ထားဝယ်မြို့နယ် ဟိန္ဒားရွာက စစ်ကောင်စီစခန်းတိုက်ခိုက်ခံရ

ထားဝယ်မြို့နယ် ဟိန္ဒားရွာက စစ်ကောင်စီစခန်းတိုက်ခိုက်ခံရ

ထားဝယ်မြို့နယ်၊ ဟိန္ဒားရွာက စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်တွေကလာရောက်ပစ်ခတ်ပြီးနော​က် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ​ဒေသခံတွေကပြောပါတယ်။

ဒီနေ့မနက် ၁၁ နာရီလောက်က စခန်းတဝိုက်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နာရီဝက်ခန့်အကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ပေါက်ကွဲသံအရင်ကြားပြီးတာနဲ့ဆက်တိုက်ပစ်ကြတာ။ စက်သေနတ်သံတွေဆို လုံးဝမရပ်ဘူး။ ခဏခဏဖြစ်နေတာဆိုတော့ ရွားသားတွေလည်းသိပ်မပြေးတော့ဘူး” လို့ဟိန္ဒားဒေသခံတစ်ဦးကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီဘက်ကလည်း တပ်စခန်းရဲ့အရှေ့ဘက်က ဥယျာဥ်ခြံတွေဘက်ကိုလက်နက်ကြီး ဆယ်နဲ့ချီပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

တိုက်ပွဲကြောင့် နှစ်ဖက်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေထိခိုက်မှုအခြေအနေအသေစိတ်ကိုတော့မသိရသေးပါဘူး။

ပြီးခဲ့တဲ့နိုဝင်ဘာလ ဒုတိယပတ်နဲ့ တတိယပတ်ကလည်း ဟိန္ဒားရွာက စစ်ကောင်စီစခန်းတိုက်ခိုက်ခံရပြီးနောက် တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ဒီနေ့တိုက်ခိုက်မှုအပါအဝင် ဟိန္ဒားရွာကတိုက်ခိုက်မှုတွေကို ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ထားတာမရှိပါဘူး။

စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ဟိန္ဒားရွာအဝင်လမ်းထိပ်မှာရှိတဲ့ ကိုလိုနီခေတ်အဆောက်အအုံနဲ့​ မိုင်းလုပ်ငန်းကုမ္မဏီပိုင်အဆောက်အအုံတွေမှာ တပ်စခန်းပုံစံပြင်ဆင်ပြီး အခိုင်အမာတပ်စွဲနေထိုင်နေတာဖြစ်ပါတယ်။

ဟိန္ဒားရွာကတပ်စခန်းမှာ စစ်ကောင်စီတပ်သား အင်အား ၅၀ ဝန်းကျင်လောက်က ပုံမှန်တပ်စွဲထားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။