နမူနာဆောင်းပါးအချို့ကို ဆွေးနွေးခြင်း
နမူနာဆောင်းပါးအချို့ကို ဆွေးနွေးခြင်း
ထင်မြင်ချက်ဆောင်းပါးများ ရေးသားခြင်း လက်စွဲ ( အပိုင်း ၅ )
ဒီအခန်းမှာ နိုင်ငံတကာက ဆောင်းပါးအချို့ကို နမူနာပြပြီး ဆွေးနွေး သွားပါမယ်။ ပြည်တွင်းကဆောင်းပါးတွေကတော့ လွယ်လွယ်ကူကူ ဖတ်လို့ရနေတဲ့အတွက် နိုင်ငံတကာက Opinion Writer တွေ ဘယ်လို ရေးကြတယ်ဆိုတာကို ပိုပြီးပြောချင်တာပါ။
နမူနာ (၁)
ပထမဆုံးဆွေးနွေးချင်တာက နယူးယောက်တိုင်းမ်စ် သတင်းစာကြီး ရဲ့ ပင်တိုင်ဆောင်းပါးရှင် သောမတ်စ်ဖရီးမင်းရဲ့ “အမြင့်ဆုံး သူရဲကောင်း ဆုတံဆိပ်” (Medal of Honor) ဆိုတဲ့ ဆောင်းပါးဖြစ်ပါတယ်။ ဆောင်းပါးက ၂ဝဝဝ ခုနှစ်တုန်းက ဖော်ပြခဲ့တာပါ။ ဒီဆောင်းပါးကို ဆွေးနွေးဖို့ အတွက် နောက်ခံသမိုင်းကို နည်းနည်း ပြန်ပြောပါမယ်။ ၂ဝဝဝ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီကို ကိုယ်စား ပြုတဲ့ တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျော့ခ်ျဒဗလျူဘွတ်ရှ်နဲ့ အဲဒီအချိန်က လက်ရှိဒုသမ္မတ အယ်လ်ဂိုးတို့ ဟာ အကြိတ်အနယ် ယှဉ်ပြိုင်ကြပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲသမိုင်းမှာ အပြင်းထန်ဆုံးပြိုင်ပွဲတွေထဲက တစ်ခုပါ။ ရွေးကောက်ပွဲပြီးတဲ့ညအထိ အနိုင်အရှုံးဟာ မပေါ် ခဲ့ပါဘူး၊ ဘာလို့လဲဆိုတော့ ဖလော်ရီဒါပြည်နယ်ရဲ့ ရလဒ်က ပြတ်ပြတ် သားသား ထွက်မလာခဲ့လို့ပါ။
အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ပွဲစနစ်က ထူးခြားပါတယ်။ ပြည်သူတွေက သမ္မတနဲ့ ဒုသမ္မတကို တိုက်ရိုက်ရွေးကောက် တင်မြှောက်ခွင့်ရတာ မဟုတ်ပါဘူး၊ သူတို့ကို ရွေးချယ်တင်မြှောက်မယ့် ကိုယ်စားလှယ် တွေက တစ်ဆင့်သာ မဲပေးကြရတာပါ။
အကြမ်းဖျဉ်းပြောရရင် ၂ဝဝဝ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတလောင်း နှစ်ဦးဖြစ်တဲ့ ဘွတ်ရှ်နဲ့ အယ်လ်ဂိုးကြားမှာ ဘယ်သူနိုင်တယ်ဆိုတာ ကြီးမားတဲ့ အငြင်းပွားမှု ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးတော့ တရားသူကြီး ၉ ဦးရှိတဲ့ ဗဟိုတရားရုံးချုပ်ကိုအဆုံးအဖြတ်ခံယူဖို့ ရောက်ရှိလာခဲ့ပါတယ်။ ဗဟိုတရားရုံးချုပ်မှာ တရားသူကြီး ၉ ဦး ထားရတဲ့အကြောင်းကတော့ မဲခွဲတဲ့အခါမှာ အရေအတွက်တူမနေဘဲ အဖြေပြတ်ပြတ်သားသား ထွက် အောင်ဖြစ်ပါတယ်။
