စက်တင်ဘာလ ၂၅ ရက် မနက်ခင်းသတင်း
စက်တင်ဘာလ ၂၅ ရက် မနက်ခင်းသတင်း
ကရင်တိုင်းရင်းသား ၃ ဦးကို ပစ်သတ်ပြီး PDF သေတယ်လို့ သတင်းအမှားဖြန့်
သရက်ချောင်းမြို့နယ်မှာ စစ်ကောင်စီတပ်က လမ်းပြနေနဲ့ဖမ်းခေါ်လာတဲ့ ကရင်တိုင်းရင်သား ၃ ဦးကိုပစ်သတ်ခဲ့တယ်လို့ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်ချယ်နယ်တွေမှာ PDF တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးတယ်ဆိုပြီး သတင်းဖြန့်ဝေမှုတွေရှိနေပါတယ်။
မြေပြင် ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေက PDF တပ်ဖွဲ့ဝင်ကျဆုံးခဲ့တာကို အတည်ပြုပြောဆိုခဲ့ပြီး ကျန်တဲ့သုံးဦးက ဒေသခံပြည်သူတွေဖြစ်တယ်လို့ တုံ့ပြန် ပြောဆိုပါတယ်။
ခမောင်းချောင်းရွာကနေအိမ်တွေကို စစ်ကောင်စီတပ်မီးရှို့
ရေဖြူမြို့နယ်၊ ခမောင်းချောင်းရွာက နေအိမ်တွေကို စစ်ကောင်စီတပ်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အခုလ ၂၁ ရက်ကစလို့ ရေဖြူအနောက်ဖက်ကမ်းမှာ စစ်ကြောင်းထိုးသွားလာနေတဲ့ စစ်ကောင်စီတပ်တွေဟာ မနေ့က နေလယ် ၁၂ နာရီလောက်မှာ ခမောင်းချောင်းရွာထိပ်က နေအိမ်တချို့ကိုမီးစရှို့ခဲ့တယ်လို့ သိရပါတယ်။
ညနေ ၃ နာရီလောက်မှာလည်း ခမောင်းချောင်းနဲ့ ဧကနိရွာကြားက နေအိမ်တချို့ကို မီးထပ်ရှို့ခဲ့ပြီး အနည်းဆုံး အိမ်လေးဆောင်မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပလမှာ ဖမ်းဆီးခဲ့တဲ့ အရပ်သား ဆယ်ဦးကျော်ထဲကနှစ်ဦးသာပြန်လွတ်
လွန်ခဲ့တဲ့ သုံးရက်က ဖမ်းဆီးခံခဲ့ရတဲ့ ပလမြို့က အရပ်သားဆယ်ဦးကျော်ထဲက နှစ်ဦးပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပလမြို့ရှိ အမှတ်(၃)နဲ့ အမှတ်(၄) ရပ်ကွက်နှစ်ခုက အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ကို သူတို့ရဲ့ နေအိမ်တွေကနေ စစ်ကောင်စီတပ်က ဖမ်းခေါ်သွားခဲ့ပါတယ်။
အဖမ်းခံထားရသူတွေထဲက အမျိုးသားနှစ်ဦးဟာ အဖမ်းခံရပြီး နောက်တစ်ရက်မှာ ပြန်လွတ်လာခဲ့ပြီး ကျန်တဲ့သူတွေက ပလမြို့မဲရဲစခန်းမှာ အဖမ်းခံထားရတုန်းပဲဖြစ်ပါတယ်။
အမျိုးသမီးတွေဦးဆောင်ပြီး လောင်းလုံးမှာ သပိတ်လှုပ်ရှားမှုပြုလုပ်
နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(RWU)က ဦးဆောင်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို မနေ့က လောင်းလုံးမြို့နယ်မှာ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြင့်တင်တဲ့အနေနဲ့ “ပုခက်လွှဲသောလက်တွေနဲ့ အာဏာရှင်စနစ်ကို တိုက်ဖျက်” ဆိုတဲ့ ဘန်နာကိုကိုင်ဆောင်ပြီး ဒေသခံအမျိုးသမီးတွေ၊ လူငယ်တွေပူးပေါင်းချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။
The Tanintharyi Times
