ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တဲ့ ထားဝယ်မှာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲနဲ့ သပိတ်မျှောပွဲ စည်စည်ကားကားကျင်းပမယ်လို့ဆို

ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တဲ့ ထားဝယ်မှာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲနဲ့ သပိတ်မျှောပွဲ စည်စည်ကားကားကျင်းပမယ်လို့ဆို

ပုံစာ - ပြီးခဲ့တဲ့ ၂၀၂၂ ခုနစ်က စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေသာ ပါဝင်ဆင်နွဲခဲ့တဲ့ ထားဝယ်ရိုးရာသပိတ်မျှောပွဲကို စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဦးမြတ်ကိုတက်ရောက်ခဲ့တဲ့မြင်ကွင်း။ ဓာတ်ပုံ - စစ်ကောင်စီ ပြန်/ဆက်။

ပြီးခဲ့တဲ့နှစ်က ပေါက်ကွဲမှုနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ ထားဝယ်ရိုးရာသပိတ်မျှောပွဲနဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတွေကို အခုနှစ်မှာစည်စည်ကားကားကျင်းပဖို့ စစ်ကောင်စီဘက်က စီစဥ်နေတယ်လို့ မြိုခံတွေက ဆိုပါတယ်။

ထားဝယ်ရိုးရာသပိတ်မျှောပွဲကို လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ပြုလုပ်ဖို့ စစ်ကောင်စီဘက်က စီစဥ်နေတာဖြစ်ပါတယ်။

အဲဒီပွဲကို နှစ်စဥ်ကျင်းပနေတဲ့ ထားဝယ်ကမ်းနားလမ်းက သဲကွင်းမှာကျင်းပသွားမှာဖြစ်ပြီး စတုဒီသာအစီအစဥ်တွေနဲ့ ဇာတ်သဘင်တွေ၊ တေးဂီတအဖွဲ့တွေကနေ ညလုံးပေါက်ဖျော်ဖြေသွားမယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ကတော့ သပိတ်မျှောပွဲကျင်းပဖို့အတွက် မဏ္ဍပ်တွေ ဆောင်လုပ်နေတဲ့အချိန် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သလို ပွဲကျင်းပမယ့်နေ့မှာလည်း သပိတ်မျှောပွဲကျင်းပမယ့်‌နေရာရဲ့ မြစ်တစ်ဖက်ကမ်းမှာ ပေါက်ကွဲသံနဲ့ ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ကတော့ သဲအိတ်ဘန်ကာတွေဆောက်လုပ်တာ၊ ဆက်သွယ်ရေးလှိုင်းဖြတ်တောက်တဲ့ ဂျမ်မာ (Jammer) တွေတပ်ဆင်တာ၊ ရေကြောင်းရောကုန်းကြောင်းပါ အင်အားအများအပြားနဲ့ လုံခြုံရေးချထားတာတွေ လုပ်ဆောင်ပြီး သပိတ်မျှောပွဲကိုလုပ်ဆောင်ခဲ့တာပါ။

ထားဝယ်မြို့ခံတချို့ကတော့ အခုနှစ်မှာလည်း အလားတူအခြေအနေတွေ ရှိလာနိုင်ပြီး စစ်‌ကောင်စီတပ်သားတွေက လုံခြုံ‌‌ရေးအကြောင်းပြချက်နဲ့ ပစ်ခတ်တာဖမ်းဆီးတာတွေလုပ်လာနိုင်တာကြောင့် သွားဖို့အတွက်စိုးရိမ်စရာတွေရှိနေဆဲပဲလို့ ဆိုပါတယ်။

“ကျနော်ကတော့ မသွားမယ့်စာရင်းထဲမှာ‌ပါတယ်။ မြို့ပေါ်မှာကအခုနောက်ပိုင်း သွားသွားလာလာနဲ့ စည်စည်ကားကားပြန်ရှိလာတာတော့ ဟုတ်တယ်။ ဒါကလည်း စစ်ရှောင်လာတဲ့သူတွေနဲ့ လူဦးရေနည်းနည်းများလာလို့ပါပဲ။ ဒီလိုပွဲတွေကျတော့ အကြမ်းဖက်တွေနဲ့ နီးနီးကပ်ကပ်မနေချင်လို့မသွားတာ၊ ဒီကောင်တွေ (စစ်ကောင်စီတပ်သားတွေ)က‌ အကြမ်းဖက်တွေပဲလေ။ ဒါကိုမေ့လိုက်လို့မရဘူး” လို့ ထားဝယ်မြို့ခံ လူငယ်တစ်ဦးကပြောပါတယ်။

