ရွှီစန်းကွမ်း သွေးရောင်းမှတ်တမ်း (တော်ကောင်းမင်း)
ရွှီစန်းကွမ်း သွေးရောင်းမှတ်တမ်း (တော်ကောင်းမင်း)
တိုင်းပြည်အာဏာ ထိပ်ဆုံးမှာ ရှိနေသူတစ်ယောက်ရဲ့ စကားတစ်ခွန်း၊ လက်တစ်ဝှေ့ဟာ ပြည်သူတွေရဲ့ ဘဝကို ဘယ်လောက်အထိ ကပြောင်းကပြန် ဖြစ်သွားစေပါသလဲ။ အာဏာလက်ဝယ်ရှိသူ တိုင်းပြည်ဦးသျှောင်က သူ့စိတ်ကူးအတိုင်း လက်ညှိုးညွှန်ချင်ရာညွှန်၊ မိန့်မှာချက်တွေ ထုတ်ချင်ရာထုတ်တော့ အောက်ခြေပြည်သူတွေခမျာ လှိမ့်ပိတ်ခံပေတော့။
တရုတ်ပြည်မှာ ‘ဥက္ကဌကြီး မော်’ လို့ အများက ခေါ်ကြတဲ့ ‘မော်စီတုန်း’ အာဏာရလာတဲ့အချိန်။ သူ့နှုတ်ထွက်စကားကသာ အမှန်၊ သူလက်ညှိုးညွှန်ရာ ရေဖြစ်ရတဲ့ အချိန်။ သူစကားတစ်ခွန်း ပြောလိုက်တိုင်း သူ့စကားကို သီချင်းဖြစ်အောင် ရေးဖွဲ့ပေးကြရတယ်။
နံရံတွေနဲ့ တံတိုင်းတွေပေါ်မှာ၊ မော်တော်ကားတွေနဲ့ သင်္ဘောတွေပေါ်မှာ၊ အိပ်ရာခင်းတွေနဲ့ ခေါင်းအုံးစွပ်တွေပေါ်မှာ၊ ခွက်တွေနဲ့ အိုးတွေပေါ်မှာ၊ အိမ်သာနံရံနဲ့ ထွေးခံတွေကအစ ဘယ်နေရာကြည့်ကြည့် ဥက္ကဌကြီးမော်ရဲ့ အဆိုအမိန့်တွေ ရေးသားထားတာကို တွေ့ရလိမ့်မယ်။
မြို့မှာရှိတဲ့ ပိုးချည်စက်ရုံက ပိုးအိမ်ပို့ လုပ်သား ‘ရွှီစန်းကွမ်း’ ဟာ သူ့မိန်းမကို ဥက္ကဌကြီးမော်ရဲ့ ဘွဲ့အမည်ကို ဘယ်လိုခေါ်ရမလဲဆိုတာ သင်ပေးနေတယ်။ “မဟာခေါင်းဆောင်ကြီး မဟာအာစရိယကြီး မဟာသေနာပတိချုပ်ကြီး မဟာပဲ့ကိုင်ရှင်ကြီး ဥက္ကဌကြီးမော် သက်တော်ရာကျော် ရှည်ပါစေ”။ အဲဒါတွေကို တစ်ချီတည်းနဲ့ အသက်အောင့်ပြီ အကုန်ရွတ်ရမှာ၊ ကြားမှာ အသက်ရှူလို့မရဘူးတဲ့။
‘ယဉ်ကျေးမှု တော်လှန်ရေးကြီး’ တဲ့။ လူတွေဟာ လက်မောင်းမှာ လက်ပတ်နီပတ်ထားကြပြီး စီတန်းလှည့်လည်ကြ၊ ကြွေးကြော်စာရေးကြ၊ စာလုံးကြီးနဲ့ ပိုစတာတွေကို လမ်းပေါ်က နံရံတံတိုင်းတွေမှာ အပြည့်ကပ်ထားကြ။
စက်ရုံတွေ ရပ်သွားရတယ်။ ဈေးဆိုင်တွေ ပိတ်သွားရတယ်။ ကျောင်းတွေ ပိတ်ကုန်ကြတယ်။ အဲဒါတွေနဲ့ တစ်ပြိုင်တည်းမှာ တချို့လူတွေ သစ်ပင်ပေါ်မှာ ချိတ်ထားခံရတယ်။ တချို့လူတွေက နွားတင်းကုပ်ထဲ ပိတ်ထားခံရတာယ်။ တချို့လူတွေက အရှင်လတ်လတ် ရိုက်သတ်ခံကြရတယ်။
အုပ်ချုပ်သူ လူတန်းစားအတွက် ယဉ်ကျေးမှုတော်လှန်ရေး ဆိုတာကို ဘယ်လိုမြင်တယ် မသိပေမယ့် ‘ရွှီစန်းကွမ်း’ တို့လို အောက်ခြေဆင်းရဲသားတွေအတွက် တွေ့ကြုံနေရတာက အပြစ်မရှိ အပြစ်ရှာပြီး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံနေရတာပါပဲ။
