ကော်သူးလေတပ်မတော်က ကြားဖြတ်ပစ်ခတ်လို့ KNLA ရဲဘော်တစ်ဦးကျဆုံး
ကော်သူးလေတပ်မတော်က ကြားဖြတ်ပစ်ခတ်လို့ KNLA ရဲဘော်တစ်ဦးကျဆုံး
ထားဝယ်မြို့နယ်၊ အရှေ့တောဒေသမှာ ကော်သူးလေတပ်မတော်က ချောင်းပစ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ရဲ့ ရဲဘော်တစ်ဦးကျဆုံးသွားတယ်လို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။
အခုလ ၂၁ ရက်နေ့က မေတ္တာ-ထီးခီးလမ်းပေါ်က အိုင်ဝိုင်း(ရွာဟောင်း)အနီးမှာ ကော်သူးလေတပ်မတော် ဘက်က ကြားဖြတ်ပစ်ခတ်ခဲ့တာလို့ တပ်မဟာ ၄ ဘက်ကပြောပြချက်အရသိရပါတယ်။
အဲဒီပစ်ခတ်မှုအတွင်း KNLA တပ်ရင်း ၁၀ ကရဲဘော်တစ်ဦးကျဆုံးခဲ့တယ်လို့ ပဒိုစောအယ်နားက ဆိုပါတယ်။
“ကျနော်တို့တပ်ဖွဲ့တွေ တပ်မဟာကိုလာတဲ့အချိန် လမ်းမှာပစ်ခံရတာ။ သူတို့ကရည်ရွယ်ချက်ရှိရှိနဲ့စောင့်ပြီး ချောင်းပစ်တာဆိုတော့ ကျနော်တို့ဘက်ကထိတာပေါ့။ ပစ်တာသိပ်မကြာဘူး။ ကျနော်တို့ရဲဘော်တစ်ဦးကျတယ်၊ သေနတ်တစ်လက်ပါသွားတယ်” လို့ မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုစောအယ်နားကပြောပါတယ်။
အဲဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကော်သူးလေတပ်မတော် ဆာကဆောတပ်မဘက်ကို တနင်္သာရီတိုင်းမ်က ဆက်သွယ်နေပေမဲ့ ဆက်သွယ်လို့ မရသေးပါဘူး။
ကော်သူးလေတပ်မတော် ဆာကဆောတပ်မရဲ့ ရဲဘော်တစ်ဦးကတော့ KNLA တပ်ရင်း ၁၀ နဲ့တိုက်ပွဲဖြစ်ပွားပြီး M-4 သေနတ်တစ်လက်သိမ်းမိခဲ့တယ်လို့ လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
လူမှုကွန်ရက်မှာတင်ထားတဲ့ ရုပ်သံမှာလည်း ကော်သူးတပ်မတော် ဆာကဆောတပ်မရဲ့ ဗိုလ်မှူးချုပ် ဗိုလ်အယ်ခွီး(ကော်လာဖိုး)ကိုယ်တိုင်ဝင်ရောက်ပစ်ခတ်နေတာကို တွေ့ရပါတယ်။
အဲဒီလမ်းဟာ အရင်တုန်းကစစ်ကောင်စီတပ်သားတွေဘက်ကလည်း အသုံးပြုသွားလာတဲ့လမ်းဖြစ်ပေမဲ့ KNU တပ်မဟာ ၄ ဘက်က နယ်မြေရှင်းလင်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်က သွားလာတာမရှိတော့ဘူးလို့ တပ်မဟာ ၄ ဘက်ကပြောပါတယ်။
ပြီးခဲ့တဲ့လ ၁၃ ရက်နေ့ကလည်း ထားဝယ်-ထီးခီးလမ်းပိုင်းမှာရှိတဲ့ ရင်ကွဲတောင်အနီးမှာ KNU တပ်မဟာ ၄ နဲ့ KNLAက အရာရှိတွေလိုက်ပါလာတဲ့ကားတန်းက ရှေ့ပြေးကားနှစ်စီး ကြားဖြတ်ပစ်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဥ်မှာလည်း KNLA ရဲဘော် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
အဲဒီလိုတိုက်ခိုက်ခံနေရတာဟာ စစ်ကောင်စီကိုတိုက်ခိုက်နေချိန်အနှောက်အယှက်ဖြစ်ပြီး ရဲဘော်တွေထိခိုက်သေဆုံးတာတွေ ရှိလာတာကြောင့် နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
“ကျနော်တို့တပ်ဖွဲ့ဝင်တွေသွားလာနေတဲ့လမ်းတလျှောက်က လုံခြုံရေးကိုတော့ပြန်လုပ်ရမှာပဲလေ။ ပြီးတော့ ရဲဘော်အခြေစိုက်တဲ့နေရာတွေရဲ့ လုံခြုံရေးပေါ့နော်။ ဒါတွေ မဆောင်ရွက်နိုင်ရင် စကစနဲ့တိုက်ဖို့ကအဆင်မပြေဘူး။ ဘာလို့ဆို အရှေ့မှာသွားပစ်နေတုန်း အနောက်ကလူကကျနော်တို့ကိုလာပစ်ရင် တော်တော်ခံရမှာ” လို့ ပဒိုစောအယ်နားကပြောပါတယ်။
KNU တပ်မဟာ ၄ နဲ့ ကော်သူးလေတပ်မတော်တို့ဟာ ပြီးခဲ့တဲ့နှစ် နှစ်ဆန်းပိုင်းကစလို့ နှစ်ဖက်တိုက်ပွဲတွေအထိရှိခဲ့ပြီး နှစ်ဖက်စလုံးမှာလည်း ရဲဘော်ကျဆုံးတာနဲ့ ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။
အခုနှစ်အတွင်းလုပ်ဆောင်ခဲ့တဲ့ ထားဝယ်ခရိုင်အတွင်းက စခန်းသိမ်းတိုက်ပွဲတွေမှာတော့ KNLA တပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတူနဲ့ ကော်သူလေတပ်မတော်ကရဲဘော်တချို့ ပူးပေါင်းပြီး တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။
The Tanintharyi Times
