို ရေကြောင်းကနေ တပ်သားအင်အားတွေ ထည့်ဖြည့်တာကိုလည်း တပြိုင်နက်တည်း လုပ်နေပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးမှုရှိတဲ့ မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းကနေ ယာဉ်
တန်းနဲ့ သွားလာတာတွေကို စစ်ကောင်စီဘက်က မလုပ်တော့ဘဲ ရေလမ်းကတဆင့် မော်လမြိုင်ကနေ ရေးမြောက်ပိုင်း၊ တောင်ပိုင်း အဲ့ဒီကတဆင့် တနင်္သာရီတိုင်းထဲက မောရဝတီရေတပ်ဆီကို သွားနေကြတာပါ။
ကတိုးဆိပ်တခုကနေ ပစ္စည်းထုတ်မြောက်များစွာ သယ်ဆောင်ထားတဲ့ ကားခုနှစ်စီးပါ စစ်ကောင်စီယာဉ်တန်းတခု မကြာမီရက်ပိုင်းကပဲ ရေးမြို့ဘက်ကို ထွက်သွားကြောင်း မျက်မြင် တွေ့ရှိခဲ့တဲ့ ရေးမြောက်ပိုင်းနေ အသက် ၃၅ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောပြပါတယ်။
MSRF စစ်ဆင်ရေးမှူးကလည်း မော်လမြိုင်ဘက်ကနေ ပတ်ပြီးတော့ ရေး၊ အစင်၊ ဇီးဖြူသောင်ဘက် စစ်ယာဉ်တန်းတက်သွားကြောင်းအဲ့ဒီကနေတဆင့် ခလရ(၃၁)ခေါဇာဘက် တက်သလို စကခ(၁၉)ဘက်ကိုလည်း ပြန်ပို့တာ ရှိကြောင်း ရှင်းပြပါတယ်။
“အင်အားဖြန့်ကျက်ထားတာ” လို့ MSRF စစ်ဆင်ရေးမှူးက ပြောပါတယ်။
ကံပေါက်ဒရုန်းတပ်ဖွဲ့ တပ်ခွဲမှူး ကိုအောင်ပန်းကတော့ မောရဝတီရေတပ်ရှိရာ ကံပေါက်မြို့မှာတော့ မြို့နဲ့ ၁၀ မိုင်အကွာလောက်ထိသာ စစ်ကောင်စီက တပ်ဖြန့်ရဲပြီး ခံစစ်ကို မောရဝတီထဲမှာ ပြင်ဆင်ထားပုံရတယ်လို့ ပြောပါတယ်။ မောရဝတီရေတပ်မှာ သင်္ဘော ပစ်ကူလည်း ရှိသလို လက်နက်ကြီး ပစ်ကူတွေလည်း ရှိနေတာပါ။
“တပ်ရင်းရဲ့ ပရဝဏ် ကံပေါက်မြို့လို နေရာမျိုးမှာပဲ သူတို့က အခြေချလို့ရတယ်။ ကျေးလက် နေရာတွေဆိုရင် PDF တွေ အားလုံး စိုးမိုးထားတဲ့ နေရာဖြစ်တယ်။ သူတို့တအားလည်း မထွက်ရဲဘူး။ သူတို့ခံစစ်ပြင်နေတယ်” လို့ ကိုအောင်ပန်းက ဆက်ပြောပါတယ်။
တဖက်နဲ့ တဖက်ကြား ထိုးစစ်တွေ ပြင်ဆင်ပြီး စစ်ရေးတင်းမာနေတဲ့ အခုရက်သတ္တပတ်မှာ ရေးမြို့နယ်တောင်ပိုင်းတခွင်လုံးကို စစ်ကောင်စီက ရိက္ခာသယ်ဆောင်ခွင့် ကန့်သတ်
ထားပါတယ်။
“စပါးတွေ ကားတစ်စီးစာ ဝယ်လာတယ်။ပြန်လှည့်ခိုင်းတယ်။ တံတားမပေးဖြတ်တော့ ရေးမြို့ပေါ် ဘုန်းကြီးကျောင်းမှာ ထားခဲ့လိုက်ရတယ်။ အစားအသောက်တွေ စိတ်ကြိုက် ဖြတ်သန်းယူလို့မရဘူး။ အရင်လို သယ်လို့မရတော့ဘူး” လို့ လုံခြုံရေးအရ နာမည်နဲ့ ကျေးရွာနာမည် မဖော်ပြလိုသူ ရေးတောင်ပိုင်းဒေသခံ တစ်ဦးက ပြောပါတယ်။
သူတို့ကျေးရွာဟာ ဖုန်းနဲ့ အင်တာနက်လိုင်း မရသလောက်ပြတ်တောက်နေပြီး နေအိမ်မှာတော့ ဆန်နဲ့ ဆေးဝါးတွေ ကြိုတင်ဝယ်ထားပေမယ့် ရေးမြို့ပေါ်ကို ပုံမှန်ဆေးခန်းပြနေရတဲ့ လူနာရှိနေတာကြောင့် ကျန်းမာရေးအတွက် ပူပန်မှု ရှိတယ်လို့ ဆိုပါတယ်။
“ကျနော်တို့အိမ်မှာဆို အဘွားက ကျောက်ကပ်ရောဂါသည်ဆိုတော့ ဆေးတွေ ပြတ်တောက်သွားမှာ ဆေးခန်းသွားပြလို့ မရမှာကိုတော့ စိုးရိမ်တယ်။ ရိက္ခာပြတ်မှာလည်း စိုးရိမ်တယ်” လို့ သူက ပြောပါတယ်။
