ဆုတောင်းခွင့် ရချင်တယ်
ဆုတောင်းခွင့် ရချင်တယ်
ဆန်စေ့တွေအစား ကျည်ဆန်ငှက်လေးတွေ
ပျံသန်းနေတဲ့ခေတ်မှာ
ကလေးငယ်လေးတွေအတွက်
မတောင်းဘဲပြည့်တဲ့ဆုဟာ
ကောင်းကင်ဘုံတစ်ခုဖြစ်စေသား
ဖေဖေ… ဟိုးမှာ ပျံနေတဲ့ငှက်လေးက
ဘာငှက်လေးလည်းဆိုတဲ့
မေးခွန်းလေးအဆုံးမှာ
ငှက်တွေဟာ အမည်နာမထက်
အိပ်မက်ဆိုးအကြောင်းကို ပြောပြခဲ့တယ်
မေမေ… သမီးခြေထောက်အောက်က
ဘာအကောင်လေးလည်းဆိုတဲ့
မေးခွန်းလေးအဆုံးမှာ
အသံနက်ကြီးဟာ နားထဲထိ စိမ့်ဝင်သွားခဲ့တယ်
သားတို့သမီးတို့အတွက်
ဖေဖေလက်နဲ့ ဆောက်ထားတဲ့အိမ်ဟာ
နှလုံးသားကလွဲပြီး လက်ညိုးထိုးခွင့်မရခဲ့
သားတို့သမီးတို့အတွက်
မေမေချက်ကျွေးတဲ့ဟင်းက
မျက်ရည်ဟင်းခါးထက်လည်း ပိုချင်မိခဲ့
သရဲထက်ကြောက်စရာကောင်းတဲ့အရာတွေကိုလည်း
မြင်ဖူးပြီးပြီ
ဘီလူးထက်ကြောက်စရာကောင်းတဲ့အရာတွေကိုလည်း
တွေ့ဖူးပြီးပြီ
အသံတွေလည်း မကြားချင်တော့ဘူး
အမြင်တွေလည်း မရချင်တော့ဘူး
ဒီတောနက်ကိုကျော်ပြီးရင်
သားတို့သမီးတို့ဟာ
ပုံပြင်တွေထဲကလို နန်းတော်ကြီးဆီရောက်မှာလား
ဖေဖေနဲ့ မေမေ
ဆုတောင်းပြည့်ရေကန်ကိုလည်း ရောက်ချင်တယ်
အာလာဒင်ရဲ့ ဆီမီးခွက်ကိုလည်းလိုချင်တယ်
မှော်သေတ္တာတွေလည်း ပိုင်ဆိုင်ချင်တယ်
ဆုတောင်းခွင့်လည်း ရချင်သေးတယ်။ ။
မှိုင်း
The Tanintharyi Times
