“တနေ့တာ မြန်မာ”

“တနေ့တာ မြန်မာ”

ဓာတ်ပုံ - RFA၊ NUG၊ ConnectBurma

စက်တင်ဘာလ ၂၈ ရက်၊ ဒီကနေ့မှာ နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ သတင်းတွေထဲကက ထူးခြားဖြစ်စဉ်တွေကို ကောက်နှုတ်ပြီးတနင်္သာရီတိုင်းမ် စာဖတ်သူတွေအတွက် တင်ပြလိုက်ပါတယ်။

“ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်တွေမှာ ဝင်လုပ်လို့ အဖမ်းခံရသူတွေထဲ မြန်မာတွေ အများဆုံးပါဝင်နေ”

ထိုင်းနိုင်ငံမှာ နိုင်ငံသားတွေသာလုပ်ခွင့်ရှိတဲ့အလုပ်အကိုင်တွေကို ဝင်ရောက်လုပ်ကိုင်တာကြောင့် ဖမ်းဆီးခံရတဲ့ရွှေ့ပြောင်းလုပ်သား ၃၀၀၀ ကျော်မှာ မြန်မာတွေအများဆုံးပါဝင်နေတယ်လို့ ဘီဘီစီက သတင်းဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ အခုတစ်ပတ် ၂၅ရက်နေ့အထိ နိုင်ငံတဝန်းမှာ ရွှေ့ပြောင်းလုပ်သားတွေကို ခန့်ထားတဲ့ လုပ်ငန်းခွင် ငါး‌သောင်းကျော်ကို စစ်ဆေးချိန်မှာ တွေ့ရှိခဲ့တာပါ။ တွေ့ရှိခဲ့တဲ့ ရွှေ့ပြောင်းလုပ်သားတွေထဲက အယောက် ၁,၈၀၀ ကျော်ဟာ မြန်မာတွေဖြစ်ပြီး ကျန်ရွှေ့ပြောင်းလုပ်သားတွေက ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ တခြားနိုင်ငံသားတွေပါ။ ဘန်ကောက်မြို့တော် အပါအဝင် ချင်းမိုင်၊ ချွန်ဘူရီ၊ နခွန်ပသွန်နဲ့ ရနောင်းခရိုင်တွေမှာ အများဆုံးတွေ့ခဲ့ရတာလို့ ဆိုပါတယ်။

ထိုင်းမှာ ရွှေ့ပြောင်းလုပ်သားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ ကန့်သတ်အလုပ်အကိုင် ၄၀ အထိရှိပြီး ကန့်သတ်လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်တဲ့ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းဘတ်ငွေ ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံရတာနဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့် ၂ နှစ်အပိတ်ခံရမှာ ဖြစ်ပါတယ်။

“မိုးထိမိုးမိ ရွှေသူဌေး ဦးစိုးထွန်းရှိန် ထောင် ၁၀ နှစ်ချမှတ်ခံရ”

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်ကို မိုးထိမိုးမိဒေသ ရွှေတွင်းလုပ်ကွက် ကိစ္စတွေနဲ့ ပတ်သက်လို့ တရားရင်ဆိုင်နေရတဲ့ အမှုတွေထဲက တစ်မှုကို မန္တလေးတိုင်း ရမည်းသင်းခရိုင် တရားရုံးကနေ အခုလ ၂၇ ရက်နေ့မှာ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ RFA က သတင်းဖော်ပြပါတယ်။ နိုင်ငံ့ဘဏ္ဍာကို ရွှေပိဿာတစ်ထောင်ကျော် ပေးသွင်းဖို့ရှိတာ၊ ရွှေထုတ်လုပ်တာ ရပ်ဆိုင်းထားဖို့ ညွှန်ကြားတာကို မလိုက်နာတာ စတဲ့အကြောင်းအရာတွေအတွက် အမှုသုံးခုခွဲပြီး တရားစွဲဆိုထားတာပါ။ အခုအမိန့်ချခဲ့တာကတော့ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေပုဒ်မ-၃ နဲ့ ထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဦးစိုးထွန်းရှိန်ရဲ့ အမှုသုံးခုမှာ ကျန်တဲ့အမှုနှစ်ခုကတော့ သတ္တုတွင်း ဥပဒေ ပုဒ်မ ၃၀ (က) (၁) အမှုနဲ့ ရွှေ ၁၂၉၃ ပိဿာရလိုကြောင်း သူ့ကိုစွဲထားတဲ့ တရားမမှုတို့ ဖြစ်ပါတယ်။ ဦးစိုးထွန်းရှိန်ကို နိုင်ငံတော်ကိုသွင်းရမယ့် ရွှေကြွေးကျန်တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၁၈ ခုနှစ်မှာ သတ္တုတွင်းဝန်ကြီးဌာနက တရားလိုလုပ် တရားစွဲခဲ့ပြီးနောက် တိမ်းရှောင်နေတဲ့ ဦးစိုးထွန်းရှိန်ကို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ သူ့ကို့ ရမည်းသင်းအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာပါ။

