မွန်တော်လှန်ရေးတပ်တွေ စုပေါင်းပြီး ရာမညစစ်ကြောင်းကို ဖွဲ့စည်း
မွန်တော်လှန်ရေးတပ်တွေ စုပေါင်းပြီး ရာမညစစ်ကြောင်းကို ဖွဲ့စည်း
မွန်ပြည်နယ်မှာ စစ်ဆင်ရေးတွေဖော်ဆောင်ဖို့ မွန်တော်လှန်ရေးတပ်လေးဖွဲ့ပေါင်းစည်းပြီး ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းလိုက်ကြောင်း မနေ့က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့လက တစ်ခုတည်းသော မွန်တပ် ပေါ်ထွန်းရေးနဲ့ ပူးတွဲစစ်ရေး လှုပ်ရှားမှုတွေ လုပ်ဆောင်သွားမယ်လို့ မွန်တော်လှန်ရေးတပ်လေးဖွဲ့က ကြေညာချက်ထုတ်ပြန်ခဲါပါတယ်။
အဲ့ဒီနောက်ပိုင်းမှာ Change of Command တခုအောက်မှာ စစ်ဆင်ရေးတွေ ဖော်ဆောင်သွားဖို့ ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းလိုက်တာ ဖြစ်တယ်လို့ ရာမညပူးတွဲစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သီရိမွန်ချမ်းက ပြောပါတယ်။
“ရာမညပူးတွဲစစ်ကြောင်းကနေ တပ် ၄ တပ်ဆီက စစ်သည်အင်အား အညီအမျှနဲ့ ပူးပေါင်းပြီးတော့ အဲဒီပူးပေါင်းတပ်ကို Change of Command တခုထဲမှာ စစ်ဆင်ရေးမှူးတွေ ဗျူဟာမှူးတွေ စစ်ကြောင်းမှူးတွေ ဖွဲ့စည်းပြီးတော့ လှုပ်ရှားသွားမှာပါ” လို့ ဒေါက်တာ သီရိမွန်ချမ်းက ပြောပါတယ်။
ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းနိုင်ခဲ့တဲ့အတွက်ကြောင့် မွန်ပြည်သူတွေ မျှော်မှန်းနေတဲ့ မွန်တပ်တစ်တပ်တည်း ဖြစ်ရေး ရည်မှန်းချက်နဲ့လည်း ပိုမို နီးစပ်လာသလို စစ်ရေးလှုပ်ရှားမှုတွေကလည်း ထိရောက်စွာ လုပ်ဆောင်လာနိုင်မှာ ဖြစ်တယ်လို့ ဒေါက်တာ သီရိမွန်ချမ်းက ပြောပါတယ်။
လက်ရှိ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ၊ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ထားတဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) MNLA-AD ၊ တပ် ၄ တပ်တို့က ရာမညပူးတွဲစစ်ကြောင်းကို ဖွဲ့စည်းတာ ဖြစ်ပြီး ကျန်တဲ့ မွန်တပ်တွေနဲ့လည်း ပူးပေါင်းနိုင်ရေး ကြိုးပမ်းသွားမယ်လို့ ရာမညပူးတွဲစစ်ကြောင်း ပြောခွင့်ရသူက ဆိုပါတယ်။
“မွန်တပ်အားလုံး မွန်တပ်တော်တစ်ခုဖြစ်မြောက်ရေးအတွက် အစဉ်တစိုက် ကြိုးစားလာခဲ့တယ်၊ အခု ၄ တပ်အပြင် အခြားတပ်တွေနဲ့လည်း ဆွေးနွေးဖို့ ဆုံးဖြတ်ချက်ချထားတာ ရှိပါတယ် ဒါပေမယ့် လောလောဆယ် အခြားတပ်တွေနဲ့ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်တဲ့ အဆင့် မရောက်သေးဘူး ခင်ဗျ” လို့ ဒေါက်တာ သီရိမွန်ချမ်းက ပြောပါတယ်။
ရာမညပူးတွဲစစ်ကြောင်းအနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့တွေ၊ တခြားသော တိုင်ရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ အထူးသဖြင့် တိုင်းရင်းသားမဟာမိတ်အဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
မွန်တပ် တပ်က ရာမညပူးတွဲစစ်ကြောင်းဖွဲ့စည်းလိုက်တဲ့ မနေ့ကပင် တခြားသော မွန်တော်လှန်ရေးတပ်တခုဖြစ်တဲ့ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO ဟာ ပူးပေါင်းတပ်မှာ ပါဝင်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ရဲ့ COC အောက်မှာ အလုံးစုံပူးပေါင်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။
၂၀၂၁ ဒီဇင်ဘာလ ၁ ရက်နေ့ကတည်းက တည်ထောင်ခဲ့တဲ့ MSRO တပ်ဖွဲ့ကို အပြီးတိုင် ဖျက်သိမ်းပြီး တော်လှန်ရေးဆက်လက်လုပ်ဆောင်ဖို့ရာ ရာမညပူးတွဲစစ်ကြောင်းမှာ ပါဝင်နေတဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA နဲ့ ပူးပေါင်းလိုက်တာ ဖြစ်ကြောင်း သိရပါတယ်။
The Tanintharyi Times
