ကျက်နိုင်ခဲသောအနာ (ဝေယံဘုန်း)

ကျက်နိုင်ခဲသောအနာ (ဝေယံဘုန်း)

သမိုင်းဆိုတာ အလွယ်တကူ ဖျောက်ဖျက်ပစ်လို့ ရတဲ့အရာမဟုတ်ဘူး။ စစ်အာဏာရှင်တွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုသမိုင်းဆိုးဟာ ခေတ်အဆက်ဆက် စွဲထင်ကျန်ရစ် နေဦးမှာပါပဲ။

၁၉၈၀ ခုနှစ် ဝန်းကျင်။ တောင်ကိုးရီးယားနိုင်ငံ။ ဂွမ်ဂျူးမြို့။
နိုင်ငံတော်အာဏာကို မတရားသိမ်းယူထားတဲ့ စစ်ဗိုလ်ချုပ်ဆိုသူတွေကို ကျောင်းသူ ကျောင်းသားတွေ၊ ပြည်သူတွေကဆန္ဒပြကြတဲ့ အရေးအခင်းတစ်ခု။

ကျောင်းသား ကျောင်းသူတွေဆိုတာ စစ်အာဏာရှင်ကို တော်လှန်တဲ့ နေရာမှာ သမိုင်းတစ်လျှောက် ထိပ်ဆုံးက အမြဲပါဝင်ခဲ့ကြသူတွေ။ အခု ဂွမ်ဂျူး အရေးအခင်းမှာလည်းကျောင်းသား ကျောင်းသူတွေက အတက်ကြွဆုံး ဆန္ဒပြကြသူတွေပါပဲ။

ရက်ရက်စက်စက် ဖြိုခွင်းခံရမှာ၊ အသတ်ခံရမှာ သိသိကြီးနဲ့ ဘာလို့ ရှေ့ဆုံးက တက်တက်ကြွကြွ ပါဝင်ခဲ့ကြတာလဲ။ နုံလို့ အ,လို့လား။ လူလားမမြောက်သေးလို့ တစ်စုံတစ်ယောက်ရဲ့ လှည့်ဖြားစည်းရုံးတာကို ခံလိုက်ရလို့လား။ ငယ်သေးလို့ ကြောက်ရကောင်းမှန်း မသိကြတာလား။
မဟုတ်ဘူး။ ငယ်ရွယ်ပေမယ့် တရားမျှတမှုကို မြတ်နိုးလို့၊ စစ်ဖိနပ်အောက်မှာ လူ့ဂုဏ်သိက္ခာ ကျဆုံးသွားမှာကို မလိုလားလို့။ အဲဒီလို လူပီသတဲ့ စိတ်ဓါတ်တွေ ပြည့်နှက်နေလို့သာရဲရဲရင့်ရင့် တွန်းလှန်ခဲ့ကြတာ။

ကြောက်စိတ်လား။ ရှိတာပေါ့၊ အများကြီး ရှိတာပေါ့။ ဒါပေမယ့် မတရားမှုအောက်မှာ ဒူးမထောက် အညံ့မခံလိုတဲ့စိတ်၊ အမှန်တရားနဲ့ လွတ်လပ်မှုကို ချစ်တဲ့စိတ်ဟာ ကြောက်စိတ်ကို အမြဲတမ်း အနိုင်ယူသွားခဲ့တယ်။

