ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် အကြပ်ကိုင်တဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်လို့ NUG ဆို
ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် အကြပ်ကိုင်တဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်လို့ NUG ဆို
ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ဖိအားပ အကြပ်ကိုင်တဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ပါတယ်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီတွေ၊ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ဖိအားပေးအကြပ်ကိုင်နေရင် ထိရောက်ပြင်းထန်စွာ အရေးယူမယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ပြည်ပရောက် နိုင်ငံသားတွေရဲ့ အခြေခံ အခွင့်အရေးကို ချိုးဖောက်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေမှာ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ မပူးပေါင်းကြဖို့လည်း NUG ကထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ဥပဒေမဲ့ မတရားအမိန့် ညွှန်ကြားချက်တွေကို မလိုက်နာကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် ရွှေ့ပြောင်းလုပ်သားတွေကို အကြပ်ကိုင်၊ သွေးဆောင်ဖြားရောင်းပြီးမိသားစုထံ လွှဲပို့ငွေ မဖြစ်မနေ လွှဲပို့ခိုင်းတာမျိုးကို မလုပ်ကြဖို့ NUG က သတိပေးတာ ဖြစ်ပါတယ်။
ပြည်ပရောက်အလုပ်သမားတွေအနေနဲ့ အခြေခံလစာဝင်ငွေရဲ့ အနည်းဆုံး ၂၅ ရာခိုင်နှုန်း (သို့မဟုတ်) ၃ လရင် တကြိမ် စစ်ကောင်စီက သတ်မှတ်ထားတဲ့ ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းကတဆင့် လစာကို လွှဲပို့ကြဖို့နဲ့ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီတွေက ကြီးကြပ်ဆောင်ရွက်ပေးဖို့ကို စစ်ကောင်စီဘက်က ကြေညာထားတာနဲ့ ပတ်သက်ပြီး NUG ဘက်က အခုလို ပြောဆိုလာတာပါ။
ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေဟာ ငွေလွှဲထားတဲ့ အထောက်အထား စာရွက်စာတမ်းတွေကို မိမိတို့ကို တာဝန်ယူစေလွှတ်ခဲ့တဲ့ အေဂျင်စီကို ပေးပို့ရမှာ ဖြစ်ပြီး အေဂျင်စီက စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနဆီ မပျက်အကွက်ပေးပို့ရမယ်လို့လည်း စစ်ကောင်စီဘက်က ပြောထားပါတယ်။
ဒါဟာ ၁၉၉၉ ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေကို ကျော်လွန်တဲ့ လုပ်ရပ်ဖြစ်ပြီး အေဂျင်စီတွေ လိုက်နာရမယ့် ကျင့်ဝတ်ထဲမှာ အလုပ်သမားတွေရဲ့ လစာလွှဲပို့မှုကို အေဂျင်စီက တာဝန်ယူကြီးကြပ်ရတာ၊ အလုပ်သမားဆန္ဒမပါဘဲ မိသားစုဆီ လွှဲပို့ငွေ မဖြစ်အနေ လွှဲပို့ရမယ်လို့ ဖိအားပေးတာ စတဲ့ အချက်တွေ မပါဝင်ဘူးလို့ NUG ဘက်က ဆိုပါတယ်။
စစ်ကောင်စီဟာ မိသားစုလွှဲပို့ငွေ အထောက်အထားမပြနိုင်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအပြင် ဒီမိုကရေစီလှုပ်ရှားမှုကြောင့် ပြည်ပကို တိမ်းရှောင်သွားရတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးတွေက နိုင်ငံကူးလက်မှတ် သက်တမ်းမတိုးပေးတာတွေ လုပ်နေပါတယ်။
လက်ရှိမှာ စစ်ကောင်စီဆီကို ရွှေ့ပြောင်းလုပ်သားတွေ ငွေပို့ထားတဲ့ အထောက်အထား ပြည့်ပြည့်စုံစုံ မတင်ပြခဲ့တာကြောင့်ဆိုပြီး အေဂျင်စီ ၁၃၅ ခုကိုလည်း စစ်ကောင်စီက အလုပ်အကိုင် ရပ်ဆိုင်းထားတာ ရှိပါတယ်။
ပြည်ပရောက် ရွှေ့ပြောင်းအလုပ်သမားတွေ အခွင့်အရေးချိုးဖောက်ခံနေရတာနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO အပါအဝင် နိုင်ငံတကာအနေနဲ့ တားမြစ်ပေးကြဖို့၊ ကျူးလွန်နေတဲ့ စစ်ကောင်စီကို အမြန်ဆုံး ထိရောက်စွာ အရေးယူပေးကြဖို့ NUG အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်။
The Tanintharyi Times