‘ရွှီစန်းကွမ်း’ လည်း သူ့မိန်းမကို တိုးတိုးကြိတ်ပြောတယ်။ “ယဉ်ကျေးမှု တော်လှန်ရေးဆိုတာဘာလဲ သိလား၊ တကယ်တော့ ဒါဟာ ပုဂ္ဂိုလ်ရေးရန်ကြွေးဆပ်တဲ့ အချိန်ပဲ၊ အရင်က ကိုယ်နဲ့ ရန်ငြိုးရှိတဲ့လူ ရှိခဲ့ရင် သူ့အကြောင်းကို စာလုံးကြီး ပိုစတာရေးပြီး လမ်းမှာ သွားကပ်လိုက်ရုံပဲ။ အဲဒီလူကို လွတ်နေဆဲ မြေရှင်လို့ပဲ စွပ်စွဲစွပ်စွဲ၊ တန်ပြန်တော်လှန်ရေးသမားလို့ပဲ စွပ်စွဲစွပ်စွဲ စာလုံးကြီး ပိုစတာမှာ ရေးပြီးတော့သာ သွားကပ်ထားလိုက်။ အဲဒီလူကို နင်ကိုယ်တိုင် လုပ်ဖို့မလိုဘူး၊ တခြားလူတွေက သူ့ကို အသေဆော်ကြမှာ”တဲ့။
‘ရွှီစန်းကွမ်း’တို့ မိသားစုလည်း တစ်ခြား အောက်ခြေဆင်းရဲသားများနည်းတူ အငတ်ငတ် အပြတ်ပြတ်ပါပဲ။ ဆန်ပြုတ်တောင် မဝရေစာစားပြီး မသေရုံတမယ် အသက်ဆက်ကြရတယ်။
‘ရွှီစန်းကွမ်း’ မှာ မိသားစုဝင် ငါးယောက်ရှိတယ်။ သူ့ဇနီး ‘ရွှီယွိလန်း’၊ သူ့သားသုံးဦးဖြစ်တဲ့ အိလော့၊ အော့လော့နဲ့ စန်းလော့။ ငတ်ပြတ်နေချိန်မှာ ပါးစပ်ပေါက်ငါးပေါက်အတွက် အသက်ဆက်ဖို့ ‘ရွှီစန်းကွမ်း’ ရဲ့ ဖြေရှင်းနည်းက တစ်နည်းပဲ ရှိတယ်။ သူ့သွေးကို ထုတ်ပြီး ရောင်းစားတာ။ ဆေးရုံကိုသွားပြီး သွေးခေါင်း ‘လီ’ ဆိုတဲ့ သွေးဝယ်သူဆီမှာ သွေးထုတ်ရောင်း။ ရတဲ့ပိုက်ဆံနဲ့ အလိုရှိတဲ့ အရာတွေကို ဝယ်သုံး စားသောက်။
‘ဥက္ကဌကြီးမော်’ အာဏာဓါးစက် အထွဋ်အထိပ်ရောက်နေချိန်မှာ ဥက္ကဌကြီးမော်ရဲ့ စကားလုံးတိုင်းဟာ သူတို့အတွက် ဘဝနေနည်း လမ်းညွှန်ချက်ပါပဲ။ ‘ရွှီစန်းကွမ်း’ တို့ မိသားစု အပါအဝင် တရုတ်ပြည်သူ သန်းပေါင်းများစွာတို့ရဲ့ ကံကြမ္မာဟာ ‘ဥက္ကဌကြီးမော်’ ရဲ့ စကားတစ်ခွန်းအပေါ်မှာ လုံးလုံးလျားလျား မှီခိုနေရတယ်။
ဥက္ကဌကြီးမော်က “တော်လှန်ရေးဖြင့် ကုန်ထုတ်လုပ်ရေး မြှင့်တင်ကြ” လို့ ဆိုလိုက်တော့ ပိတ်ထားတဲ့ စက်ရုံတွေ ပြန်ဖွင့်လာကြတယ်။ ‘ရွှီစန်းကွမ်း’ လည်း ပိုးချည်စက်ရုံမှာ အလုပ်ပြန်တက်ခွင့်ရ။ သူ့ဇနီး ‘ရွှီယွိလန်း’ လည်း မနက်တိုင်း အီကြာကွေး ကြော်ခွင့် ရပြန်တယ်။
ဥက္ကဌကြီးမော်က “ကျောင်းပြန်တက်ပြီး တော်လှန်ကြ” လို့ ပြောတာနဲ့ ကျောင်းတွေ ပြန်ဖွင့်လာကြတယ်။ အဲဒါနဲ့ ရွှီစန်းကွမ်းရဲ့ သားတွေဖြစ်တဲ့ အိလော့၊ အော့လော့၊ စန်းလော့ တို့လည်း လွယ်အိတ်လွယ်ပြီး ကျောင်းပြန်တက်ကြရတယ်။