တကယ်တော့ ရေးတောင်ပိုင်းတကျောလုံး ကျေးရွာဒေသခံတွေဟာ ရိက္ခာပြတ်လပ်တဲ့ ဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရပါပြီ။
ရေးမြို့ပေါ်ကို ဈေးဝယ်လာသူတွေဟာ အိမ်ထောင်စုစာရင်းစာရွက်ကိုပါ တပါတည်း ယူလာရပါတယ်။ အပြန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဲဒီ အိမ်ထောင်စု လူဦးရေနဲ့ တိုက်စစ်ပြီး တအိမ်စာအတွက် ရိက္ခာကိုသာ သယ်ဆောင်ခွင့်ပေးတာပါ။
ဒါက နေအိမ်ကနေ အိုးမကွာအိမ်မကွာ နေထိုင်လို့ရနေဆဲ ပြည်သူတွေရဲ့ အခြေအနေ ဖြစ်ပြီး ကျုံလောင်းတိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူကတော့ ထောင်ချီရှိနေပါတယ်။ စစ်ရှောင်ပြည်သူတချို့ဟာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေထဲကို ရောက်သွားကြတာ ရှိသလို အနီးအနားဝန်းကျင် ဘေးလွတ်နိုင်ချေရှိတဲ့ နေရာမှာ ဆက်လက်ခိုလှုံနေရဆဲ အခြေအနေလည်း ရှိပါတယ်။
တော်လှန်ရေးတပ်တွေဘက်ကတော့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရိက္ခာ ဆေးဝါး အကူအညီတွေ ပေးနေတာ ရှိပေမယ့် အဖက်ဖက်က ဖြတ်တောက်ခံနေရတဲ့ အခြေအနေမှာ စစ်ရှောင်တွေဟာ ခက်ခဲနေကြပါတယ်။
ဒါပေမယ့် တော်လှန်ရေး တပ်ဖွဲ့တွေကတော့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး စစ်ရေးမျှော်မှန်းချက်အရ ရေးမြို့တိုက်ပွဲဟာ အခရာကျတယ်လို့ ဆိုကြပါတယ်။
“ရေးမြို့က အရေးပါတယ်။ တကယ်လို့ ဒီဘက်ကို ကျနော်တို့ ဖြတ်နိုင်ရင် မြန်မာပြည် မြေပုံထဲက အောက်ပိုင်းခြေထောက်ကို ဖြတ်
နိုင်သွားမှာပေါ့။ မွန်၊ တနင်္သာရီ ကမ်းရိုးတန်းဒေသတလျှောက်ပေါ့နော်။ စကစကလည်း အဲအတွက် ရေးမြို့ကို ကာကွယ်တာပေါ့” လို့ ရဲဘော် တလနိုင်က သုံးသပ်ပါတယ်။
ကံပေါက်ဒရုန်းတပ်ဖွဲ့ တပ်ခွဲမှူး ကိုအောင်ပန်းကတော့ ၂၀၂၅ နှစ်သစ်ဟာ Local ပဲ ဖြစ်ဖြစ်၊ PDF ပဲ ဖြစ်ဖြစ်၊ ပကဖပဲ ဖြစ်ဖြစ်၊ တကယ်ပူးပေါင်းချင်စိတ်နဲ့ အားကောင်းတဲ့ မဟာမိတ်တွေ ဖြစ်လာတာကြောင့်သာ လေကြောင်း၊ ရေကြောင်း အန္တရာယ်ကြားကနေ အခုလို အလုပ်လုပ်နေနိုင်တာ ဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ထွက်လာပြီးနောက် မွန်-တနင်္သာရီ မဟာမိတ်တပ်ပေါင်းစုမှာ ထက်တိုးလာတဲ့ တော်လှန်ရေးရဲဘော် လူဦးရေ၊ အဲဒီတပ်ဖွဲ့ဝင်တွေ မြေပြင်စစ်ဆင်ရေးတွေမှာ အဆင်သင့် ပါဝင်လာနိုင်တဲ့ အနေအထား၊ လူမျိုးမတူ ဒေသအခြေပြု မတူညီသူတွေကြား ပူးပေါင်းထားကြတာကြောင့် နယ်မြေကျွမ်းကျင်မှု အားသာချက်တွေနဲ့အတူ စစ်ကောင်စီတပ်နဲ့ အချိန်မရွေး ထိပ်တိုက်တွေ့ဖို့ကို ပြင်ဆင်ထားတယ်လို့ တော်လှန်ရေးတပ်ဘက်က ကြွေးကြော်ထားပါတယ်။
ပြည်သူတွေကတော့ စစ်ရေးအရှိန် မြင့်လာနိုင်တဲ့ ၂၀၂၅နှစ်မှာ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စစ်ရေးအသိ စစ်ရေးသတိနဲ့အတူ ရိက္ခာတွေ ကြိုတင် စုဆောင်းထားကြဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သတိပေးထားပါတယ်။
ကွန်းဟဒေ့
The Tanintharyi Times