ဆယ့်ရှစ်နှစ်အရွယ် ‘အွန်းစု’ ဆိုတဲ့ ကျောင်းသူလေးက“အဲဒီ စစ်ဗိုလ်ချုပ်တွေဆိုတာ သူပုန်တွေပဲလေ ငါ့မောင်ရဲ့။ သူတို့က နိုင်ငံတော်အာဏာကို တရားမဝင်နည်းနဲ့ ရယူထားတဲ့ သူတွေပဲဥစ္စာ” လို့ ‘ဒုံဟို’ ကို ပြတ်ပြတ်သားသားပဲ ရှင်းပြနေတယ်။
ကျဆုံးပြည်သူတို့ရဲ့ အလောင်းထားရာနေရာမှာ လုပ်အားပေးဝင်လုပ်နေတဲ့ ‘ဒုံဟို’ ကို သူ့မေမေက စိုးရိမ်တကြီး လာခေါ်တော့ သူက ဘယ်လိုပြန်ပြောတယ် ထင်သလဲ။ “စစ်သားတွေကသာ ကြောက်ဖို့ကောင်းတာလေ အမေရဲ့။ လူသေတွေက ကိုယ့်ဘာလုပ်နိုင်မှာမို့လဲ” တဲ့။ အဲဒီစကားကို ပြောတဲ့ ‘ဒုံဟို’ ဟာ ကိုးတန်းကျောင်းသားလေးပါ။

ကျောင်းသားတွေဟာ ဆန္ဒပြပွဲထဲ အားတက်သရော ပါဝင်ကြတဲ့အပြင် လမ်းမတကာမှာ ကျဆုံးသွားရသူတို့ရဲ့ အလောင်းကို စစ်တပ်လက်ထဲ မပါအောင်လည်း လုရသေးတယ်။ ဘီလူးသဘက်စီးနေတဲ့ စစ်သားတွေဟာ ဆန္ဒပြ ပြည်သူနဲ့ကျောင်းသားတွေကို သေနတ်နဲ့ ပစ်၊ လှံစွပ်နဲ့ ထိုး၊ ရိုက်နှက်ကြနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးက မြို့အနှံ့မှာ ပွက်လောရိုက်နေတယ်။

ဒီလို အသတ်ခံရသူတွေထဲ ‘ဒုံဟို’ သူငယ်ချင်း ‘ဂျွန်းဒယ်’ လည်း တစ်ယောက်အပါအဝင်ပါပဲ။ သတ်နည်းမျိုးစုံနဲ့ သတ်ထားတဲ့ အလောင်းတွေကို စစ်သားတွေကသာ ကောက်သွားရင် လူသူမရှိတဲ့ မြို့ပြင်တစ်နေရာမှာ ဖြစ်သလို စုပုံထားတာ ပုပ်ပွလို့၊ ရုပ်ပျက်ဆင်းပျက်ဖြစ်လို့။ အလောင်းပုံကအဆမတန်ကြီးလာခါမှ ဓါတ်ဆီလောင်းပြီးဖြစ်ကတတ်ဆန်း မီးရှို့ဖျောက်ဖျက်ပစ်ကြတယ်။
ရက်စက်လှတဲ့ အာဏာရှင်အခိုင်းအစေ စစ်တပ်ရဲ့ လူသတ်ပွဲတွေ ဘယ်လိုရှိရှိ ကျောင်းသူ ကျောင်းသားတွေက မဖြစ်ဖြစ်တဲ့နည်းနဲ့ ဆန္ဒဆက်ပြကြတယ်။

ကျောင်းသားတစ်ယောက်က ဗဟိုစာကြည့်တိုက်ရဲ့ ခေါင်မိုးပေါ်တက်ပြီး ကြိုးစတစ်စကို တိုင်းလုံးတစ်လုံးမှာချည်၊ ကျန်တဲ့တစ်စကို သူ့ခါးမှာချည်ပြီး အောက်ကိုခုန်ချတာ။ ရဲတွေ သူတို့ကို ချက်ခြင်းမဖမ်းမိဖို့ အချိန်ဆွဲတဲ့ နည်းဗျူးဟာပေါ့။ လေထဲမှာ တွဲလောင်းဖြစ်နေတဲ့အချိန် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ လက်ကမ်းစာစောင်တွေကြဲချ၊ ကြွေးကြော်သံတွေအော်။ မြေပြင်ပေါ်မှာရှိတဲ့ ကျောင်းသူ ကျောင်းသား သုံးလေးဆယ်လောက်ကလည်းမျက်နှာချင်းဆိုင် နှစ်တန်းတန်းပြီး သီချင်းတွေ သံပြိုင်ဆိုကြပေါ့။