အယ်လ်ဂိုးနဲ့ သူ့ရဲ့ ဒီမိုကရက်တစ်ပါတီ ကံဆိုးချင်တာကတော့ တရားသူကြီး ၉ ဦးမှာ ၅ ဦးဟာ ရီပါတ်ဘလီကန်ပါတီကို ထောက်ခံတဲ့ ကွန်ဆာဗေးတစ်တွေ ဖြစ်နေတာပါပဲ။ တစ်နိုင်ငံလုံးမှာ Popular Vote လို့ခေါ်တဲ့ လူတစ်ဦးချင်းစီရဲ့ မဲတွေကို အယ်လ်ဂိုးက ပိုရခဲ့ပေမယ့် တရားသူကြီး ၅ ဦးက ဘွတ်ရှ်ကို အနိုင်ပေးခဲ့ပါတယ်။
တစ်ကမ္ဘာလုံးက မှင်သက်မိခဲ့ပါတယ်။ အယ်လ်ဂိုးကို ထောက်ခံသူတွေက ဒေါသအမျက်ချောင်းချောင်း ထွက်ခဲ့ကြပါတယ်။ ဒါပေမယ့် အယ်လ်ဂိုးဟာ တိုင်းပြည်မနစ်နာဖို့အတွက် ဗဟိုတရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို လက်ခံကြဖို့ သူအရှုံးကိုလက်ခံပါတယ်ဆိုတဲ့ မိန့်ခွန်းကိုပြောခဲ့ပါတယ်။ မတူညီတဲ့ အင်အားစုနှစ်ဖက်ကြားမှာ အဓိကရုဏ်းတွေ၊ အကြမ်းဖက်မှုတွေမဖြစ်အောင် မဲအများစုကိုရခဲ့ပေမယ့် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်မှုကို လက်ခံပေးတဲ့အယ်လ်ဂိုးကို အသိအမှတ်ပြုခဲ့တဲ့ ဆောင်းပါး ဖြစ်ပါတယ်။
ဒီအကြောင်းကို ဆောင်းပါးရှင် သောမတ်စ်ဖရီးမင်းက ရေးခဲ့တာပါ။ ဖရီးမင်းရေးတာတွေကို အနက်ရောင် Bold နဲ့ဖော်ပြပါမယ်။ ဆောင်းပါး ခေါင်းစဉ်က Medal of Honor ပါ။ Medal of Honorဆိုတာ အမေရိကန် ပြည်ထောင်စုမှာ တပ်မတော်သားတွေကိုပေးတဲ့ အမြင့်ဆုံးသူရဲကောင်းဆု ဖြစ်ပါတယ်။
“အမြင့်ဆုံး သူရဲကောင်းဆုတံဆိပ်”
သောမတ်စ်ဖရီးမင်း
ဗီယက်နမ်စစ်ပွဲမှာတုန်းက အယ်လ်ဂိုးဟာ တိုက်ပွဲများများ မတွေ့ကြုံခဲ့ဖူးပါဘူး။ ဒါပေမယ့် သူ့ရဲ့သမ္မတရွေးကောက်ပွဲ မဲဆွယ်တဲ့အချိန်တွေမှာတော့ အမေရိကန်တွေအားလုံးအတွက် သူ တိုက်ပွဲဝင်မယ်လို့ ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အရှုံးကို သူလက်ခံကြောင်းပြောကြားတဲ့ မိန့်ခွန်းမှာတော့ တိုင်းပြည်အတွက် သူဟာ ကျည်ဆံတစ်တောင့်ကို အထိမှန်ခံခဲ့ရှာပါတယ်။
(စာရေးသူ - ဒီဆောင်းပါးအဖွင့်မှာ ဖရီးမင်းဟာ စိတ်လှုပ်ရှားစရာ ကောင်းတဲ့၊ တည်ငြိမ်တဲ့လေသံနဲ့ စဖွင့်ထားတာကို တွေ့ ရပါတယ်)
