ရန်ကုန်-ထားဝယ်ကားလမ်းပေါ်က ကလိန်အောင်စစ်ဆေးရေးဂိတ်မှာ မြေတင်ကားတွေကို ချောဆွဲဖို့ စာရင်းယူနေ

ရန်ကုန်-ထားဝယ်ကားလမ်းပေါ်က ကလိန်အောင်စစ်ဆေးရေးဂိတ်မှာ မြေတင်ကားတွေကို ချောဆွဲဖို့ စာရင်းယူနေ

ပုံစာ _ မြေတင်ကားတွေကို အသုံးပြုသွားလာနေတဲ့ စစ်ကောင်စီတပ်သားတွေ

ရေဖြူမြို့နယ်၊ ရန်ကုန်-ထားဝယ်ကားလမ်းပေါ်က ကလိန်အောင် တံတားစစ်ဆေးရေးဂိတ်ကနေ ဖြတ်သန်းသွားလာတဲ့ မြေတင်ကားတွေကို ဂိတ်စောင့် စစ်ကောင်စီတပ်သားတွေက ချောဆွဲဖို့အတွက် လိပ်စာနဲ့ ဖုန်းနံပါဒ်တွေတောင်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလ ၁၃ရက်၊ ပြီးခဲ့တဲ့စနေနေ့ကစတင်ကာ လိပ်စာနဲ့ဖုန်းနံပါဒ်တွေ တောင်းယူခဲ့တာဖြစ်ပြီး သူတို့ခေါ်ယူတဲ့အချိန်လာခဲ့ဖို့လည်း သတိပေးထားကြောင်း ယာဉ်မောင်းတွေကပြောပါတယ်။

“အုတ်၊ သဲ၊ ကျောက်တင်ပြီးဖြတ်သွားနေတဲ့ကားတွေပါ။ အလုပ်လုပ်နေတဲ့ကားတွေပါ။ လိပ်စာနဲ့စာရင်းယူတာကတော့ တံတားကိုဖြတ်တဲ့ကားအကုန်လုံးပဲ” လို့ ယာဥ်မောင်းအမျိုးသားတစ်ဦးက ပြန်ပြောပြပါတယ်။

လိပ်စာတောင်းယူခံရတာကတော့ ကံပေါက်ဒေသက မြေတင်ကားတွေနဲ့ ကလိန်အောင်မြို့တဝိုက်ကမြေတင်ကားတွေ​ဖြစ်ပြီး ၁၀ စီးဝန်းကျင်အထိရှိတယ်လို့ သိရပါတယ်။

သူတို့ခေါ်ယူတဲ့အချိန်မလာရင် ဖမ်းဆီးမယ်လို့ စစ်ကောင်စီတပ်သားတွေက ခြိမ်းခြောက်ထားကြောင်းလည်း ယာဉ်မောင်းတွေထံက သိရပါတယ်။

မနေ့ကတော့ မြေတင်ကားမောင်းသူအချို့ကို အဲဒီစစ်ကောင်စီဂိတ်က ခေါ်ယူထားပေမဲ့ စိုးရိမ်ပြီးမသွားကြသလို အချို့ကလည်း နေရာပြောင်းရွှေ့ပြီး တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

“အခုက ကားမဆွဲရဲတော့ဘူး။ သူတို့ကိုကားပေးလိုက်ရင် ဘာအာမခံချက်မှမရှိပါဘူး။ လမ်းမှာကြားဖြတ်တိုက်ခံရပြီး ကားကပျက်စီးဖို့ကသေချာနေတယ်” လို့ ယာဥ်မောင်းအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ ကြားဖြတ်မိုင်းဆွဲခံရတာတွေများလာချိန်မှာ စစ်တပ်ကားတွေအစား အရပ်သားတွေရဲ့ကားတွေကိုချောဆွဲအသုံးပြုတာတွေ ပိုမိုပြုလုပ်လာတာပါ။

အများဆုံးအသုံးပြုတာကတော့ လုပ်ငန်းခွင်တွေမှာအသုံးပြုတဲ့ မြေတင်ကားတွေဖြစ်ပြီး ကားအနောက်ကသံဘောင်တွေပတ်လည်ကာထားတဲ့အထဲမှာ စစ်ကောင်စီတပ်သားတွေ စီးနင်းလိုက်ပါကြတာဖြစ်ပါတယ်။

ကလိန်အောင်တံတားစစ်ကောင်စီ စစ်ဆေးရေးဂိတ်ဟာ အဝေးပြေးယာဉ်တွေနဲ့ လမ်းသွားလမ်းလာတွေဆီက ငွေကြေးတောင်းခံတာတွေကို ဂိတ်စောင့် ရဲနဲ့စစ်သား ၁၀ ဦးဝန်းကျင်က ပုံမှန်ပြုလုပ်နေတဲ့ စစ်စခန်းတစ်ခုဖြစ်ပါတယ်။

The Tanintharyi Times