ငွေတောင်းကြမ်းတယ်လို့ နာမည်ကြီးတဲ့ တနင်္သာရီက စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ငွေတောင်းကြမ်းတယ်လို့ နာမည်ကြီးတဲ့ တနင်္သာရီက စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

ပုံစာ - ညောင်ပင်ကွင်းတံတား(ပုံဟောင်း)

တနင်္သာရီမြို့နယ်ထဲက တံတားတစ်ခုမှာ စစ်ဆေးနေတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ ညောင်ပင်ကွင်းရွာတံတားစစ်ဆေးရေးဂိတ်ဟာ ဒီကနေ့ မနက် ၅ နာရီခွဲဝန်းကျင်က အလစ်ငိုက်တိုက်ခိုက်ခံရတာဖြစ်ပြီး လာရောက်ပစ်ခတ်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မိနစ် ၂၀ ဝန်းကျင်အကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဂိတ်မှာ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ညောင်ပင်ကွင်းရွာအခြေစိုက် ခြေမြန်တပ်ရင်း ခမရ(၅၆၁)က စစ်ကောင်စီတပ်သားတွေ ပူးပေါင်းစစ်ဆေးလေ့ရှိတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ပစ်ခတ်မှုအတွင်း အရာခံဗိုလ်တစ်ဦးကျတယ်လို့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကပြောသလို တပ်နဲ့နီးစပ်သူတစ်ဦးကလည်း အတည်ပြုပြောဆိုပါတယ်။

“ဗိုလ်ကျတော့ ခမရ(၅၆၁) တပ်ရင်းထဲကိုသယ်လာပြီး အဲဒီထဲမှာပဲ မြှုပ်လိုက်တယ်။” လို့ အလောင်းကို မျက်မြင်တွေ့ခဲ့ရတဲ့ တပ်နဲ့နီးစပ်သူက ပြောပါတယ်။

အခုတိုက်ခိုက်ခံရတဲ့ ညောင်ပင်ကွင်းတံတားဟာ ညောင်ပင်ကွင်းရွာအရှေ့ကမ်းနဲ့ အနောက်ကမ်းကိုဆက်သွယ်ထားတာဖြစ်ပါတယ်။

“အဲဒီဂိတ်က တအားဆိုးဆိုးဝါးဝါးထဲတော့မပါဘူး။ ပျူနဲ့စကစတွေပေါင်းပြီးဖွင့်နေတဲ့ဂိတ်ပေါ့ဗျာ။ ပိုက်ဆံကတော့ကောက်တယ်။ တော်တော်ကောက်ကြမ်းတယ်။ တအားရစ်တာမျိုးတော့မရှိဘူး။” လို့ ညောင်ပင်ကွင်းရွာဒေသခံ အမျိုးသားတစ်ဦးက ပြောတယ်။

တချို့ကားသမားတွေဆိုရင် မပေးနိုင်လို့ ဒီလမ်းကြောင်းကိုမလာဘဲ တခြားလမ်းကပဲ ရှောင်ကွင်းသွားကြလေ့ရှိတယ်လို့ အဲဒီအမျိုးသားက ပြောပါတယ်။

ညောင်ပင်ကွင်းရွာတံတားတိုက်ခိုက်ခံရပြီးနောက်မှာတော့ အဲဒီဂိတ်မှာ လမ်းသွားလမ်းလာတွေကို အရင်ကထက် အစစ်အဆေးတင်းကြပ်နေတယ်လို့ သိရပါတယ်။

ဒီညောင်ပင်ကွင်းတံတားစစ်ဆေးရေးဂိတ်ဟာ အခုနှစ် သြဂုတ်လနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွေမှာ တိုက်ခိုက်ခံရပြီး တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

ဒီလိုနှစ်ဖက်ပစ်ခတ်မှု တိုက်ပွဲတွေအပြင် တော်လှန်ရေးအင်အားစုတွေဘက်က အလစ်ငိုက်ဝင်တိုက်ခိုက်တာတွေလည်းရှိနေပြီး စစ်အာဏာသိမ်းပြီးချိန်ကစလို့ အခုချိန်ထိလေးကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

The Tanintharyi Times