အခုနှစ်ပွင့်လင်းရာသီအစမှာ ထားဝယ်ခရိုင်က မြို့နယ်လေးခုလုံးကို စစ်ကောင်စီစစ်ကြောင်းထိုး

အခုနှစ်ပွင့်လင်းရာသီအစမှာ ထားဝယ်ခရိုင်က မြို့နယ်လေးခုလုံးကို စစ်ကောင်စီစစ်ကြောင်းထိုး

ပုံစာ - ရေဖြူမြို့နယ်က စစ်ကောင်စီတပ်သားတွေ။ (ပုံဟောင်း)

အခုနှစ်ရဲ့ မိုးရာသီအကုန် ပွင့်လင်းရာသီအစမှာ ထားဝယ်ခရိုင်အတွင်းက မြို့နယ်လေးခုစလုံးကို စစ်ကောင်စီတပ်သားတွေက စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ပြီးခဲ့တဲ့လလယ်လောက်ကစလို့ လောင်းလုံးမြို့နယ်အတွင်းမှာရှိတဲ့ ညင်းမော်၊ ‌ဂေါ့အင်းနဲ့ အောက်ရေဖြူ ကျေးရွာတွေကိုစတင်ပြီး တစ်ပတ်အကြာ စစ်ကြောင်းထိုးခဲ့ပါတယ်။

အဲဒီနောက် ရက်ပိုင်းအကြာမှာပဲ သရက်ချောင်းမြို့နယ်က သရက်နှစ်ခွ၊ ပန်းပြင်နဲ့ ဥတ္တူရွာတွေကို စစ်ကောင်စီတပ်သားတွေက ထပ်မံစစ်ကြောင်းထိုးခဲ့ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ လောင်းလုံးနဲ့ သရက်ချောင်းမြိုနယ်နှစ်ခုစလုံးမှာ နေအိမ် မီးရှို့တာနဲ့ အရပ်သားတွေကို ဖမ်းဆီးပြီး ပစ်သတ်တာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ဆိုပါတယ်။

“လောင်းလုံးကိုသွားတဲ့ကောင်တွေပဲ သရက်ချောင်းကိုပြန်ဆင်းတာဖြစ်နိုင်တယ်။ လောင်းလုံးကအပြန် နှစ်ရက်သုံးရက်ကြာပြီးတာနဲ့ သရက်ချောင်းကို စစ်ကြောင်းထပ်ထိုးတာ” လို့ ထားဝယ်ဒေသခံ ပြည်သူ့ကာကွယ်‌ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းတွေကြောင့် လောင်းလုံးမြို့နယ်မှာ ဒေသခံငါးဦးသေဆုံးပြီး နေအိမ်တစ်ဆောင်မီးရှို့ခံခဲ့ရသလို သရက်ချောင်းမှာတော့ ဒေသခံတစ်ဦးပစ်သတ်ခံရပြီး နေအိမ်နှစ်ဆောင်ထက်မနည်း မီးရှို့ခံခဲ့ရတာပါ။

သရက်ချောင်းမှာစစ်ကြောင်းထိုးနေတဲ့ အခုတစ်ပတ်အတွင်းမှာပဲ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်သားတွေ ထားဝယ်မြို့ နယ်က အ‌‌ရှေ့တောဒေသက ပကာရီရဲစခန်းကို ရောက်ရှိလာခဲ့ပါတယ်။ အဲဒီစစ်ကောင်စီတပ်သားတွေဟာ လက်ရှိမှာတော့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး တောလမ်းအတိုင်း မေတ္တာဘက်ကို ဦးတည်ပြီးစစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဖြူမြို့နယ်မှာလည်း အခုရက်ပိုင်းအတွင်း မြို့အနောက်ဖက်ကမ်းနဲ့ ရန်ကုန်-ထားဝယ် မိန်းလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းနဲ့သွားလာပြီး နယ်မြေရှင်းလင်းတဲ့ပုံစံ ပြန်လုပ်လာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ပြန်ကြားရေးတာဝန်ခံကတော့ စစ်ကောင်စီတပ်ဟာ အင်အားစုဆောင်းပြီး အခုပွင့်လင်းရာသီအစမှာ အ‌ရှေ့ကို ပြန်ထွက်လာတာလို့ သုံးသပ်ပါတယ်။

“စစ်မှုထမ်းသင်တန်းက အပတ်စဥ်လေးခုစာလောက် ထားဝယ်မှာ ကောင်းကောင်းစုမိနေပြီ။ အဲဒါကိုအသုံးချပြီး ပြန်ဝင်တာ၊ ပြန်တိုးတာတွေ လုပ်လာတာပဲ” လို့ လောင်းလုံး ပကဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးကပြောပါတယ်။

အဲဒီလိုလုပ်ဆောင်ဖို့အတွက် လက်နက်နဲ့ရိက္ခာ ဖြည့်တင်းတာတွေကို ပြီးခဲ့တဲ့လကတည်းက လုပ်ဆောင်နေတာလို့ သူက ဆက်ပြောပါတယ်။

ထားဝယ်မြို့ အပြင်ဘက်က မောင်မယ်ရှောင်ရွာမှာလည်း စစ်ကောင်စီတပ်သားတွေက စခန်းငယ်အသစ်တစ်ခုဆောက်လုပ်ပြီး ပြီးခဲ့တဲ့လကစလို့ အင်အား ၆၀ လောက်နဲ့ တပ်စွဲထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ တနင်္သာရီတိုင်းအတွင်းက ရန်ကုန်-မြိတ် မိန်းလမ်းမကြီးတစ်လျှောက်လုံးကို ပြန်လည်ထိန်းချုပ်ဖို့ နယ်မြေစိုးမိုးနိုင်ဖို့ အခုလပိုင်းတွေမှာ ပိုမိုလုပ်ဆောင်လာတယ်လို့ တော်လှန်ရေးရဲဘော်တွေက ဆိုပါတယ်။

ပုလောမြို့နယ်က မိန်းလမ်းမတစ်လျှောက်မှာလည်း ပြီးခဲ့တဲ့လကစလို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့နှစ် ပွင့်လင်းရာသီမှာလည်း စစ်ကောင်စီတပ်က တနင်္သာရီတိုင်းအတွင်းက မြို့နယ်တချို့မှာ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။

The Tanintharyi Times