သြဂုတ်လ ၁၂ ရက် မနက်ခင်းသတင်း
သြဂုတ်လ ၁၂ ရက် မနက်ခင်းသတင်း
ရေဖြူမှာ စစ်ကောင်စီတပ်က ပြည်သူသုံးဆယ်ကျော်ကို လူသားဒိုင်းအနေနဲ့ဖမ်းပြီး စစ်ကြောင်းထိုးနေ
ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတဝိုက်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က ဒေသခံ ၃၀ ကျော်ကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးပြီး တစ်ရွာဝင်တစ်ရွာထွက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုလ ၈ ရက်နေ့စလို့ နဘုလယ်ရေနက်ဆိပ်ကမ်းတပ်စခန်းက စစ်ကောင်စီတပ်သားတွေဟာ နဘုလယ်ဒေသတဝိုက်ကိုစစ်ကြောင်းထိုးနေတာဖြစ်ပြီး မနေ့ကအထိလေးရက်အတွင်း ဖမ်းဆီးခံရသူ ၃၀ ကျော်အထိရှိပြီလို့ဒေသခံတွေကပြောပါတယ်။
“လမ်းတလျှောက်မှာတွေတာတွေရော ရွာထဲမှာရှိနေတာရောပဲ။ စစချင်းဖမ်းထားတဲ့သူတွေပါပြန်မလွတ်သေးဘူး” လို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်တပ်ထုတ်ကုန်တွေကိုသပိတ်မှောက်ဖို့ တိုက်တွန်းရင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခုကို မနေ့ကပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုကို ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ က ဦးဆောင်ပြုလုပ်ခဲ့တာပါ။
မနေ့က ပြုလုပ်တဲ့ လူထုသပိတ်လှုပ်ရှားမှုမှာ စစ်တပ်ထုတ် ကုန်ပစ္စည်းတွေဖြစ်တဲ့ အရက် ၊ ဘီယာ၊ စီးကရက် တချို့ကို မီးရှို့ဖျက်ခဲ့ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေကြွေးကြော်ချီတက်ခဲ့ကြတယ်လို့သိရပါတယ်။
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စစ်တပ်ပိုင် စီးပွားရေး ၊စစ်တပ်ပိုင်ကုမ္ပဏီတွေရဲ့ ထုတ်ကုန်များ တင်ပို့ရောင်းချမှုတွေကနေ စစ်ကောင်စီအတွက် ဝင်ငွေအများအပြား ရရှိနေလို့ စစ်တပ်ပိုင်ထုတ်ကုန်တွေကို လုံးဝရောင်းဝယ်သုံးစွဲတာမျိုးမလုပ်ဘဲ သပိတ်မှောက်ကြဖို့ ထားဝယ်ခရိုင်သပိတ်ကော်မတီကတိုက်တွန်းထားပါတယ်။
ရှစ်လေးလုံးနေ့က တိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ဗိုလ်အပါအဝင် နှစ်ဦးသေဆုံး
လောင်းလုံးမြို့နယ်မှာ ရှစ်လေးလုံးနေ့က စစ်ကောင်စီတပ်ကားတစ်စီးတိုက်ခိုက်ခံခဲ့ရပြီး ဗိုလ်အပါအဝင်နှစ်ဦးသေဆုံးပြီး လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အခုလ ၈ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ကျောက်နီမော်ရွာဘက်ကနေ ကျောက်ဝပ်ပြင်ရွာဘက်ကို ဦးတည်ထွက်လာတဲ့ စစ်ကောင်စီတပ်သားနဲ့ ပျူစောထီးအဖွဲ့ဝင် အင်အား ၁၀ ဦးဝန်းကျင်ပါ ကားတစ်စီးနဲ့ ဆိုင်ကယ် တစ်စီးကို လမ်းမှာ ခြုံခိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုမိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း ရေဖြူမြို့နယ်၊ ကျောက်ရှပ်ရွာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၄၁၀)က ဗိုလ်ဝေမင်းသူနဲ့ ပျူစောထီး စုကမ်းတို့ ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၃ ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရကာ နောက် ၃ ဦးကတော့ အသေးစားဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
