အောက်တိုဘာ ၁၃ ရက် The Tanintharyi Times ရဲ့ မနက်ခင်းသတင်း
အောက်တိုဘာ ၁၃ ရက် The Tanintharyi Times ရဲ့ မနက်ခင်းသတင်း
ခြေလျင်စစ်ကြောင်းထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဘုတ်ပြင်းမြို့နယ် ဝါးချောင်းကျေးရွာ ပြည်ထောင်စုကားလမ်းမကြီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စောင့်ကြိုတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့တွေ ထိခိုက်ဒဏ်ရာရတာနဲ့ သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ အောက်တိုဘာ ၁၂ ရက် မနက် ၅ နာရီခွဲအချိန်လောက်က တိုက်ပွဲဖြစ်ပွါးခဲ့တာဖြစ်ပြီး ၄၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွါးခဲ့ကာ စစ်ကောင်စီဘက်က ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်မတော် (တပ်ရင်း ၁)နဲ့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က သတင်း ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ထိခိုက်မှုမရှိပဲ ပြန်လည်ဆုတ်ခွါနိုင်ခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
—————————————
ရှမ်းကိုးရွာတွေဘက်ကို ဆန်သယ်ယူခွင့် စစ်ကောင်စီကန့်သတ်ထားလို့ ဒေသခံတွေအခက်အခဲကြုံနေရ
ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့က ထိုင်းနယ်စပ်ဖြစ်တဲ့ ဒေသအခေါ် ရှမ်းကိုးရွာလို့ခေါ်တဲ့ ကျေးရွာ ကိုးရွာကို ပြီးခဲ့တဲ့သြဂုတ်လကစပြီး စစ်ကောင်စီကဆန်သယ်ယူခွင့်ကန့်သတ်ခဲ့လို့ ဒေသခံတွေအခက်အခဲကြုံတွေ့နေရပါတယ်။
ရှမ်းကိုးရွာမှာ PDF စခန်းတွေရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အဲဒီကျေးရွာတွေကို ပြေးဆွဲနေတဲ့ လိုင်းကားတွေကို ဆန်သယ်ယူခွင့်ကန့်သတ်လိုက်တာဖြစ်ပါတယ်။
” အိမ်တစ်အိမ် စားဖို့အတွက် ၃/၄ အိတ်ဆိုရင်တော့တင်လို့ရပါတယ်၊ ၁၀ အိတ်လောက်ဆိုရင်တော့ အုပ်ချုပ်ရေးမှူးထောက်ခံစာလုပ်ရပါတယ်” လို့ ကျေးရွာနေသူတစ်ဦးကပြောပါတယ်။
—————————————
ကျိုက်ထီးရိုးဘုရား တောင်တက်လမ်းဂိတ်မှာ ပစ်ခတ်မှုဖြစ်ပွါး
ကျိုက်ထိုမြို့နယ်မှာရှိတဲ့ ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းဂိတ်မှာ ဒီကနေ့ အောက်တိုဘာ ၁၂ ရက်မနက် ၁၁ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွါးခဲ့ပြီး ဘုရားဖူးပြည်သူ အများအပြားထိခိုက်ကာ သုံးဦး သေဆုံးခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
‘’ ဖြစ်တာက တောင်တက်ဂိတ်မှာဖြစ်တာ။ဘယ်ဖက်ကပစ်လို့ဖြစ်တာလဲတော့ ကျွန်တော်တို့ မစိစစ်တတ်ဘူး။ ဘုရားဖူး ၃ဦးသေဆုံးပါတယ်။ ဒဏ်ရာရသူတွေလည်းရှိတယ်။ အကုန်လုံးကတော့ ဘုရားဖူးတွေပဲဖြစ်သွားတာ။ နယ်ခံတွေမပါဘူး’’ လို့ ထိခိုက်သူတွေကို ကူညီမှုတွေလုပ်ဆောင်ပေးနေတဲ့ ကင်မွန်းစခန်းရှိ လူမှုကူညီရေးအသင်းက ဘီဘီစီကို ပြောထားပါတယ်။
ကျိုက်ထိုဒေသရဲ့ သတင်းအချက်အလက်တွေကို အမြဲဖော်ပြနေတဲ့ Kyaikhto Information Team ကတော့ ကျိုက်ထီးရိုးဘုရားတောင်တက်လမ်းဂိတ်မှာ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အမည်မသိ လက်နက်ကိုင်လူတစ်စုက အနီးကပ်လာရောက်ပစ်ခတ်တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ပြန်လည် ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ရေးသားထားပါတယ်။
—————————————
သူရဦးရွှေမန်းရဲ့ပါတီ ဖျက်သိမ်း
စစ်တပ်အာဏာသိမ်းပြီးကတည်းက ပါတီလှုပ်ရှားမှု လုံးဝမရှိခဲ့တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UDP)ကို ဖျက်သိမ်းကြောင်း ပါတီဥက္ကဌသူရဦးရွှေမန်းက သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ ရေးသားဖော်ပြလာပါတယ်။
ပါတီကို ဦးဆောင်ဖွဲ့စည်းခဲ့တဲ့ ခေါင်းဆောင်တွေက ယခုအခါ အသက်အရွယ် ကြီးရင့်လာကြပြီး ကျန်းမာရေးချို့တဲ့သူတွေရှိသလို လူမှုရေးနဲ့ အခြား အခက်အခဲတွေ ရှိလာကြတာနဲ့ ပါတီနိုင်ငံရေးကို ဆက်လက်လုပ်ကိုင်ဖို့ ဆန္ဒမရှိကြတော့တာကြောင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအား နိုင်ငံရေးပါတီမှတ်ပုံတင်ထားတာကနေ ဖျက်သိမ်းဖို့ ဗဟိုအလုပ်အမှုဆောင်တွေက သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ သူ့ရဲ့စာမှာရေးသားထားပါတယ်။
ပါတီဖျက်သိမ်းတာကို အတည်ပြုချက်ရယူနိုင်ဖို့အတွက် သက်ဆိုင်ရာကို မနေ့က အောက်တိုဘာ ၁၁ ရက်မှာ တင်ပြထားတယ်လို့ ဆိုပါတယ်။
—————————————
တနင်္သာရီမြို့နယ်၊ သဘော့လိပ်ကျေးရွာကနေ ထွက်ခွာလာတဲ့ စစ်ကောက်စီစစ်ကြောင်းကို နဂါးစစ်သည်မဟာမိတ်တပ်ပေါင်းစုမှ ဒီကနေ့ အောက်တိုဘာ ၁၂ ရက် မနက် ၁၀ နာရီဝန်းကျင်က ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
ညောင်ပင်ကွင်း ကျေးရွာအုပ်စု၊ ထုံမခါကျေးရွာနဲ့ သဘော့လိပ် ကျေးရွာကြားမှာရှိတဲ့ ဘုရားတောင်အနီးမှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး မိနစ် (၂၀) ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ တပ်ပေါင်းစုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး နဂါးစစ်သည် မဟာမိတ်တပ်ပေါင်းစုတွေအနေနဲ့ ထိခိုက်မှုမရှိပဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
The Tanintharyi Times