တကယ်တော့ ဒီကျည်ဆံကိုပစ်လိုက်သူတွေဟာ ဗဟိုတရားရုံးချုပ်က တရားသူကြီး ၅ ဦးက သူတို့လိုချင်တဲ့ ဂျော့ချ်ဒဗလှူဘွတ်ရှ်ကို သမ္မတအဖြစ်အနိုင်ပေးဖို့အတွက် နိုင်ငံတော်ရဲ့ နှလုံးသားကို ချိန်ရွယ်ပစ်ခဲ့ကြတာပါ။
(ဒီနေရာမှာဆောင်းပါးရှင်ဟာ တရားသူကြီး ၅ ဦးရဲ့ မမှန်ကန်မှုကို ရှင်းရှင်းလင်းလင်း ထုတ်ပြောလိုက်တာပါ၊ ဆောင်းပါးရှင်က တတိယအပိုဒ်မှာ ဆက်ရေးပါတယ်)
ကွန်ဆာဗေးတစ်တရားသူကြီး ၅ ဦးဟာ ရီပတ်ဘလစ်ကန် ခေါင်းဆောင်ကြီးတွေ ကျေနပ်ဖို့အတွက် ဂျော့ဘွတ်ရှ်ကို သမ္မတအဖြစ် ရွေးခဲ့တာကို ဖော်ထုတ်ဖို့ အတွင်းကသတင်းပေးသူ မလိုအပ်ပါဘူး။ (ဗဟိုတရားရုံးက) ကျန်တဲ့တရားသူကြီး ၄ ဦးရဲ့ သူတို့ လုပ်ဖော်ကိုင်ဖက် ၅ ဦး ဘာလုပ်သွားတယ် ဆိုတဲ့စကားကို ဖတ်ကြည့်ရုံနဲ့ လုံလောက်ပါတယ်။
သူတို့ထဲက တရားသူကြီးတစ်ဦးက ပြောပါတယ်၊ “ဒါဟာ တရားရုံးကို တိုက်ခိုက်တာ တစ်ခုထဲမဟုတ်ဘူး၊ နိုင်ငံကိုပါ တိုက်ခိုက်တာပါ”။
(ဒီနေရာမှာဆောင်းပါးရှင်ဟာ သူ့ရဲ့စွပ်စွဲချက်ကို အရှိန်မြှင့်လာနေပါပြီ၊ နောက်တစ်ပိုဒ်ကျော်မှာ ဖရီးမင်းက အခုလိုရေးထား ပါတယ်)
ကျွန်တော်ပြန်ပြောချင်တာဟာ မစ္စတာဂိုးရဲ့အရှုံးကို လက်ခံကြောင်း ပြောကြားတဲ့မိန့်ခွန်းပါ။ သူ့မိန့်ခွန်းဟာ တိုင်းပြည်အတွက် ကျည်တစ်တောင့်ကို အထိမှန်ခံလိုက်တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မတရားလို့ပဲဖြစ်ဖြစ်၊ ဘက်လိုက်လို့ပဲဖြစ်ဖြစ် စနစ်နဲ့ တရားစီရင်မှုတွေက နောက်ဆုံးမှာ အဆုံးအဖြတ်ပေးမယ်၊ တရားဝင်တယ်ဆိုရင် လက်ခံပေးပါမယ်ဆိုတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။
ဒီလိုနည်းလမ်းနဲ့ တရားဥပဒေကို (ကိုယ်မကြိုက်ဘူးဆိုရင် တောင်) သစ္စာရှိမှသာ ဒီစနစ်တွေကို ပိုမိုကောင်းမွန်အောင် ပြုပြင်နိုင်ပြီး အမှားတွေကို သင်ခန်းစာယူနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာမစ္စတာဂိုး အတိအကျ နားလည်ပြီး ဂုဏ်သိက္ခာရှိစွာနဲ့ ဦးညွှတ်လိုက်တာပါပဲ။ သူက ပြောပါတယ်။ “ဒါဟာအမေရိကန်ပြည်ထောင်စုပါ၊ ကျွန်တော်တို့ဟာ ပါတီထက် နိုင်ငံတော်ကို ပိုဦးစားပေးပါတယ်”
