ထိုင်းရောက်မြန်မာတွေ နေရပ်ပြန်လည်ဝင်ရောက်ဖို့ စစ်ကောင်စီသံရုံးဖိတ်ခေါ်

ထိုင်းရောက်မြန်မာတွေ နေရပ်ပြန်လည်ဝင်ရောက်ဖို့ စစ်ကောင်စီသံရုံးဖိတ်ခေါ်

ထိုင်းနိုင်ငံအတွင်းရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်လည်ဝင်ရောက်ကြဖို့ ထိုင်းနိုင်ငံသံရုံးက ဖိတ်ခေါ်စာထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံကနေ စိုးရိမ်စိတ်ကြောင့် ထိုင်းနိုင်ငံအတွင်း ထွက်ပြေး တိမ်းရှောင်နေကြတဲ့ ဝန်ထမ်းတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင်တွေ၊ အခြားနယ်ပယ် အသီးသီးက ပုဂ္ဂိုလ်တွေ၊ နိုင်ငံသားတွေအနေနဲ့ နေရပ်ကိုပြန်လည် ဝင်ရောက်ကြဖို့ဆိုပြီး ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုပြန်ချင်တဲ့သူတွေ စာရေးဆက်သွယ်ရမယ့် အွန်လိုင်းနံပါဒ်တွေကိုလည်း သံရုံးရဲ့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။

ထိုင်းနိုင်ငံကိုသွားရောက်ပြီးအလုပ်လုပ်ကိုင်နေတဲ့ လောင်းလုံးမြို့နယ်က ဝန်ထမ်းဟောင်းအမျိုးသမီးတစ်ဦးကတော့ အသက်ကိုလုံခြုံတဲ့နေရာမှာပဲထားချင််လို့ပြောပါတယ်။

” ပြန်မဝင်ပါဘူး။ မနေချင်လို့တောင်ထွက်လာခဲ့တာကို။ အစကတည်းကလည်း တော်လှန်ရေးပြီးမှ အိမ်ပြန်မယ်လို့ဆုံးဖြတ်ထားပြီးသားပဲ။ ကိုယ်နိုင်ငံက မလုံခြုံဘူး၊ ဘယ်နေ့ဘာဖြစ်မယ်မှန်းမသိဘူး”လို့သူကပြောပါတယ်။

ဖိတ်ခေါ်စာမှာတော့ စစ်ကောင်စီတပ်သားတွေကိုတိုက်ခိုက်တာ၊ CDMလှုပ်ရှားမှုတွေမှာ ငွေကြေးအရဖြစ်စေ တခြားနည်းလမ်းတွေအရဖြစ်စေပါဝင်ပတ်သက်တာတွေပြုလုပ်နေသူတွေကတော့ မပါဝင်ဘူးလို့ဆိုပါတယ်။

ပြန်လည်ဝင်ရောက်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေရောက်ရှိနေသူတွေအနေနဲ့ နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်တွေကိုဆက်သွယ်ဖို့နဲ့ နိုင်ငံခြားရောက်နေတဲ့သူတွေ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးတွေကိုဆက်သွယ်ကြဖို့ ဆိုထားပါတယ်။

စစ်ကောင်စီကအခုလိုပြန်လည်ခေါ်ယူတာ၊ ပြန်လည်လက်ခံမယ့်နေရာ ကြေညာတာမျိုးတွေကို အရင်ကလည်း အကြိမ်ကြိမ်ပြုလုပ်ခဲ့ဖူးပါတယ်။

The Tanintharyi Times