ရန်ကုန်-ထားဝယ်ကားလမ်းပေါ်က ဘုရားမဲစစ်ဆေးရေးဂိတ်အနီးမှာ စစ်ကောင်စီတပ်အတွက်အလုပ်လုပ်နေသူ နှစ်ဦးပစ်သတ်ခံရ
ရန်ကုန်-ထားဝယ်ကားလမ်းပေါ်က ဘုရားမဲစစ်ဆေးရေးဂိတ်အနီးမှာ စစ်ကောင်စီတပ်အတွက်အလုပ်လုပ်နေသူ နှစ်ဦးပစ်သတ်ခံရ
ရန်ကုန်-ထားဝယ်ကားလမ်းပေါ်က ဘုရားမဲစစ်ကောင်စီဂိတ်အနောက်ဘက်မှာ စစ်ကောင်စီတပ်သားတွေနဲ့အတူတူ အလုပ်လုပ်ကိုင်နေသူနှစ်ဦး ပစ်သတ်ခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မောင်မယ်ရှောင်ရွာအနီးနေထိုင်တဲ့ သူတို့နှစ်ယောက်ကို တော်လှန်ရေးအဖွဲ့တစ်ခုက အခုလ ၂၂ ရက်ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးရေးဂိတ်အနောက်ဘက်က ရထားလမ်းအနီးမှာ ပစ်သတ်ခံခဲ့ရတာပါ။
ပစ်သတ်ခံရသူတွေကတော့ အသက် ၃၀ ဝန်းကျင်အရွယ် ထားဝယ်ဒေသခံတွေဖြစ်တဲ့ ကိုကျော်ကျော်မြင့်နဲ့ ကိုဇင်မျိုးသန့်အောင် တို့ဖြစ်တယ်လို့ သိရပါတယ်။
“သူတို့က စစ်သားနဲ့ဘာမှမကွာဘူး။ စစ်တပ်ဂိတ်မှာ ကင်းစောင့်တယ်၊ ခိုင်းတာတွေလုပ်တယ်။ လက်ရှိကတော့ ဒီနားမှာလှုပ်ရှားနေတဲ့ အဖွဲ့တွေကိုလိုက်စုံစမ်းနေတာ” လို့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်တဲ့ဒေသခံတစ်ဦးကပြောပါတယ်။
အခုပစ်သတ်ခံရသူထဲက ကိုကျော်ကျော်မြင့်ဟာ လက်နက်ကိုင်ဆောင်ထားသူဖြစ်ပြီး ကိုဇင်မျိုးသန့်အောင်ကတော့ သူ့ရဲ့တပည့်ဖြစ်တယ်လို့ သိရပါတယ်။
သူတို့ရဲ့မိဘတွေကတော့ ကျောက်ကညာရွာအခြေစိုက် တပ်ရင်းတွေထဲမှာနေထိုင်တဲ့စစ်ကောင်စီတပ်သားမိသားစုတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပစ်သတ်ခံထားရတဲ့ သူတို့ရဲ့အလောင်းတွေကတော့ မနေ့ကမနက်ပိုင်းအထိ လမ်းပေါ်မှာရှိနေခဲ့လို့ လမ်းသွားလမ်းလာအများအပြားက တွေ့ရှိခဲ့ကြပါတယ်။
အဲဒီနောက် ဘုရားမဲဂိတ်က စစ်ကောင်စီတပ်သားတွေ လာရောက်ကြည့်ရှုခဲ့ကြပြီး အရေးပေါ်ကားနဲ့ တင်ဆောင်သွားတယ်လို့ သိရပါတယ်။
အခုပစ်သတ်ခံရတဲ့နေရာဟာ စစ်ကောင်စီတပ်သားတွေ အခိုင်အမာတပ်စွဲထားတဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်နဲ့ မီတာ ၃၀၀ ကျော်လောက်သာကွာဝေးပါတယ်။
အခုလ ၂၂ ရက်တစ်ရက်တည်းမှာပဲ ကလိန်အောင်မြို့ ကျောက်ရှပ်ရွာက စစ်ကောင်စီသတင်းပေး ဆိုသူ ဦးသိန်းစိုးကို Spring Dhamma ပြည်သူ့ကာကွယ်ရေးတပ်က ပစ်သတ်ခဲ့ပါတယ်။
The Tanintharyi Times

