ကရင် အချင်းချင်းကြား တိုက်ခိုက်နေရတဲ့ ကိစ္စကို ဆက်မလုပ်ချင်တော့ဘူးလို့ BGF ဥက္ကဌ ပြော
ကရင် အချင်းချင်းကြား တိုက်ခိုက်နေရတဲ့ ကိစ္စကို ဆက်မလုပ်ချင်တော့ဘူးလို့ BGF ဥက္ကဌ ပြော
ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေ အချင်းချင်းတိုက်ခိုက်နေကြရင် ပြည်သူတွေဟာ ဘယ်သူ့ကို အားကိုးရမှန်းမသိ ဖြစ်ရတာကြောင့် တပ်ဖွဲ့တွေကြား ပစ်ကြခတ်ကြတာကို မလုပ်ချင်တော့ဘူးလို့ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် BGF ဥက္ကဌ ဗိုလ်ချုပ် စောထွန်းလှိုင်က ပြောပါတယ်။
အဆိုပါ ပြောစကားကို ကရင်အခြေစိုက် Karen Information Center KIC သတင်းဌာနနဲ့ သီးသန့်အင်တာဗျူးမှာ ဗိုလ်ချုပ် စောထွန်းလှိုင်က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။
ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ DKBA၊ KNU၊ ဗိုလ်ဘိ(ခွဲထွက် DKBA) နဲ့ တိုက်ခိုက်နေရတဲ့ ကိစ္စတွေကို မလုပ်ချင်တော့တာကြောင့် စစ်ကောင်စီဆီက လစာဆက်ယူနေရင် စစ်ကောင်စီစေခိုင်းတဲ့ အလုပ်တွေကို ဆက်လုပ်ပေးနေရမှာ ဖြစ်တယ်လို့ BGF ဥက္ကဌက ရှင်းပြပါတယ်။
အဆိုပါ ခွဲထွက်ရေးသတင်း ထွက်ပေါ်လာအပြီး စစ်ကောင်စီ ဒုတပ်ချုပ် စိုးဝင်းဟာ ဘားအံကို စစ်ရဟတ်ယာဉ်နဲ့ မနေ့မနက်ပိုင်းက ရောက်လာပြီး BGF ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့တာတချို့ကို KIC သတင်းဌာနကို ပြောဆိုထားပါတယ်။
“သူတို့ (စစ်ကောင်စီ) ကတော့ အခုနေရာအတိုင်း ဆက်နေပေးဖို့၊ ဆိုလိုတာက ရိက္ခာ/လစာတွေ ဆက်ယူပါပေါ့။ ကျနော်တို့ဘက်ကတော့ အတူတူပူးပေါင်းလုပ်ဆောင်တာ နှစ်ပေါင်း ၃၀ လောက်ရှိပြီ။ အနားယူချင်တာပေါ့။ ကျနော်တို့ အချင်းချင်း ပစ်ကြခတ်ကြတာတွေကို မလိုလားတော့ဘူးပေါ့” လို့ ဗိုလ်ချုပ် စောထွန်းလှိုင်က ပြောပါတယ်။
ဒါ့ကြောင့် BGF တပ်ဖွဲ့ဟာ စစ်ကောင်စီလက်အောက်ကနေ ခွဲထွက်ကာ သီးခြားရပ်တည်သွားမှာဖြစ်သလို စစ်ကောင်စီဆီကနေ လစာနဲ့ တခြားခံစားခွင့်တွေလည်း မယူတော့ဘူးလို့ ဆိုပါတယ်။
“သူတို့ တပ်ရိက္ခာတွေကို သွားပို့ခိုင်းရင် သွားရတာပေါ့။ သူတို့ လစာမယူထားရင် ခိုင်းလည်း မသွားလည်း ရတယ်လေ” လို့ သူက ပြောပါတယ်။
ဒုတပ်ချုပ် စိုးဝင်းနဲ့ BGF ခေါင်းဆောင်တချို့တို့ တွေ့ဆုံခဲ့စဉ်မှာ BGF ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး စောချစ်သူကို ဗိုလ်မှူးချုပ်ရာထူးတိုးပေးလိုက်ကြောင်း သတင်းထွက်ပေါ်နေတဲ့ ကိစ္စအပေါ်မှာတော့ ဟုတ်မှန်ကြောင်းနဲ့ BGF ဘက်က ယင်းရာထူးကို မလိုအပ်တော့ကြောင်း ပြောပါတယ်။
ဗိုလ်မှူးချုပ် ရာထူး ပေးအပ်ဖို့ကိစ္စဟာ BGF စဖြစ်စဉ်ကတည်းက တောင်းဆိုထားတာ ဖြစ်ပြီး စစ်တပ်ဘက်က တစ်စုံတစ်ရာ ရာထူးပေးတာမျိုး မလုပ်ခဲ့ပေမယ့် အခုအချိန်မှာမှ ဒီရာထူးကို အလိုမရှိတော့ဘူးလို့ BGF ဥက္ကဌက ပြောဆိုထားပါတယ်။
