ရေးတံတားတိုက်ပွဲက အောင်မြင်တဲ့ တိုက်ပွဲလို့ MSRF ပြော

ရေးတံတားတိုက်ပွဲက အောင်မြင်တဲ့ တိုက်ပွဲလို့ MSRF ပြော

ဓာတ်ပုံ - မွန်ပြည် တော်လှန်ရေးတပ် MSRF

ရေး – ထားဝယ်ကားလမ်းပေါ်က တံတားကြီး (တံတားဖြူ) မှာ အခြေစိုက်ထားတဲ့ စစ် ကောင်စီတပ်စခန်းကို တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေ မနေ့က မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ပြီး လက်နက်တွေ သိမ်းဆည်းရမိခဲ့ပါတယ်။

“အောင်မြင်တဲ့ တိုက်ပွဲကြီးလို့ ပြောလို့ရတယ်။ရန်သူအလောင်းတွေလည်း ပြန့်ကျဲပြီး ကျန်နေခဲ့တယ်။” လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်စခန်းက ရေးမြို့၊ အမှတ် (၈) ပြည်ထောင်စုလမ်းမပေါ်မှာရှိတာဖြစ်ပြီး နှစ်ဖက်ပစ်ခတ်မှု ၄၅ မိနစ် လောက် အထိ ကြာမြင့်ခဲ့ကာ တော်လှန်ရေးမဟာမိတ်အင်အားစုတွေက ၆၀မမ၊ ၈၀ မမ လက်နက်ကြီးတွေ၊ စနိုက်ပါတပ်ဖွဲ့တွေနဲ့ ချေမှုန်းတိုက်ခိုက်ခဲ့တယ်လို့ MSRF က ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၁၈ ယောက် သေဆုံးပြီး လက်နက်ကြီး၊ လက်နက်ငယ်နဲ့ RPG၊ ၆၀ မမ စိန်ပြောင်းအပါအဝင် ၁၃ လက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ နိုင်နဂါးက ပြောပါတယ်။ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ အကျအဆုံးမရှိဘူးလို့လည်း သူက ဆက်ပြောပါတယ်။

MSRFရဲ့ ထုတ်ပြန်ချက်မှာတော့ အဲ့ဒီတိုက်ခိုက်မှုမှာ သူတို့တပ်ဖွဲ့ဝင်တစ်ဦးနဲ့ ABSDF က တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

တံတားကြီး တိုက်ပွဲကနေ တော်လှန်ရေးတပ်သားတွေ ဆုတ်ခွာပြီး အပြန်လမ်းမှာ ကျုံလောင်းနဲ့ ဝဲပေါင်ကျေးရွာကြား ကားလမ်းဘေးကနေ စစ်ကောင်စီ ခြေလျင်တပ်ရင်း (၁၀၆) က ချုံခိုတိုက်ခိုက်တာကြောင့် မနက် ၈ နာရီကနေ ၁၀ နာရီအထိ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါတယ်။

ချုံခိုတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီး နှစ်ယောက် အပါအဝင် ရဲဘော် ၁၂ ယောက် ဒဏ်ရာရရှိတယ်လို့ နိုင်နဂါးက ပြောပါတယ်။ မဟာမိတ်ပူးပေါင်းတပ်တွေဘက်ကလည်း ရဲဘော် ၇ ဦးဒဏ်ရာရတယ်လို့ MSRFရဲ့ ထုတ်ပြန်ချက်က အသိပေးထားပါတယ်။

ပစ်ခိုက်တိုက်ခိုက်မှုတွေမှာ ထိခိုက်၊ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ်သားအရေအတွက်ကိုတော့ တနင်္သာရီတိုင်းမ်အနေနဲ့ ထပ်မံအတည်ပြုနိုင်တာမျိုး မရှိခဲ့ပါဘူး။

MSRF ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောပြချက်အရ တံတားကြီးရှိ တပ်အခြေစိုက်စခန်းကို ပစ်ခတ်နေချိန်မှာပဲ ရေးမြို့အခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ ခြေလျင်တပ်ရင်း ခလရ (၆၁) တို့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကို မွန်ပြည် တော်လှန်ရေးတပ် MSRF ၊ ဒေါနစစ်ကြောင်း (တောင်ပိုင်းစစ်ဌာန) ၊ ရေးပြောက်ကျားတပ်ဖွဲ့ YGF နဲ့ ABSDF တပ်ရင်း ၁ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ရေး – တနင်္သာရီ အခြေစိုက် မဟာမိတ် ပူးပေါင်းတပ်က လူမျိုးအခြေပြုနဲ့ ဒေသအခြေပြု တော်လှန်ရေးတပ် ၁၀ ဖွဲ့ထက်မနည်း ပူးပေါင်းထားတာ ဖြစ်ပါတယ်။ ၎င်းတပ်ဖွဲ့တွေက ရေးအခြေစိုက် အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်မှာရှိတဲ့ ခလရ၊ ခမရ တပ်ရင်းတွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွါးနေတာပဲ ဖြစ်ပါတယ်။

The Tanintharyi Times