မောရဝတီရေတပ်စခန်းဌာနချုပ်ကို လုံခြုံရေးပေးနေတဲ့ ပျူစောထီးတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

မောရဝတီရေတပ်စခန်းဌာနချုပ်ကို လုံခြုံရေးပေးနေတဲ့ ပျူစောထီးတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်

ဓာတ်ပုံ - MSRF

တော်လှန်ရေးရဲဘော်တစ်ဦး တိုက်ပွဲအတွင်း ကျဆုံး

ရေဖြူမြို့နယ်၊ မင်းသားကျေးရွာမှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ တပ်စခန်းကို ဒီကနေ့ မနက် ၅ နာရီခွဲအချိန်မှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မွန် – တနင်္သာရီ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေက ထုတ်ပြန်ပါတယ်။

မင်းသားကျေးရွာရှိ စစ်ကောင်စီတပ်စခန်းဟာ မောရဝတီရေတပ်စခန်းဌာနချုပ်ကို လုံခြုံရေးပေးနေတဲ့ တပ်စခန်းဖြစ်ပြီး တိုက်ပွဲကြာချိန် ၂ နာရီလောက်မှာ စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးက ပြောပါတယ်။

“လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ ပျူစောထီးစခန်း၊ မောရဝတီရေတပ်စခန်းဌာနချုပ်ကို လုံခြုံရေးပေးထားတဲ့ စခန်းကို ၇ ခွဲအချိန်မှာ အပြီးအပိုင် သိမ်းဆည်းနိုင်ခဲ့တယ်၊ စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်” လို့ နိုင်နဂါးက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

စခန်းကို သိမ်းပိုက်ပြီးချိန်မှာ မောရဝတီရေတပ်စခန်းကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက်ပြန်လည်ဆုတ်ခွာခဲ့တယ်လို့သူက ဆိုပါတယ်။

မင်းသားကျေးရွာက စခန်းမှာ ပျူစောထီးနဲ့ စစ်ကောင်စီတပ်သား အင်အား ၇၀ လောက်ရှိပြီး ဒီကနေ့ တိုက်ပွဲမှာတော့ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီဘက်က ၁၀ ယောက် သေဆုံးခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက အတည်ပြုပါတယ်။

ကျန်တပ်ဖွဲ့ဝင်တွေဟာ မောရဝတီရေတပ်စခန်းဘက်ကို ဆုတ်ခွာထွက်ပြေးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ ဒေါနစစ်ကြောင်းက ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး လက်နက်ကြီးစ ထိမှန်လို့ ဒဏ်ရာ ရတဲ့ တော်လှန်ရေးတပ်သား ၂ ဦး ရှိခဲ့တယ်လို့ ဆိုပါတယ်။

မင်းသားရွာ ပျူစောထီးစခန်း စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေဟာ စစ်မှုထမ်းဖို့ အတင်းအဓမ္မလူသစ်စုဆောင်းနေလို့ ဝင်ရောက်ရှင်းလင်းခဲ့တယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီမှာလည်း ရေး-ထားဝယ် ကားလမ်းပေါ်မှာရှိတဲ့ မလွှဲတောင်စစ်ဆေးရေးဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် အရေအတွက်အတိအကျကိုတော့ အတည်မပြုနိုင်သေးပါဘူး။

မလွှဲတောင်စစ်ဆေးရေးဂိတ်ရှေ့ကို စစ်ကောင်စီဘက်က မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိ ပိတ်ချလိုက်တာကြောင့် ရန်ကုန်-ထားဝယ် အတက်အဆင်း ခရီးသည်ယာဉ်တွေ တနေ့လုံး ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ စစ်ဆင်ရေး နှစ်နေရာဖော်ဆောင်ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် YGF ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ ဒေါနတပ်ခွဲ (၃) ၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ DDT ဒေါနတပ်ခွဲ (၇) ၊ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ KBDF ၊ ဒေါနတပ်ခွဲ (၄) ၊ ဝေဟင်ဒေါနတပ်ခွဲ (၆) ၊ ရေးသိမ်းငှက်တပ်ဖွဲ့၊ Ye Defense Force YDF ၊ ABSDF ကျောင်းသားတပ်မတော် တပ်ရင်း (၁) ၊ Ye Air Force YAF ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-ထားဝယ်ခရိုင်တပ်ရင်း (၁) တို့ ပါဝင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

The Tanintharyi Times