စစ်အာဏာရှင်ရဲ့ အမိန့်နဲ့ စစ်တပ်တစ်ခုလုံးဟာအကြမ်းဖက်မှုတွေကို နေ့ခင်းကြောင်တောင်မှာပဲ ကျူးလွန်ကြ။ ရက်စက်တဲ့ နည်းမျိုးစုံသုံးပြီး လူသတ်ပွဲ ကျင်းပကြ။ တုံ့ဆိုင်းတာ နောင်တရတာ နည်းနည်းမှ မရှိဘဲနဲ့ပေါ့။ အဲဒီအရေးအခင်းကို နှိမ်နင်းဖို့ (ပြည်သူတွေကို ပစ်သတ်ဖို့) လူဦးရေ လေးသိန်းပဲရှိတဲ့ ဂွမ်ဂျူးမြို့မှာ စစ်တပ်ကို ကျည်ဆံပေါင်း ရှစ်သိန်း ချပေးသတဲ့။

အဖမ်းခံရသူတွေဟာ စစ်ကြောရေးကရတဲ့ ဒဏ်ရာတွေကိုနာကျည်းစရာ ဝန်ထုပ်အနေနဲ့ တစ်သက်လုံး ထမ်းပိုးသွားကြရရှာတယ်။ ခန္ဓာကိုယ်က ဒဏ်ရာတွေ ပျောက်သွားပေမယ့် စိတ်ဒဏ်ရာကတော့ တစ္ဆေတစ်ကောင်လို ကျန်တဲ့ဘဝသက်တမ်းတစ်လျှောက်လုံးမှာ သူတို့ကို ခြောက်လှန့်နှိပ်စက်နေတော့တယ်။

ဖမ်းထားတဲ့ ကျောင်းသူတွေကို တစ်ပေလောက်ရှိတဲ့ သစ်သားပေတံနဲ့ မိန်းမကိုယ်အတွင်းထဲ သားအိမ်အတွင်းနံရံနဲ့ ထိတဲ့အထိ ထပ်ခါထပ်ခါ ထိုးသွင်းခံရ၊ သားအိမ်ခေါင်းကို သေနတ်ဒင်နဲ့ ရိုက်ပုတ်ထုနှက်ခံရရှာသတဲ့။

ကျောင်းသားတွေဆိုရင် မျက်နှာကို ရိုင်ဖယ်သေနတ်နဲ့ အထုခံရတာ၊ မျက်ခွံပေါ် စီးကရက်နဲ့ အထိုးခံရတာ၊ အစာငတ် ရေငတ် ထားတာ၊ ကိုယ်လုံးတီးနဲ့ ပုရွတ်ဆိတ် အကိုက်ခံထားတာ။ လျှပ်စစ်ရှော့ခ်ရိုက်တာ။ လူကို ကြိုးတုပ်ပြီး မျက်နှာကျက်ကနေ ဇောက်ထိုးဆွဲ ခြာခြာလည်အောင်လုပ်ပြီး ရိုက်တာ စတဲ့ ညှဉ်းပမ်းနည်းမျိုးစုံနဲ့ အနှိပ်စက်ခံကြရရှာတယ်။