“လောက်ကိုင်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်တဲ့တရုတ် ၄၀၀ နီးပါးကို ဖမ်းဆီး”

မြန်မာ-တရုတ်နယ်စပ်မြို့ လောက်ကိုင်မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူ တရုတ်နိုင်ငံသား ၃၇၇ ဦးကို ဖမ်းဆီးထားတယ်လို့ ဘီဘီစီသတင်းအရသိရပါတယ်။ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက လောက်ကိုင်မြို့မှာ အခုလိုတရုတ်နိုင်ငံသားရာဂဏန်းကို ပထမဆုံးအကြိမ် ဖမ်းဆီးပြီး တရုတ်နိုင်ငံကိုလွှဲအပ်မှာ ဖြစ်ပါတယ်။၎င်းတို့ကို လဝက က ပြည်နှင်ဒဏ်ပေးတဲ့ ပုံစံနဲ့ တရုတ်ရဲကို လွှဲမယ် လို့ ဘီဘီစီက ဖော်ပြပါတယ်။ အခုလဆန်းက ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) က ဝ ဒေသထဲက အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၁၂၀၇ ဦးကို တရုတ်နိုင်ငံကို လွှဲပေးခဲ့ပြီး မြန်မာဘက်ကနေ အများဆုံးလွှဲပေးမှု ဖြစ်ပါတယ်။ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တားဆီးဖို့ မြန်မာ-တရုတ် နယ်စပ် ယူနန်ပြည်နယ်ဘက်မှာ နောက်လ ၁ ရက်က စလို့ ကန့်သတ်ဇုန်တည်ထောင်မယ်လို့ တရုတ်အစိုးရက ကြေညာထားတဲ့အကြောင်း South China Morning Post က သတင်းဖော်ပြထားပါတယ်။

“ကုလလူ့အခွင့်အရေးမဟာမင်းကြီး မြန်မာ့အရေး အစီရင်ခံစာ စစ်ကောင်စီကန့်ကွက်”

ကလေးငယ်နဲ့ ဒေသခံပြည်သူအများအပြားသေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာတိုက်ခိုက်မှု၊ ကချင်ပြည်နယ် အနန့်ပါကျေးရွာတိုက်ခိုက်မှုအပါအဝင် အရပ်သားတွေ‌ပါ သေဆုံးခဲ့ရတဲ့ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာကို စစ်ကောင်စီက ကန့်ကွက်လိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပနေတဲ့ ၅၄ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ မဟာမင်းကြီး Volker Türk တင်ပြတဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီအရင်ခံစာနဲ့ အခုလ ၂၆ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးမှုတွေဟာ မလိုအပ်တဲ့ကိစ္စတွေအဖြစ် ဂျနီဗာမြို့မှာရှိတဲ့ ကုသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။ လူ့အခွင့်အရေးကောင်စီဟာ စစ်ကောင်စီက အတည်ပြုထားတဲ့အချက်အလက်တွေကို တမင်ထိန်ချန်ပြီး ဘက်လိုက်ဖော်ပြထားတယ်လို့လည်း တုံ့ပြန်ထားပါတယ်။

လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်တွေနဲ့ စစ်ကိုင်းတိုင်း CRSH ဥက္ကဌတို့ တွေ့ဆုံဆွေးနွေး”

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်တွေ၊ ယင်းမာပင်-ဆားလင်းကြီး ကျေးရွာပေါင်းစုံ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်တွေနဲ့ စစ်ကိုင်းတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ(CRSH) ဥက္ကဌတို့ အခုလ ၂၂ရက်နေ့က မြေပြင်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ စစ်ကိုင်းတိုင်း CRSH ဥက္ကဌ ဦးမြင့်ထွေး၊ CRSH အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းတို့နဲ့ လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင်တွေ တွေ့ဆုံရာမှာ တော်လှန်ရေးနဲ့ နိုင်ငံရေးဆိုင်ရာအခြေအနေတွေကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။

“မြဝတီမြို့နယ် ထွေ/အုပ်ရုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ Federal Wings ဒရုန်းတပ်ဖွဲ့ကို NUGအစိုးရ ကျပ်သိန်း၁၀၀ ချီးမြှင့်”

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ Federal Wingsဒရုန်းတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ငွေကျပ်သိန်း ၁၀၀ ဆုငွေချီးမြှင့်ခဲ့တယ်လို့ NUGအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။ အဆိုပါ စစ်ဆင်ရေးကို အောင်မြင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒရုန်းလက်ရုံးတပ် (၁၈၀၁) _ Federal Wings ကို ဆုငွေအဖြစ် မြန်မာကျပ်ငွေ သိန်း ၁၀၀ ချီးမြှင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလ ၃ရက်နေ့ ညဦးပိုင်းက မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှာ လုံခြုံရေးအစည်းအဝေးပြုလုပ်နေချိန် Federal Wingsက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မြ၀တီခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုရဲမှူး နေလင်းစိုး အပါအဝင် ၅ ဦး ဗုံးထိမှန် သေဆုံးပြီး ၁၁ဦး ဒါဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

The Tanintharyi Times