ထားဝယ်မြို့မှာ ကိုဗစ်လက္ခဏာနဲ့နေမကောင်းဖြစ်သူများလာ
ထားဝယ်မြို့မှာ ကိုဗစ်လက္ခဏာနဲ့နေမကောင်းဖြစ်သူများလာ
ထားဝယ်မြို့မှာ ကိုဗစ်လက္ခဏာနဲ့ နေမကောင်းဖြစ်တဲ့သူများလာတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဧပြီလ နောက်ဆုံးအပတ်ကစကာ အခုလို ဖျားနာတာတွေ ခပ်စိပ်စိပ်တွေ့လာရတာဖြစ်တယ်လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။
“မစစ်လို့(ကိုဗစ်) မထွက်တာ။ စစ်ရင်တမြို့လုံးပဲ။ လူတိုင်းကကိုက်ခဲပြီးချွေးမထွက်ကြဘူးလေ။ လှုပ်ချင်စိတ်လည်းမရှိ။ ငါဆိုပထမရက်မှာ ထမင်းကိုစားမဝင်ဘူ” လို့ ကိုဗစ်လက္ခဏာနဲ့နေမကောင်းဖြစ်ခဲ့တဲ့ ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
မြို့ခံအများစုဟာ ကိုဗစ်-၁၉ ရောဂါမျိုးကွဲ အိုမီခရွန် ရောဂါဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကအထိ ကိုဗစ်ပိုးရှိမရှိ ဆေးရုံတွေမှာသွားစစ်ကြပေမဲ့ နောက်ပိုင်းမှာတော့ မစစ်ဖြစ်ကြတော့ဘူးလို့ ဆိုပါတယ်။
“နေမကောင်းဖြစ်ပြီး လက္ခဏာတွေကြည့်လိုက်ရင် ဘာဆိုတာ တန်းသိနေပြီလေ။ mask တပ်လည်းအလကားပဲ။ မတပ်တော့ဘူး။ ကိုယ့်ဟာကိုယ် အားရှိအောင်ပဲ စားပြီးနေလိုက်တယ်။ ကိုယ့်ဟာကိုယ်ပဲကုတယ်ပေါ့။” လို့ မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ကိုဗစ်ကာကွယ်ဆေးအပြည့်အဝထိုးထားတဲ့ သူတွေလည်း ကိုဗစ်ရောဂါလက္ခဏာနဲ့ ဖျားနာတာတွေဖြစ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် XB.1.16 ရဲ့ရောဂါလက္ခဏာတွေဟာ ကိုယ်ပူတာ၊ ခေါင်းကိုက်တာ၊ လည်ချောင်းနာတာ၊ နှာရည်ယိုတာ၊ ပင်ပန်းနွမ်းနယ်တာ၊ ဝမ်းလျှောတာ၊ ချောင်းဆိုးတာ စတဲ့ရောဂါ က္ခဏာတွေ ဖြစ်တယ်လို့သိရပါတယ်။
XB.1.16 ရောဂါပိုးဟာ လျင်မြန်စွာကူးစက်နိုင်ပေမဲ့ ပြင်းထန်တဲ့ဝေဒနာတော့မရရှိနိုင်ဘူးလို့ ဆိုထားပါတယ်။
ဒါကြောင့် နေမကောင်းဖြစ်တဲ့ ပြည်သူတွေအနေနဲ့ ကိုဗစ်ပိုးစစ်ဖို့ကို သိပ်ပြီးမစဥ်းစားကြတာ ဖြစ်တယ်လို့ ထားဝယ်မြို့ပေါ်က ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“စစ်လိုက်လို့ postive ထွက်ရင် သီးသန့်နေရတော့မယ်။ အခုက တအားကြီး မပြင်းထန်တော့ ပေါ့ဆကြတယ်လို့ ထင်တယ်ဗျ” လို့ သူကဆိုပါတယ်။
ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိတဲ့ သူတွေကို ထားဝယ်ပြည်သူ့ဆေးရုံကြီးမှာ သီးသန့်နေရာစီစဉ်ပြီး ဆေးကုမှုပေးနေတယ်လို့သိရပါတယ်။
တနင်္သာရီတိုင်းကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ အခုလအစ ၆ ရက်အတွင်း ထားဝယ်မြို့၊ ရေဖြူမြို့နဲ့ ဘုတ်ပြင်းမြို့တွေမှာ ကိုဗစ်လူနာတွေ ထပ်တိုးလာနေပြီး ၁၁ ဦးထိရှိနေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကလည်း ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိသူ ၂၁ ဦးအထိရှိခဲ့တာဖြစ်ပြီး ထားဝယ်မြို့မှာ ကိုဗစ်ပိုး စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
The Tanintharyi Times