(ဒီနေရာမှာ ဆောင်းပါးရှင်ဟာ သူပြောချင်တဲ့အယူအဆကို နောက်တစ်ဆင့်အရှိန်မြှင့်တင် လာတာကိုတွေ့ ရပါတယ်)
တကယ်လို့ တရုတ်တို့ ရုရှားတို့ သူလျှိုတွေက ဝါရှင်တန်က အဖိုးအတန်ဆုံးအရာကို ခိုးယူချင်တယ်ဆိုရင် အကြံတစ်ခု ပေးလိုက်ပါမယ်။ အယ်လ်ဂိုးရဲ့ မိန့်ခွန်းကို ခိုးယူကြပါ။ ဒီမိန့်ခွန်းတိုတိုလေး မှာ အမေရိကန်ပြည်ထောင်စုရဲ့ တန်ဖိုးတွေ ပါဝင်ပါတယ်။ (အမေရိကန်ရဲ့လျှို့ဝှက်ချက်ဟာ) ဝေါစထရိ မဟုတ်ပါဘူး၊ ဆီလီကွန်ဗယ်လီလည်း မဟုတ်ပါဘူး၊ လေတပ်လည်း မဟုတ်ပါဘူး၊ ရေတပ်လည်း မဟုတ်ပါဘူး။ လွတ်လပ်တဲ့သတင်းစာပညာ မဟုတ်သလို လွတ်လပ်တဲ့ဈေးကွက်လည်း မဟုတ်ပါဘူး။
တကယ်ကတော့တရားဥပဒေကို လိုက်နာမှုနဲ့ အင်စတီကျူးရှင်းတွေကို လေးစားမှု ဖြစ်ပါတယ်။ ဒါတွေကဘယ်သူပဲ အာဏာရှိနေနေ သူ့အလုပ်ကို သူလုပ်သွားကြမှာပါ။
(ဒီနေရာမှာစာရေးသူဟာ သူ့ရဲ့ အပြင်းထန်ဆုံးမှတ်ချက်ကို ပေးတာ ပါပဲ)
(ကျွန်တော်တို့)မျှော်လင့်ထားဖို့ကတော့ မစ္စတာဘွတ်ရှ်က အမေရိကန်ပြည်ထောင်စုရဲ့ ဒီအားသာချက်ကို နားလည်ပြီး သူ တိုးချဲ့ဖို့ပြင်ဆင်နေတဲ့ စစ်ရေးအင်အားတစ်ခုတည်းနဲ့ ကမ္ဘာကို အကျိုးသက်ရောက်မှု မရှိနိုင်ဘူးဆိုတာကို သဘောပေါက်ဖို့ပါပဲ။
မကြာခင်မှာ မစ္စတာဘွတ်ရှ်သဘောပေါက်လာမှာက ဒီစနစ်ကိုအားကောင်းအောင်လုပ်ခြင်းဟာ အမေရိကန်တစ်ခုထဲ အတွက်သာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးအတွက်ပါ အရေးကြီးတယ် ဆိုတာပါပဲ။ ယနေ့အမေရိကန်ရဲ့အခြေအနေဟာ ပထဝီနိုင်ငံရေးရဲ့ မိုက်ကယ်ဂျော်ဒန်ပါပဲ။ အားလုံးက ကျွန်တော်တို့ကို နမူနာအဖြစ်ကြည့်နေ ကြပါတယ်။ အတိုင်းအတာ တစ်စုံတစ်ရာအထိ အားလုံးနားလည် ထားကြတာက ကမ္ဘာကြီးရဲ့ တည်ငြိမ်မှုဟာကျွန်တော်တို့စနစ်ရဲ့ တည်ငြိမ်မှုနဲ့ စီးပွားရေးအပေါ်မှာ မူတည်တယ်ဆိုတာပါပဲ။
(နောက်ဆုံးအပိုဒ် Kicker ကို ဂရုစိုက်ဖတ်ကြည့်ပါ)
အယ်လ်ဂိုးကတော့ ဒီစနစ်ကိုသူရဲ့ ဂုဏ်သိက္ခာမြင့်မားတဲ့ မိန့်ခွန်းနဲ့ ပိုမိုခိုင်မာတောင့်တင်းစေခဲ့ပါပြီ။ မစ္စတာဘွတ်ရှ်ကတော့ သမ္မတရာထူးနဲ့ (ဒီစနစ်ကို) ခိုင်မာအောင် ပြုလုပ်ရမှာပါ။ ရွေးကောက်ပွဲ ပြီးဆုံး သွားခဲ့ပါပြီ။ စနစ်ကြီးက ဘယ်သူနိုင်တယ် ဆိုတာကို ဆုံးဖြတ်လိုက်ပါပြီ။ အရှုံးအတွက် ဘာကြောင့်လဲဆိုတာ တွေ တွေးမနေပါနဲ့တော့။ အယ်လ်ဂိုးကတော့ ပြောပါလိမ့်မယ်။
