စစ်ကောင်စီ အရေးပေါ်ကာလ ခြောက်လထပ်တို
စစ်ကောင်စီ အရေးပေါ်ကာလ ခြောက်လထပ်တို
စစ်ကောင်စီက အရေးပေါ်ကာလကို သက်တမ်း ခြောက်လထပ်တိုးပြီး နိုင်ငံတော်အာဏာကို ဆက်လက်ရယူလိုက်ပါတယ်။
အခုလို အရေးပေါ်သက်တမ်း ထပ်တိုးနိုင်ဖို့အတွက် စစ်ကောင်စီက အမျိုးသား ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးကို နေပြည်တော်မှာ မနေ့က ပြုလုပ်ခဲ့ပြီး အဖွဲ့ဝင်တွေရဲ့ သဘောတူညီမှုကို ရယူခဲ့တာပါ။
အရေးပေါ်သက်တမ်းကို တစ်ကြိမ်လျှင် ၆ လစီ တိုးဖို့ စစ်ကောင်စီရဲ့ အခြေခံဥပဒေခုံရုံးက သဘောတူခဲ့ပါတယ်။
အကြားအလပ်မရှိငြိမ်သက်မှ ရွေးကောက်ပွဲလုပ်နိုင်မယ်လို့လည်း စစ်ကောင်စီ ဥက္ကဌက ကာလုံအစည်းအဝေးတင်ပြချက်မှာ ထည့်ပြောသွားပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်မှာ အရေးပေါ်ကာလ ၁ နှစ်ရယူခဲ့ကာ၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ နဲ့ သြဂုတ်လတွေမှာ ကာလုံအစည်းအဝေးထပ်ခေါ်ပြီး အရေးပေါ်ကာလ နှစ်ကြိမ်သက်တမ်းတိုးခဲ့ပြီးဖြစ်ပါတယ်။
အာဏာသိမ်းပြီး အခြေခံဥပဒေအခွင့်အရေးအရ အရေးပေါ်ကာလ ၂ နှစ် ရယူပြီးချိန်မှာ ပြုလုပ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးပွဲမှာ စစ်ကောင်စီရဲ့ ယာယီ သမ္မတဦးမြင့်ဆွေနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် ကာလုံ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပြီး စစ်ကောင်စီခန့် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူကတော့ တက်ရောက်ခြင်း မရှိခဲ့ပါဘူး။
The Tanintharyi Times
