သမီးတို့ခေတ်
သမီးတို့ခေတ်

တော်လှန်ရေးကြီးတဲ့ မေမေ . . .
ဒါသမီးတို့ ခေတ်မှာမှ ကြုံရတဲ့ အရာလား
မေမေတို့ ငယ်လေးတုန်းကရော
ဒီစကားလုံးကို ကြားခဲ့ဖူးလား . . .
သင်တန်းတုန်းက ဆရာတယောက်ကပြောဖူးတယ်
“ရှေ့ မျိုးဆက်က ညံ့ခဲ့တဲ့ တာဝန်ကို ငါတို့ ဆက်ထမ်းရမှာ” တဲ့
လောကကြီးက တရားလိုက်တာနော်
သူတို့ ခေတ်ကျ ကျောင်းကို သာသာယာယာတက်ခဲ့ပြီး
သမီးတို့ ခလှည့်ကျမှ သမိုင်းပေးတာဝန်တဲ့ . . .
“ကံတူ အကြောင်းပေး” ဆိုတာ
ရွာက ဘုန်းဘုန်းကြီးဟောတုန်းက နားမလည်ခဲ့ဘူး။
အခုတော့ နားလည်သလိုလို ရှိပါပြီ
သမီးတို့ တသိုက် (၇) တန်းနဲ့ ကျောင်းနားလိုက်ရတာ
ကံတူအကြောင်းပေးပေါ့။
သမီးနဲ့ အရွယ်တူလေးတွေ ဘယ်ညာ နင်းနေရတာ
ကံတူ အကြောင်းပေးပေါ့။
သမီး သူငယ်ချင်းတွေ ထိုင်းနိုင်ငံမှာ
ပုဇွန်နွှာနေရတာ ကံတူ အကြောင်းပေးပေါ့။
ဘယ်သူ့ကိုမှ အပြစ်မပြောလိုပါဘူး
ကိုယ် အပြစ်မလုပ်လည်း အရိုက်ခံရတာပဲ။
“One for all” တဲ့လေ
ကိုယ်အမှားမလုပ်လည်း နေပူအလှမ်းခံရတာပဲ။
သမီး ဒီအခြေခံပြီးကတည်းက
ဘယ်သူ့ကိုမှ အပြစ် မမြင်တော့ဘူး။
ဒါကိုက သမီးတို့ ခေတ်ပဲကိုး . . .
နော်ကောင်း
The Tanintharyi Times