KNU နယ်မြေကိုဗုံးလာကြဲတဲ့ စစ်ကောင်စီ လေယာဉ်တွေ ထိုင်းနိုင်ငံပိုင်နက်အတွင်းကျူးကျော် ဝင်ရောက်
KNU နယ်မြေကိုဗုံးလာကြဲတဲ့ စစ်ကောင်စီ လေယာဉ်တွေ ထိုင်းနိုင်ငံပိုင်နက်အတွင်းကျူးကျော် ဝင်ရောက်
ထိုင်းစစ်တပ်ဘက်က လေယာဉ်ပစ်လက်နက်တွေ အသင့်ပြင်ထားတယ်လို့ဆို
ထားဝယ် -ထိုင်း နယ်စပ်က KNU ထိန်းချုပ်နယ်မြေကို လာရောက်ဗုံးကြဲတဲ့ စစ်ကောင်စီ ရဟတ်ယာဉ် နဲ့ တိုက်လေယာဉ်တွေ ဟာ ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် ကျူးကျော်ဝင်ရောက်လာခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod English ကဖော်ပါတယ်။
မြန်မာစစ်တပ်ရဲ့ ဗုံးကြဲရဟတ်ယာဉ် နဲ့ တိုက်ခိုက်ရေးလေယာဉ်တွေကို ထိုင်းလေပိုင်နက်ထဲမကျူးကျော်ဖို့ ထိုင်းစစ်တပ်က အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် မြန်မာစစ်ရဟတ်ယာဉ်ကလိုက်နာခြင်းမရှိဘဲ KNLA ထိန်းချုပ်နယ်မြေထဲကို ဗုံး ၁၀လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Khaosod English ရေးသားထားပါတယ်။
ထိုင်းပိုင်နက်တဲ့ ကျူးကျော်ဝင်ရောက်လာတဲ့ မြန်မာစစ်တပ်က ဗုံးကြဲရဟတ်ယာဉ် နဲ့တိုက်လေယာဉ်တွေကို ထိုင်းဒေသခံတချို့က ဓာတ်ပုံမှတ်တမ်းတင်နိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။
ထိုင်းလေပိုင်နက်ထဲကျူးကျော်လာတဲ့ မြန်မာစစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်ရေးယာဉ်တွေ ဟာ MI-17 တိုက်ခိုက်ရေးသုံးရဟတ်ယာဉ် နဲ့ Y-12 တိုက်လေယာဉ်တွေဖြစ်တယ်လို့ ကန်ချနပူရီ ပို့စ် သတင်းဌာန က ဖော်ပြပါတယ်။
လတ်တလောမှာ ထိုင်းစစ်တပ်က လေပိုင်နက်ကိုကာကွယ်ဖို့ လေကြောင်းရန်လုံခြုံရေးအတွက် နယ်စပ်မျဉ်းတစ်လျောက် လေယာဉ်ပစ်အမြောက်တွေ အသင့်ပြင်ထားတယ်လို့လည်း Khaosod English ဖော်ပြပါတယ်။
မြန်မာစစ်တပ်ဟာ တနင်္လာနေ့မွန်းတည့်ချိန် ၁၂ နာရီလောက်မှာ KNU ထိန်းချုပ်နယ်မြေကို ဗုံးလာကြဲခဲ့တာဖြစ်ပြီး ဗုံးကြဲဖို့လာတဲ့ စစ်ရဟတ်ယာဉ်တစ်စီးဟာ ကန်ချနပူရီခရိုင်၊ ဖူနမ်ရွန်ရွာ ထိုင်းလေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာတာဖြစ်တယ်လို့ ထိုင်းသတင်းတွေကဖော်ပြပါတယ်။
ထိုင်းလေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာပြီးမှ KNU ထိန်းချုပ်နယ်မြေထဲကို ဗုံးသီး ၁၀ လုံးကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ကန်ချနပူရီ ခရိုင်တာဝန်ရှိသူတွေကလည်း ဖူနမ်ရွန်- ထီးခီး နယ်စပ်ဂိတ် ကိုသွားရောက်ခဲ့ ကြပြီး နယ်စပ်လုံခြုံရေး အခြေအနေတွေကို စစ်ဆေးကာ မြန်မာဘက်ခြမ်း ထီးခီးရွာက ထွက်ပြေးတိမ်းရှောင်လာ သူတွေကို လူသားချင်းစာနာထောက်ထားရေး အကူအညီတွေပေးဖို့လုပ်ဆောင်နေတယ်လို့ ကန်ချနပူရီ ပို့စ် သတင်းဌာနက ဖော်ပြပါတယ်။
Khaosod English ကဖော်ပြတဲ့ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ ဖူနမ်ရွန်ဟာ မြန်မာဘက်ခြမ်းက ထားဝယ် ဒေသ ထီးခီးနယ်စပ်ဂိတ်ရဲ့ တစ်ဖက်ခြမ်း မှာတည်ရှိတာဖြစ်ပါတယ်။
ထိုင်း-မြန်မာနယ်စပ် ထားဝယ်ဒေသအတွင်း စစ်ကောင်စီက အခိုင်အမာတပ်စွဲထားတဲ့ ထီးထဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဧပြီလ၁၉ ရက်နေ့က သိမ်းပိုက်ခဲ့ပြီးဗျူးဟာမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အားလုံးသေဆုံးခဲ့ပါတယ်။
ထီးထဗျူဟာစခန်း နဲ့ စစ်ကောင်စီတပ်က ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ထိုင်းနိုင်ငံကန်ချနပူရီခရိုင်၊ ဖူနမ်ရွန်ဟာ ၆ မိုင်ဝန်းကျင်သာကွာဝေးပါတယ်။
ကိုးကား - Khaosod English၊ ကန်ချနပူရီပို့စ်
(ယခုဘာသာပြန်သတင်းကို Connect Burma နဲ့ The Tanintharyi Times သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)
The Tanintharyi Times
