နွေဦးတော်လှန်ရေး ရည်မှန်းချက် စံတန်ဖိုးတွေကို လမ်းလွဲစေမယ့် နိုင်ငံရေးအခင်းအကျင်းအားလုံးကို ပြတ်ပြတ်သားသား ငြင်းပယ်ကြောင်း NUG နဲ့ NUCC ကြေညာ
နွေဦးတော်လှန်ရေး ရည်မှန်းချက် စံတန်ဖိုးတွေကို လမ်းလွဲစေမယ့် နိုင်ငံရေးအခင်းအကျင်းအားလုံးကို ပြတ်ပြတ်သားသား ငြင်းပယ်ကြောင်း NUG နဲ့ NUCC ကြေညာ
အကြမ်းဖက်စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ နွေဦးတော်လှန်ရေး ရည်မှန်းချက် စံတန်ဖိုးတွေကို လမ်းလွဲသွားစေမယ့် နိုင်ငံရေးအခင်းအကျင်းအားလုံးကို ပြတ်ပြတ်သားသား ငြင်းပယ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC တို့ပူးပေါင်းပြီး ဘုံ ကြေညာချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီ ကနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတ ဦးဝင်းမြင့်တို့ရဲ့ ပြစ်ဒဏ်တချို့ ကို အကန့်အသတ်နဲ့သက်သာခွင့် ပေးကြောင်း ထုတ်ပြန်ပြီးတဲ့နောက် ဩဂုတ် လ ၆ ရက်နေ့မှာယခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ဒီထုတ်ပြန်ချက်ထဲမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အန္တိမရည်မှန်းချက်ပန်းတိုင်ဟာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံး သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး (System Change) ဖြစ်တဲ့ပြင် အသွင်သဏ္ဍာန် သာပြောင်းလဲပြီး အနှစ်သာရပြောင်းလဲခြင်းမရှိတဲ့ အာဏာရှင်စနစ်ကို ဆက်လက်ရှင်သန်စေမယ့် အုပ်ချုပ်သူ အပြောင်းအလဲ (Regime Change) လုံးဝမဟုတ်ကြောင်း ရေးသားထားပါတယ်။
ဒါ့အပြင် နိုင်ငံရေး မှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိပဲ မြန်မာနိုင်ငံထဲက လူမျိုးပေါင်းစုံ ပါဝင်မယ့် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် တစ်ရပ် ပေါ်ထွန်းဖို့ ဆောင်ရွက်မယ်လို့ထုတ်ပြန်ချက်ထဲမှာ ကတိပြုထားပါတယ်။
စစ်အုပ်စုက ကျူးလွန်ထားတဲ့ တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေမှာသာမက လူထုလူတန်းစား အလွှာ အသီးသီးအပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံအပေါ် ခေတ်အဆက်ဆက် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊စစ်ရာဇဝတ်မှုတွေ၊လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ နဲ့လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်မှုတွေအတွက် အမှန်တရားပေါ်ပေါက်ရေးနဲ့ တရားမျှတမှုရရှိစေဖို့ မဖြစ်မနေလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
အဲ့ဒီအချက်တွေဟာ နွေဦးတော်လှန်ရေး ရည်မှန်းချက် စံတန်ဖိုးတွေဖြစ်ပြီး အန္တိမရည်မှန်းချက်ပန်းတိုင် ရောက်တဲ့အထိ ဆက်လက်တော်လှန်သွားမယ်ဖြစ်တယ်လို့ NUG နဲ့ NUCC တို့ကဆိုပါတယ်။
The Tanintharyi Times