ဥက္ကဌကြီးမော်က “ပညာတတ် လူငယ်တွေဟာ ကျေးလက်တောရွာဆီကို သွားပြီး ဆင်းရဲသား တောင်သူလယ်သမားတွေနဲ့ အလတ်တန်းအောက်လွှာ တောင်သူလယ်သမားတွေဆီမှာ ပြန်လည်ပညာပေးခြင်း ခံယူကြဖို့ သိပ်ကို လိုအပ်တယ်” လို့လည်း ပြောလိုက်ရော ‘အိလော့’ လည်း အိပ်ရာလိပ်ကျောပိုး၊ ဓါတ်ဘူးနဲ့ မျက်နှာသစ်ဇလုံ ဆွဲပြီး တပ်ဖွဲ့တစ်ဖွဲ့နောက်ကို လိုက်ပါသွားရတော့တယ်။
အလံနီတစ်စင်းနောက် လိုက်ပြီး ချီတက်နေတဲ့ အဲဒီတပ်ဖွဲ့ဟာ ‘အိလော့’ တို့လို လူငယ်တွေချည်းပါပဲ။ မိဘရဲ့ မျက်ရည်ကို လက်ပြနှုတ်ဆက်ပြီးတာနဲ့ သူတို့တစ်တွေလည်း ကျေးလက်တောရွာမှာ သွားရောက်အခြေချ အလုပ်လုပ်ကြရတော့မယ်။
‘အိလော့’ နဲ့ ‘အော့လော့’ တို့ တောရွာမှာနေပြီး အလုပ်ပင်ပင်ပန်းပန်း လုပ်ကိုင်နေရတာကို သနားတဲ့ ‘ရွှီစန်းကွမ်း’ ဟာ သူ့သားတွေ မြို့ကို ပြန်လာခွင့်ရဖို့အတွက် သူ့သားတွေရဲ့ အထက်လူကြီးကို လက်ဆောင်ဝယ်ပေးရ။ အကောင်းစားအရက် ဝယ်တိုက်ရ။ စားကောင်းသောက်ဖွယ်တွေ ဖိတ်ကျွေးရနဲ့။ ဒီလို သုံးဖို့စွဲဖို့ လာဘ်ထိုးဖို့အတွက် သူ့ရဲ့ ငွေရှာနည်းကတော့ သွေးထုတ်ရောင်းတာပါပဲ။
သွေးရောင်းတဲ့အခါ သူ့မိတ်ဆွေ ဝါရင့်သွေးရောင်းသမားတွေဆီက သူသင်ယူထားတဲ့ နည်းနာတွေကလည်း ရှိသေးတယ်။ သွေးမထုတ်ခင် ဗိုက်ကြီးဖောင်းပြီး နာလာတဲ့အထိ၊ သွားဖုံးတွေ တစစ်စစ် ကျဉ်လာတဲအထိ ရေသောက်ရတယ်။ သွေးထုတ်မပြီးမချင်း လုံးဝ ဆီးမသွားရ။ ဆီးသွားချင်ရင်လည်း အောင့်ထား။
သူတို့ယုံနေတာက သောက်ထားတဲ့ရေဟာ သွေးထဲစိမ့်ဝင်သွားပြီး သွေးတွေက များလာမှာမို့ သွေးထုတ်တဲ့အခါ ခန္ဓာကိုယ်ထဲက သွေးအများကြီး လျော့မသွားဘူးတဲ့။ ရယ်ရမလား၊ ငိုရမလား မသိတဲ့ အဲဒီအယူအဆနဲ့ သွေးခဏခဏရောင်းကြတဲ့ သူ့အပေါင်းအသင်းတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ဆုံးသွားရတာလည်း ရှိသပေါ့။
စာရေးဆရာ “Yu Huz” ရဲ့ “Chronicle of A Blood Merchant” ဝတ္ထုကို ဆရာ “တော်ကောင်းမင်း” က “ရွှီစန်းကွမ်း သွေးရောင်းမှတ်တမ်း” လို့ အမည်ပေးပြီး ရေးသားထားတဲ့ ဘာသာပြန် ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်ပါတယ်။
မော်စီတုန်း အာဏာရချိန် တရုတ်ပြည်က ဆင်းရဲသားပြည်သူတို့ဘဝ ရိုက်ခတ်ခံရတဲ့ အဖြစ်အပျက်တွေ၊ ဘဝဒဏ်ရာဒဏ်ချက်တွေကို သနားစဖွယ်၊ စိတ်လှုပ်ရှားစဖွယ်၊ ရင်နင့်စဖွယ်၊ ရယ်ရွှင်စဖွယ် စတဲ့ ရသမျိုးစုံနဲ့ ထိတွေ့ခံစားစေမယ့် ဝတ္ထုကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ။
ငြိမ်းပန်
The Tanintharyi Times
