စက်တင်ဘာလ ၂၉ ရက် မနက်ခင်းသတင်း
စက်တင်ဘာလ ၂၉ ရက် မနက်ခင်းသတင်း
တနင်္သာရီက စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
တနင်္သာရီမြို့နယ်ထဲကညောင်ပင်ကွင်းရွာတံတားစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မနေ့ကမနက်စောစောမှာ သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီ စစ်ဆေးရေးဂိတ်မှာ အမှတ် ၅၆၁ ခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ စစ်ဆေးငွေတောင်းလေ့ရှိတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
မနေ့က တိုက်ခိုက်မှုမှာ မိနစ်နှစ်ဆယ်လောက်အပြန်အလှန်ပစ်ခတ်ခဲ့ကြပါတယ်။
စစ်ကောင်စီတပ်ဘက်က အရာခံဗိုလ်တစ်ဦးကျဆုံးခဲ့တယ်လို့ အလောင်းကို မျက်မြင်တွေ့ရတဲ့ ခမရ ၅၆၁ တပ်ရင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မြိတ်မှာ လေပြင်းနဲ့ မြေပြိုမှုကြောင့် အိမ်သုံးဆယ်နီးပါးပျက်စီး
မြိတ်မြို့နယ်မှာ လေပြင်းတိုတ်ခတ်မှုနဲ့ မြေပြိုမှုတွေကြောင့် နေအိမ်သုံးဆယ်နီးပါး ထိခိုက်ပျက်စီးခဲ့ပါတယ်။
မနေ့က မနက်ပိုင်း တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် တိုးချဲ့ရပ်ကွက်က နေအိမ် ၂၆ ဆောင်ပျက်စီးခဲ့တာပါ။
ကျွဲကူးကျေးရွာက ပုလဲသွယ်ရပ်ကွက်မှာလည်း နေအိမ်တစ်ဆောင်ပေါ်ကို မြေပြိုကျခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတချို့လည်းရှိခဲ့ပါတယ်။
ပုလောမှာ နေအိမ်နဲ့ မော်တော်ယာဥ်အများကို စစ်ကောင်စီတပ်ဖျက်ဆီး
ပုလောမြို့နယ်ထဲကကျေးရွာအုပ်စုနှစ်ခုမှာ နေအိမ် သုံးဆယ်ကျော်အပြင် မော်တော်ယာဥ်နှစ်ဆယ်ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အခုလ ၁၅ ရက်ကနေ ၁၈ ရက်အထိ လေးရက်ကြာ စစ်ကြောင်းထိုးဝင်လာတဲ့စစ်ကောင်စီတပ်သားတွေက လက္ကူးကျေးရွာအုပ်စုနဲ့ တိုကျေးရွာအုပ်စုတွေမှာ အခုလို မီးရှို့ဖျက်ဆီးခဲ့တာပါ။
စစ်ကြောင်းထိုးတဲ့ကာလထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေမှာ ပြည်သူ့ ကာကွယ်ရေးတပ်သား ၈ ဦးကျဆုံးခဲ့သလို အရပ်သား ၅ ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပါတယ်။
ရှမ်းကိုးရွာက ဥယျာဥ်ခြံတစ်ခြံကို စစ်ကောင်စီတပ်ဖျက်ဆီး
ချုံရှင်းခိုင်းထားတာကို မရှင်းပေးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကော့သောင်းမြို့နယ်၊ ရှမ်းကိုးရွာက ဥယျာဥ်ခြံတစ်ခြံကို စစ်ကောင်စီတပ်က အပင်တွေခုတ်လှဲပြီး ဖျက်ဆီးခဲ့ပါတယ်။
အခုလ ၂၀ ရက်က ရှမ်းကိုးရွာသွားတဲ့လမ်းမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီနောက် အခုလ ၂၂ ရက်မှာ ရှမ်းကိုးရွာကနေ ခမောက်ကြီး အမှတ် ၄ တံတားအထိ လမ်းတစ်လျှောက်က ဥယျာဥ်ခြံတွေကို ချုံတွေ ရှင်းဖို့ စစ်ကောင်စီတပ်က အမိန့်ပေးခဲ့တာပါ။
နောက်တစ်နေ့မှာ ဥယျာဥ်ခြံတစ်ခြံကို ချုံမရှင်းထားလို့ဆိုပြီး ဖျက်ဆီးခဲ့တဲ့အပြင် ခြံကို သိမ်းတယ်လို့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြောဆိုခဲ့ပါတယ်။
The Tanintharyi Times