နေအိမ်မှာပစ္စည်းပြန်ယူလို့အဖမ်းခံခဲ့ရတဲ့ ရငဲရွာက စစ်ရှောင်အမျိုးသားသုံးဦးပြန်လွတ်
နေအိမ်မှာပစ္စည်းပြန်သွားယူလို့အဖမ်းခံခဲ့ရတဲ့ သရက်ချောင်းမြို့နယ်၊ ရငဲရွာက စစ်ရှောင်အမျိုးသားသုံးဦးပြန်လွတ်လာတယ်လို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
အခုလ ၅ ရက်နေ့က နေအိမ်မှာ ပစ္စည်းပြန်ယူတဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကရိုက်နှက်နှိပ်စက်ခဲ့ပြီး အမျိုးသမီးတွေကို နေ့တွင်းချင်းပြန်လွှတ်ပေးခဲ့ကာ အမျိုးသားတွေကိုတော့ ဆက်ဖမ်းထားခဲ့ပါတယ်။
စစ်ကောင်စီတပ် စခန်းချတပ်စွဲထားတဲ့ ရငဲရွာက မြွေတောင်မှာ ဖမ်းဆီးထားတာပြီး သုံးရက်အကြာ အခုလ ၈ ရက်နေ့က ပြန်လွတ်လာခဲ့တယ်လို့ သိရပါတယ်။
လောင်းလုံးက ပျူစောထီးအဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရ
လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာကပျူစောထီးတစ်ဦးကို လောင်းလုံးမြို့နယ်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပူးပေါင်းပစ်ခတ်ခဲ့တယ်လို့ ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့ဆီကသိရပါတယ်။
ပစ်သတ်ခံရသူဟာ အသက် ၂၄ နှစ်ဝန်းကျင်အရွယ် လက်နက်ကိုင် ပျူစောထီး ကိုဂွမ်မိုးဆိုသူဖြစ်တယ်လို့ သိရပါတယ်။
သူ့ကို သြဂုတ်လ ၁၀ ရက် မွန်းလွဲ ၁ နာရီခွဲမှာ လောင်းလုံးမြို့နဲ့ စမ်းလှမ်းရွာကြားက လမ်းပိုင်းတစ်နေရာမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက စောင့်ကြိုပစ်ခတ်ခဲ့ကြတာပါ။
သူဟာစစ်ကောင်စီတပ်ရင်းကပေးတဲ့ ပျူစောထီး သင်တန်းဆင်းထားသူဖြစ်ပြီး ပစ်ခတ်ချိန်မှာ လက်ထိပ် ၁ ခု၊ ဖုန်းနဲ့ ပိုက်ဆံအိတ်တို့ကို သိမ်းဆည်းမိခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်သား နှစ်ဦး KNU ထံ လက်နက်နဲ့တကွ လာရောက်ပူးပေါင်း
အကြမ်းဖက်စစ်ကောင်စီတပ်က ဒု-တပ်ကြပ် (၁)ဦး နဲ့ တပ်သား (၁)ဦး ဟာ ကင်အမျိုးသား အစည်းအရုံး KNU ရဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) ထံ လက်နက်နဲ့ တကွလာရောက်ပူးပေါင်းခဲ့တယ် လို့ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်ကို မနှစ်သက်တော့တာကြောင့် တော်လှန်ရေး ပြီးဆုံးချိန်အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ အတူ အာဏာရှင်စနစ်အား တွန်းလှန်တိုက်ထုတ် တိုက်ပွဲဝင်ဖို့ အတွက် လာရောက်ပူးပေါင်းကြတာဖြစ်တယ်လို့ လည်း KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တပ်မ-၄၄ လက်အောက်ခံ ခမရ-၁၁၈ က ဒု-တပ်ကြပ် ဇော်မျိုးခိုင် (၃၆) နှစ် နဲ့ တပ်သား အောင်မျိုးဇော် ၂၃ နှစ် တို့ဟာ KNLA−ပူးပေါင်းတပ်ဖွဲ့ထံလက်နက်နဲ့ တကွ လာရောက်ပူးပေါင်းခဲ့ကြောင်း KNLA−ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘော ကပြောပါတယ်။
The Tanintharyi Times