“ဒါအမေရိကန်ပြည်ထောင်စုပါ၊ ကျွန်တော်တို့တကယ် ပိုင်ဆိုင်တာ ဒါပဲရှိပါတယ်”။
(ဒီဆောင်းပါးကိုဘာသာပြန်တဲ့နေရာမှာ စာပိုဒ်အနည်းငယ် ချန်ခဲ့ ကြောင်း ဝန်ခံပြောကြားလိုပါတယ်)
ပြန်လည်သုံးသပ်ချက်
ဆောင်းပါးရှင် သောမတ်စ်ဖရီးမင်းဟာ ဒီ Opinion ကိုရေးတဲ့ နေရာမှာ အရှိန် Tempo ကို တဖြည်းဖြည်းတင်သွားတာကို တွေ့ ရပါတယ်။ အဖွင့်စာပိုဒ်မှာ အယ်လ်ဂိုးရဲ့ အရှုံးကို လက်ခံတဲ့မိန့်ခွန်းကို ချီးကျူးထားပြီး နောက်မှာတော့ တရားသူကြီး ၅ ဦးရဲ့ ဆုံးဖြတ်ချက်ဟာ ဘက်လိုက် ခဲ့ပေမယ့် နိုင်ငံ့အကျိုးကိုကြည့်ပြီး အယ်လ်ဂိုးက နောက်ဆုတ်ပေးခဲ့တယ် ဆိုတာကို ဖော်ပြခဲ့တယ်။
ပြီးတောဒါဟာအမေရိကန်ပြည်ထောင်စုရဲ့ ထူးခြားတဲ့အားသာချက်လို့ သူကမှတ်ချက်ချပါတယ်။ အင်စတီကျူးရှင်းတွေရဲ့ ခိုင်မာမှုကို လေးစားလိုက်နာတဲ့စနစ်ကို ပြောတာပါ။ နောက်ဆုံးအပိုဒ်မှာတော့ စာရေးသူက သူပြောချင်တာကိုပြတ်ပြတ်သားသား ပြောလိုက်တာပါပဲ။
“အယ်လ်ဂိုးက လူကြီးလူကောင်းပီသစွာနဲ့ ဒီစနစ်ကို ခိုင်မာအောင်အရှုံး ပေးလိုက်ပါပြီ။ ဘွတ်ရှ်ရေ ခင်ဗျားကတော့ သမ္မတကောင်းတစ်ယောက် ဖြစ်အောင် လုပ်ပါတော့” လို့ ပြောလိုက်တာပါပဲ။
လွန်ခဲ့တဲ့ ၂၃ နှစ်က ဖတ်ခဲ့ရတဲ့ဒီဆောင်းပါးကို အခုထိ အကြိမ်ကြိမ် သတိရနေမိပါတယ်။ ဒီဆောင်းပါးမှာ ဖရီးမင်းရေးထားတဲ့ လေသံ (Tone) ကိုကြည့်ပါ၊ တည်ငြိမ်ပြီး “ကျွန်တော်အတည်ပေါက် ပြောနေတာနော်” ဆိုတဲ့ အသံကို တွေ့ ရပါတယ်။
အခုအချိန်မှာပြန်ဖတ်ကြည့်တဲ့အခါ ဆောင်းပါးရှင် သောမတ်စ်အယ်လ် ဖရီးမင်းဟာ တစ်ချိန်မှာ အမေရိကန်ပြည်ထောင်စုမှာ ဖြစ်လာမယ့် နိုင်ငံရေးပြဿနာကို ကြိုပြီးသတိပေးခဲ့တဲ့ “ကက်ဆန်ဒရာ” ဆိုတာကို တွေ့ ရပါမယ်။
တရားဥပဒေနဲ့ အင်စတီကျူးရှင်းတွေကို မလေးစား၊ မလိုက်နာတဲ့ ဒေါ်နယ်ထရန့်နဲ့ သူ့နောက်လိုက်တွေကို တွေ့ ရတဲ့အခါမှာ “အမြင့်ဆုံး သူရဲကောင်းဆုတံဆိပ်”ဆောင်းပါးဟာ ဂန္ထဝင်ဖြစ်သွားခဲ့ပါပြီ။
The Tanintharyi Times