BGF တပ်ဖွဲ့ခေါင်းဆောင်တွေ အခုလို စစ်ကောင်စီကို အာခံတဲ့ အကြောင်းအရင်းထဲမှာ စစ်မျက်နှာပြင်မှာ သူတို့တပ်သားတွေ ထိုးကျွေးခံရတာ များလွန်းနေတာကြောင့်လို့ နိုင်ငံရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။
“KNU/KNLA ၊ KTLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဖြစ်တဲ့ ထိတွေ့တိုက်ပွဲတိုင်းမှာ BGF တပ်သားတွေက စစ်ကောင်စီတပ်အတွက် အသေခံတိုက်ပေးနေရတယ်။ အကျအဆုံးလည်း များလာနေတယ်။ ရှမ်းမြောက်၊ ရခိုင် ရှေ့တန်း စစ်မျက်နှာပြင်တွေဘက် ပို့ဖို့အထိ သူတို့ ဖိအားပေးခံနေရလောက်တယ်။ ဒါကြောင့် စစ်ကောင်စီကနေ ခွဲထွက်ပြီး သီးသန့်ရပ်တည်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်တယ်” လို့ နိုင်ငံရေးလေ့လာသူက ပြောပါတယ်။
ဒုတပ်ချုပ် လာရောက်တွေ့ဆုံတဲ့ ကိစ္စဟာ ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်း လုပ်ငန်းတွေနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပေမယ့် BGF ဥက္ကဌကတော့ အဆိုပါ တရားမဝင် လုပ်ငန်းကို သူတို့ မလုပ်ဘူးလို့ ငြင်းဆိုပါတယ်။
ဗိုလ်မှူးကြီးစောချစ်သူအနေနဲ့ စစ်တပ်ဆီကနေ ရန်ကုန်၊ မန္တလေးရှိ မြေကွက်တွေမှာ အပန်းဖြေနေရာ ပြုလုပ်ဖို့ တောင်းဆိုထားတာကို မပေးတာကြောင့် ဖြတ်လမ်းအလုပ်ဖြစ်တဲ့ ကာစီနိုအဆင့်ပဲ သိတာလို့ BGF ဥက္ကဌက ပြောပါတယ်။
ဗိုလ်မှူးကြီး စောချစ်သူကတော့ RFA သတင်းဌာနကို “ငွေလိမ်လည်တဲ့ လုပ်ငန်းတွေဟာ ကျနော်တို့လည်း တရားမဝင်တဲ့ လုပ်ငန်းမျိုး ဖြစ်တာကြောင့် လက်မခံပါဘူး။ ကျနော်တို့ ရွှေကုက္ကိုလ်မှာ အိမ်ရာစီမံကိန်းဆိုတာ NLD အစိုးရကတည်းက တင်ပြပြီးတော့ ခွင့်ပြုထားတဲ့အပေါ် နောက်ဆက်တွဲ အွန်လိုင်းလုပ်ငန်းတွေ ဖြစ်လာတာ ကျနော်တို့ လက်မခံပါဘူး” လို့ ပြောဆိုထားပါတယ်။
နိုင်ငံ့အကြီးအကဲတွေ၊ ထိုင်း၊ တရုတ်ဘက်က တောင်းဆိုလာတဲ့ နိုင်ငံခြားသားတွေကိုလည်း ပြန်ပို့ပေးနေသလို လက်ရှိမှာတော့ နိုင်ငံခြားသားတွေကို အဝင်မခံဘူးလို့ ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။
ဗြိတိန်၊ အမေရိကန်၊ ကနေဒါနိုင်ငံတွေကတော့ ပြီးခဲ့တဲ့လက BGF ခေါင်းဆောင် စောချစ်သူကို အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေသူအဖြစ် သတ်မှတ်ကာ ဒဏ်ခတ်အရေးယူတဲ့စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
ဗိုလ်မှူးကြီး စောချစ်သူရဲ့ နယ်ခြားစောင့်တပ် BGF ဟာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA) အဖွဲ့ ကနေ ၂၀၁၀ ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲကာ ပြောင်းလဲ ဖွဲ့စည်းခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။
The Tanintharyi Times