အဲဒီတုန်းက အကြမ်းဖက်မှု ပိရမစ်ကြီးရဲ့ ထိပ်ဆုံးမှာ ရှိနေသူက အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး တဖြစ်လည်း သမ္မတ‘ဘတ်ချုံးဟီ’။ ‘ဘတ်ချုံးဟီ’ လုပ်ကြံခံရတော့ ပိရမစ်ထိပ်ဖျားချွန်လေးက ခုတ်ချခံလိုက်ရပြီ။ အကြမ်းဖက် ပိရမစ်ကြီးတစ်ခုလုံး ပြိုကျတော့မှာလားလို့ ‘ဆွန်းဂျူ’ တစ်ယောက် ထင်ခဲ့ပေမယ့် လက်ဆင့်ကမ်း အာဏာရှင် ဗိုလ်ချုပ် ‘ချွန်ဒူးဟွမ်’ သမ္မတ ဖြစ်လာပြီး အာဏာရှင်စနစ် ဆက်လက်လည်ပတ်နေပြန်ပါရောလား။

အာဏာရှင်ဆိုတာ ပြည်သူတွေကို အဆိုးရွားဆုံး အကြောက်တရားနဲ့ နှိပ်ကွပ်ပြီး အုပ်ချုပ်ဖို့ စဉ်းစားကြစမြဲပါပဲ။ အာဏာရူးတစ်ယောက်သေရုံနဲ့ မပြီးဘူး။ အမွေဆက်ခံကြတဲ့ အာဏာရှင်အဆက်ဆက် မဖြစ်ဖို့ စနစ်ကြီးတစ်ခုလုံးဖြိုလှဲနိုင်မှ အာဏာရှင်စနစ် အမြတ်ပြတ်နိုင်မှာ။

ဒီလို ဆိုးရွားလွန်းတဲ့ အာဏာရူးတွေကို ဒီကမ္ဘာကြီးရဲ့ ဘယ်နေရာမှာဖြစ်ဖြစ် ခြေချခွင့်မရအောင် ဝိုင်းဝန်း ချေမှုန်းကြရမှာပါ။ ဒီလိုမှ မဟုတ်ရင် အာဏာရူးရောဂါဟာ တစ်နေရာကနေ တစ်နေရာကို ကူးစက်သွားတာ မြန်ဆန်လွန်းလှတယ်။

အာဏာရှင် လက်ဟောင်း လက်သစ်တွေဟာ သူတို့အာဏာတည်မြဲရေးအတွက် အကြမ်းဖက်မှု နည်းလမ်းတွေဘယ်လိုသုံးနေပါစေ။ တရားမျှတမှုနဲ့ လွတ်လပ်မှုကိုမြတ်နိုးတန်ဖိုးထားကြတဲ့ လူငယ်တွေ၊ ပြည်သူတွေရဲ့ တုန့်ပြန်တော်လှန်ရေး တိုက်ပွဲအောက် ကျဆုံးကြရမှာကတော့ အသေအချာပါပဲ။

တောင်ကိုးရီးယားနိုင်ငံ၊ စာပေဆိုင်ရာ နိုဗယ်ဆုရှင် စာရေးဆရာမ “Han Kang” ရဲ့ “Human Acts” ဝတ္ထုကို ဆရာ“ဝေယံဘုန်း” က “ကျက်နိုင်ခဲသောအနာ” လို့ အမည်ပေးပြီးဘာသာပြန်ထားတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ပါ။

အာဏာရှင်တို့ရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ အကျင့်စရိုက်ကို အပီပြင်ဆုံး ပုံဖော်နိုင်တဲ့၊ ကိုယ်တိုင်ဇာတ်ကောင်တွေထဲ မျောပါစီးဆင်းရင်း အသက်ရှူဖို့ မေ့သွားလောက်အောင် အားပြင်းပြင်းနဲ့ ဆွဲခေါ်နိုင်တဲ့၊ အတွေးပေါင်းများစွာနဲ့ ရင်မောကျန်ရစ်ခဲ့ရတဲ့၊ ဒဿနတွေနဲ့ ပြည့်နှက်နေတဲ့ ဝတ္ထုကောင်းတစ်ပုဒ်အဖြစ် ညွှန်းဆိုလိုက်ချင်ပါတယ်။    ။

ငြိမ်းပန်

The Tanintharyi Times