ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လေးခု ပူးပေါင်းပြီး ထားဝယ်စုပေါင်းစစ်ကြောင်း ဖွဲ့စည်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လေးခု ပူးပေါင်းပြီး ထားဝယ်စုပေါင်းစစ်ကြောင်း ဖွဲ့စည်း

တနင်္သာရီတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လေးခု ပူးပေါင်းပြီး ထားဝယ်စုပေါင်းစစ်ကြောင်း အဖြစ် ထပ်မံဖွဲ့စည်းလိုက်ပါတယ်။

အခုလ ၁၁ ရက်နေ့၊ မနေ့က ဖွဲ့စည်းလိုက်တာဖြစ်ပြီး ထားဝယ်မြို့နယ်အခြေစိုက် အရှေ့ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(EDF)၊ က္လားသစ္ဏတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Dawei Defense Team(DDT)နဲ့ ထားဝယ်တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (DSPDF)တို့က ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။

DDT အဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ရှိသူကတော့ “စစ်ကောင်စီတပ်ကို အချိန်နေရာမရွေးတိုက်ခိုက်သွားမှာပါ။ အရင်ကထက် တိုက်ခိုက်ရေးကိုပိုမြှင့်တင်ပြီး ပြည်သူတွေကိုလည်း တတ်နိုင်သမျှကာကွယ်သွားမှာပါ” လို့ ပြောပါတယ်။

အဆိုပါစစ်ကြောင်းကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကချမှတ်ထားတဲ့ စစ်ဖက်ရေးရာစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဖွဲ့စည်းထားတယ်လို့ ဆိုထားပါတယ်။

စစ်ကြောင်းမဖွဲ့ခင် နှစ်ရက်က ထားဝယ်စုပေါင်းစစ်ကြောင်းပါ အဖွဲ့တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေ‌ပူးပေါင်းပြီး ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာမှာ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ ရဲကင်းကို သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

တနင်္သာရီတိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေပူးပေါင်းထားတဲ့ ထားဝယ်ခရိုင်အခြေစိုက် ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်း၊ ဥဩစစ်ကြောင်း၊ ဗထူးစစ်ကြောင်းနဲ့ မြိတ်ခရိုင်အခြေစိုက် မိကျောင်းစစ်ကြောင်း၊ ပူရိယက္ခညီနောင်စစ်ကြောင်း၊ အခုထပ်မံဖွဲ့စည်းလိုက်တဲ့ ထားဝယ်စုပေါင်းစစ်ကြောင်းဆိုပြီး စစ်ကြောင်း ၆ ခုရှိနေပြီ ဖြစ်ပါတယ်။

The Tanintharyi Times