အခုနှစ်မှာ စည်စည်ကားကားကျင်းပမယ်ဆိုပေမဲ့ စီစဥ်ထားတဲ့အတိုင်းတော့ စည်စည်ကားကားမဖြစ်လာနိုင်ဘူးလို့လည်း သူကခန့်မှန်းပါတယ်။

အလားတူ လာမယ့် နိုဝင်ဘာလအလယ်ပိုင်းမှာလည်း ထားဝယ်ဒေသက နှစ်ကျိပ်ရှစ်ဆူရုပ်ပွားတော်တွေ ဒေသစာရီလှည့်လည်ပူဇော်တဲ့ပွဲကိုလည်း ငါးရက်တိုင်တိုင်ကျင်းပမယ်လို့ ရွှေတောင်စားစေတီတော် - ထားဝယ်ရဲ့ လူမှုကွန်ရက်မှာ ထုတ်ပြန်ထားပါတယ်။

အရင်က ထားဝယ်မြို့အတွင်းမှာ ညလုံးပေါက်လှည့်လည်အပူဇော်ခံပြီး ချိမ့်ချိမ့်သဲကျင်းပလေ့ရှိတဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ကိုဗစ်-၁၉ရောဂါ နဲ့ စစ်အာဏာသိမ်းမှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာမှ ပြန်လည်ကျင်းပခဲ့တာပါ။

အဲဒီလို ပြန်လည်ကျင်းပချိန် ညပိုင်းအစားနေ့ပိုင်းကို ပြောင်းလဲကျင်းပခဲ့တာဖြစ်ပြီး အခုနှစ်မှာလည်း မနှစ်ကအတိုင်းနေ့ပိုင်းမှာပဲ ထပ်မံကျင်းပသွားမယ်လို့ ရွှေတောင်စားစေတီတော်ရဲ့ ဂေါပကအဖွဲကဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်အပူဇော်မခံခင် နာရီပိုင်းအလိုမှာလည်း ထားဝယ်မြို့အဝင်က ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှုတွေဖြစ်ပေါ်ခဲ့ပါသေးတယ်။

အဲဒီနောက် ဘုရားလှည့်ချိန် အနယ်နယ်အရပ်ရပ်ကဘုရားဖူးတွေနဲ့စည်းကားနေတာမျိုးမရှိသလို လှည့်လည်ရာမှာလည်း ခပ်မြန်မြန်ပဲလှည့်လည်ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

အခုနှစ်မှာတော့ လာမယ့် နိုဝင်ဘာလ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ လောကမာရဇိန်ဘုရားကြီးဝင်းအတွင်း အပူဇော်ခံမှာဖြစ်ပြီး ၁၄ ရက်နေ့မှာ ထားဝယ်မြို့အတွင်းမှာ နေ့ပိုင်း လှည့်လည်အပူဇော်ခံမယ်လို့ ရွှေတောင်စားစေတီတော် - ထားဝယ်ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ ပြီးခဲ့တဲ့နှစ်က သီတင်းကျွတ်ကာလအတွင်း စစ်ကောင်စီကျင်းပတဲ့သပိတ်မျှောပွဲတော်နဲ့ တခြားပွဲလမ်းသဘင်တွေမှာ ပါဝင်ဆင်နွှဲတာတွေမလုပ်ကြဖို့ တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။

ထားဝယ်ရိုးရာ သပိတ်မျှောပွဲနဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတို့ဟာ ထားဝယ်ဒေသမှာ ထင်ရှားတဲ့ပွဲတော်တွေ ဖြစ်ပြီး ဒေသအတွင်းမှာနေထိုင်သူတွေအပြင် အနယ်နယ်အရပ်ရပ်ကဘုရားဖူးဧည့်သည်တွေလည်း အများအပြားလာ‌ရောက်ကြတဲ့ ပွဲတော်တွေလည်းဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီက ပုံမှန်အတိုင်းပြန်လည်ထိန်းချုပ်နိုင်နေတာကို ပုံဖော်ဖို့ လုပ်ဆောင်နေတယ်လို့ ယူဆပြီး ပါဝင်ဆင်နွဲတဲ့သူတွေ နည်းပါးသွားသလို့ စစ်ကောင်စီတပ်သားတွေနဲ့ နီးနီးကပ်ကပ်မရှိချင်တာကြောင့် မပါဝင်ကြတဲ့သူတွေလည်း အများအပြားရှိလာခဲ့ပါတယ်။

The Tanintharyi Times