ထားဝယ်မှာ သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်တွေ ကျင်းပဖို့ ပြင်ဆင်
ထားဝယ်မှာ သီတင်းကျွတ်၊ တန်ဆောင်တိုင်ပွဲတော်တွေ ကျင်းပဖို့ ပြင်ဆင်
ကိုဗစ်ရောဂါကာလကစပြီး သုံးနှစ်တာရပ်နားခဲ့တဲ့ ထားဝယ်တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ပွဲနဲ့ သီတင်းကျွတ် သပိတ်မျှောပွဲတွေကို ကျင်းပဖို့ ပြင်ဆင်နေပါတယ်။
သီတင်းကျွတ်လပြည့်နေ့ အရုဏ်တက်ချိန်မှာ ကျင်းပတဲ့ ထားဝယ်ရိုးရာသပိတ်မျှောပွဲအတွက် ထားဝယ်ကမ်းနားလမ်း၊ သဲကွင်းမှာ ဖျော်ဖြေရေးမဏ္ဍပ်ဆောက်လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ညမှာ ကျင်းပလေ့ရှိတဲ့ နှစ်ကျိပ်ရှစ်ဆူ လှည့်လည်ပူဇော်ပွဲကိုလည်း ဒီနှစ်မှာ ပြန်ကျင်းပမှာဖြစ်ပြီး ညဘက်အစား နေ့ဘက်လှည့်မယ်လို့ ရွှေတောင်စားစေတီတော်-ထားဝယ်ရဲ့ လူမှုကွန်ရက်စာမျက်နှာက ထုတ်ပြန်ထားပါတယ်။
ကိုဗစ်ရောဂါအခြေအနေနဲ့ စစ်အာဏာသိမ်းမှုတွေကြောင့် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ၂၀၂၀ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်တို့မှာ မကျင်းပဖြစ်ခဲ့ပေမယ့် ၂၀၂၂ ခုနှစ်မှာတော့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ပြန်လည်ကျင်းပခဲ့ပါတယ်။ ဒါပေမယ့် မြို့လှည့်အပူဇော်ခံတာမျိုးမပြုလုပ်ခဲ့ပါဘူး။
အခုနှစ်မှာမှ နေ့ဘက်မှာ မြို့လှည့်ပူဇော်ခံဖို့ စီစဥ်လာတာဖြစ်ပါတယ်။
နှစ်ကျိပ်ရှစ်ဆူဘုရားတွေကို မြို့လှည့်အပူဇော်ခံမှာနဲ့ပတ်သက်ပြီး ထောက်ခံ အားပေးကြသူတွေရှိသလို ဝေဖန်ကြသူတွေလည်း ရှိနေပါတယ်။
သုံးနှစ်ကြာမှ ပြန်လည်ကျင်းပမယ့် ဘုရားလှည့်ပွဲဖြစ်လို့ လူစည်ကားမယ်လို့ ယူဆသူတွေလည်း ရှိပါတယ်။
ထားဝယ်မြို့ခံအမျိုးသမီးတစ်ဦးကတော့ “ကျမတို့ကတော့ သွားဖို့အစီစဥ်မရှိပါဘူး။ ဒါပေမဲ့ ဘုရားပွဲဆိုတော့ လူတွေသွားကြ လာကြမယ်ထင်တယ်။ မသွားတဲ့သူကလည်း သီးသန့်ရှိမှာပေါ့လေ” လို့ ဆိုပါတယ်။
ပွဲလမ်းသဘင်တွေ ပြန်ကျင်းပဖို့ ပြင်ဆင်လာတာဟာ စစ်ကောင်စီက နယ်မြေတည်ငြိမ်အေးချမ်းနေတယ်ဆိုတာကို ပြဖို့ အတွက် ဘာသာရေးပွဲလမ်းသဘင်တွေဖန်တီးပြီး မီဒီယာစာမျက်နှာမှာ လိမ်ညာဖို့ ကြိုးစားနေဖြစ်တယ်လို့ ထားဝယ်မြို့ခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ကျနော်တို့တော်လှန်ရေးဟာ ပြည်သူတော်လှန်ရေးဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ တော်လှန်ရေးရဲဘော်တွေရဲ့မျက်နှာကိုထောက်ထားပြီး စစ်ကောင်စီကကျင်းပတဲ့ ပွဲလမ်းသဘင်တွေမှာ မပါဝင်ဖို့အရေးကြီးပါတယ်” လို့ အဲဒီ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုပါတယ်။
စစ်ကောင်စီဘက်က လူစည်ကားရာပွဲလမ်းသဘင်တွေမှာ ပြည်သူတွေထိခိုက်အောင်ပြုလုပ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို အပြစ်ဖို့တာမျိုးလုပ်တတ်တဲ့အစဥ်အလာရှိဖူးတဲ့အတွက် အဲဒီလိုမျိုးဖြစ်လာမှာကို စိုးရိမ်တယ်လို့ ထားဝယ်မြို့ခံ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆိုပါတယ်။
၂၀၂၂ ခုနှစ်က ကျင်းပခဲ့တဲ့ ထားဝယ်သပိတ်မျှောပွဲ ဖျော်ဖြေရေးမဏ္ဍပ်မှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ သပိတ်မျှောပွဲမတိုင်ခင် သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့ ညနေပိုင်းမှာ ပေါက်ကွဲခဲ့တာပါ။ ဒါပေမယ့် စစ်ကောင်စီဘက်က သပိတ်မျှောပွဲကို ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ကျင်းပခဲ့ပါတယ်။
The Tanintharyi Times
