ကျောက်ထုစခန်းသိမ်းခံရပြီးနောက် ထားဝယ်နဲ့ သရက်ချောင်းမှာ စစ်ကောင်စီစစ်ကြောင်းထိုးနေ
ကျောက်ထုစခန်းသိမ်းခံရပြီးနောက် ထားဝယ်နဲ့ သရက်ချောင်းမှာ စစ်ကောင်စီစစ်ကြောင်းထိုးနေ
ကျေးရွာဆယ်ရွာလောက်က ဒေသခံတွေ စစ်ရှောင်ထွက်ပြေးနေရ
ထားဝယ်မြို့နယ် ဘန်းချောင်းဒေသက ကျောက်ထုစခန်းသိမ်းခံရပြီးနောက် ထားဝယ် အရှေ့တောဒေသနဲ့ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲကို စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ ဒေသခံတွေ ထွက်ပြေရတိမ်းရှောင်နေရပါတယ်။
မနေ့က ညနေပိုင်းမှာ ထားဝယ်ဘက်ကနေ ပကာရီရဲစခန်းကိုဝင်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၁၅၀ ဝန်းကျင်လောက်ဟာ ဒီနေ့မနက်စောစောပိုင်းကစလို့ ထားဝယ်မြို့အရှေ့ဘက်ကို ဦးတည်ပြီး တောလမ်းအတိုင်းစစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ အဲ့ဒီ အရှေ့ဘက်ခြမ်းက တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကျောက်ထုစခန်းရှိပါတယ်။
အဲဒီစစ်ကြောင်းဟာ ဒီနေ့နေ့လယ်ပိုင်းမှာတော့ ရမ္မဇူရွာတဝိုက်ကို ရောက်ရှိနေပြီး သေနတ် ပစ်ခတ်သံတွေထွက်ပေါ်နေပေမဲ့ တစ်ဖက် တည်းက ပစ်ခတ်သံမျိုးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
“လမ်းမှာတွေ့တဲ့ ဒေသခံတချို့ဖမ်းခံနေရတယ်လို့ကြားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဖမ်းဆီးခံရတဲ့ အရပ်သားတွေနဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မသိရသေးပါဘူး။
အရှေ့တောကိုဝင်နေတဲ့ စစ်ကြောင်းကြောင့် ဝက်သေ၊ ပခပ်၊ ရမ္မဇူ၊ သရက်ငုပ်၊ လိပ်ကြယ်ပြောင်၊ သင်္ကန်းတုံးနဲ့ ဝကုန်းရွာအပါအဝင် အနီးအနားရွာတွေက ဒေသခံတွေနီးစပ်ရာ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
အလားတူ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် အတွင်းကိုလည်း အခုလ၂၆ ရက်နေ့ကတည်းက အင်အား ၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခု ခြေလျင် ဝင်ရောက်နေတာ ရှိပါတယ်။
အဲဒီစစ်ကြောင်းဟာ လက်ရှိမှာတော့ သဲချောင်းကြီးရွာထဲမှာ တပ်စွဲနေထိုင်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။ စစ်ကြောင်းဆက်ထိုးတာမျိုးမရှိသေးပေမဲ့ မနေ့ညဘက်ကတော့ လက်နက်ကြီးလက်နက်ငယ်တွေ တဖက်တည်း ပစ်ခတ်နေတာမျိုး လုပ်နေတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရသိရပါတယ်။
သရက်ချောင်းက စစ်ကြောင်းကြောင့်လည်း တောင်ပျောက်တိုက်နယ်အတွင်းက ကျွဲခြံ၊ ဝမ်းကဖော်နဲ့ အလယ်စုရွာတွေက ဒေသခံတွေ နေရပ်စွန့်ခွာပြီး နီးစပ်ရာတိမ်းရှောင်နေရပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းနှစ်ခုဟာ စခန်းသိမ်းခံရတဲ့နေရာကို စစ်ကြောင်းထိုးနိုင်ခြေရှိတယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
ရေဖြူမြို့နယ်၊ ကျခတ္တပင်အင်းရွာဘက်မှာလည်း စစ်ကောင်စီတပ်သား အင်အား ၅၀ ဝန်းကျင်ရှိနေပြီး မနေ့ကနေ့လယ်ပိုင်းမှာ ဒေသခံဆယ်ကျော်လောက်ကို ဖမ်းဆီးစစ်ဆေးတာတွေလုပ်ဆောင်ပြီးညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။ အဲဒီစစ်ကောင်စီတပ်သားတွေ လက်ရှိမှာတော့ ကျခတ္တပင်အင်းရွာနဲ့ ကျောက်ထောင့်ရွာကြားက ကနန်းတောင်တဝိုက်မှာရှိနေတယ်လို့ ဒေသခံကဆိုပါတယ်။
ထားဝယ်မြို့နယ်၊ ဘန်းချောင်းဒေသက စစ်ကောင်စီတပ်ရဲ့ ကျောက်ထုစခန်းကိုတော့ KNLA တပ်မဟာ ၄ (တပ်ရင်း၁၂)၊ တပ်မဟာ ၆ (တပ်ရင်း ၂၇) နဲ့ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က အခုလ ၂၄ ရက်နေမှာသိမ်းပိုက်ရရှိခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၈ ဦးအရှင်ဖမ်းမိခဲ့သလို လက်နက်ခဲယမ်းအများအပြားကိုလည်း တော်လှန်ရေးတပ်တွေကသိမ်းမိခဲ့တယ်လို့ KNLA ဆီကသိရပါတယ်။
စခန်းသိမ်းပြီးနောက်မှာလည်း တော်လှန်ရေးတပ်တွေက စခန်းနဲ့အနီးအနားတဝိုက်ဧရိယာကို နယ်မြေစိုးမိုးထားတယ်လို့ (တပ်ရင်း ၁၂) နဲ့ (တပ်ရင်း ၂၇) ပူးတွဲတပ်ရင်းမှူးစောမှူးဂေက စခန်းသိမ်းပြီး နှစ်ရက်အကြာမှာတနင်္သာရီတိုင်းမ်ကိုပြောဆိုထားပါတယ်။
The Tanintharyi Times
