မြန်မာပြည်၏ ဟယ်လင် (ဦးမြင့်ဆွေ(ဖြူး))
မြန်မာပြည်၏ ဟယ်လင် (ဦးမြင့်ဆွေ(ဖြူး))
အခက်အခဲ ပြဿနာဆိုတာ စိတ်ထားလှသူတို့အတွက် သူတို့ရဲ့ မေတ္တာကရုဏာကို သွန်ချဖို့ အခွင့်အရေးပါပဲ။ ဒီကမ္ဘာကြီးမှာ များလှတဲ့ ဆိုးသွမ်းမှုတွေကြားထဲကပဲ ကောင်းမွန်မြင့်မြတ်မှု အဖူးအပွင့်တွေဟာ သတ္တိရှိရှိ ဖူးပွင့်လာစမြဲပါ။
ဒီလိုလုပ်ရင် ကိုယ့်အသက်သေနိုင်တယ်၊ မသေရင် ဆင်းရဲဒုက္ခကြီးစွာ ခံစားရမယ်၊ တကယ်လို့ အဲဒီနေရာက ထွက်ခွာသွားရင် ကိုယ့်အတွက် ကောင်းကျိုးဖြစ်မယ်လို့ သိနေပေမယ့် ငရဲလိုဆင်းရဲတဲ့ နေရာမှာဆက်နေပြီး အများအကျိုးအတွက် ကူညီလုပ်ဆောင်သွားတဲ့ ကရုဏာရှင် သူရဲကောင်းတစ်ယောက်အကြောင်း။
ဒုတိယကမ္ဘာစစ် ဖြစ်ပွားနေချိန်။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ သူနာပြု ဆရာမလေးတစ်ယောက်။ သူက ဗမာလူမျိုးတော့ မဟုတ်။ မျက်နှာဖြူ နိုင်ငံခြားသူ။ နာမည်က “ဟယ်လင်ရော့ဒရစ် - Helen Rodriguez”။
အမျိုးသမီးဆိုရင် မှီခိုသူ၊ အားနွဲ့သူဆိုတဲ့ လူ့အဖွဲ့အစည်းရဲ့ သတ်မှတ်ချက်ကို ချိုးဖျက်ပြီး အရဲရင့်ဆုံး လုပ်ရပ်နဲ့ ကရုဏာတရားရဲ့ အနှစ်သာရကို ကမ္ဘာကသိအောင် လုပ်ဆောင်နိုင်ခဲ့သူတစ်ဦး။
ပေါ်တူဂီလူမျိုးဖြစ်တဲ့ ဖခင်က ရှမ်းပြည်နယ်မှာ ပြည်နယ်ဆရာဝန်ကြီးအဖြစ် အမှုထမ်းရလို့ တောင်ကြီးမှာ ကြီးပြင်းခဲ့ရသူ “ဟယ်လင်”။ စစ်ပွဲမဖြစ်ခင်အထိ သူမဘဝခရီးဟာ ဖြောင့်ဖြူးညင်သာလွန်းလှတယ်။ ခံနိုင်ရည်ရှိတာထက် ဆိုးဝါးကြမ်းတမ်းတဲ့ နေ့ရက်ေတွ ရောက်လာမယ်ဆိုတာ ဘယ်လိုလုပ် တွေးမိနိုင်ပါ့မလဲ။
သူနာပြုတစ်ယောက်အနေနဲ့ တောင်ကြီးဆေးရုံမှာ လူနာတွေကို ပြုစုကုသနေရင်းက တစ်နေ့မှာ ဗုံးမိုးတွေ ရုတ်တရက် ရွာသွန်းလာတယ်။ စစ်မီးကြီးဟာ သူတို့ဆီကို ရောက်လာပါပြီ။ ဂျပန်ဗုံးကြဲလေယာဉ်တွေက ကောင်းကင်မှာ အဆက်မပြတ် ပျံဝဲနေတယ်။ ဗုံးကြဲချတာအပြင် စက်သေနတ်နဲ့လည်း ပစ်ချနေသေးတယ်။
ငရဲမီးလောင်သလို တစ်မြို့လုံးက အော်သံ ဟစ်သံ ပြေးသံ လွှားသံတွေနဲ့ ဆူညံပွက်လောရိုက်သွားတယ်။ ဆေးရုံတစ်ခုလုံးလည်း ဗြောင်းဆန်သွားတယ်။ ခုနကတင် စည်ကားနေတဲ့ မြို့ဈေးဟာ ဖုန်အလိမ်းလိမ်း၊ သွေးအစိုစိုတွေ ဖြစ်ကုန်တယ်။
ဗုံးဆံ ကျည်ဆံ ထိမှန်ထားလို့ ဒဏ်ရာရထားသူတွေဟာ ဆေးရုံမှာ ပြည့်လျှံသွားတယ်။ လက်မလည်နိုင်အောင် ကုသပေးနေဆဲမှာပဲ နာကျင်အော်ဟစ်နေရတဲ့ ဒဏ်ရာရသူတွေဟာ မကုန်နိုင်မခမ်းနိုင် များသထက် များလာတယ်။
ဂျပန်တပ်တွေ မြို့ထဲဝင်ခွင့်ရသွားရင် သူတို့ မျက်နှာဖြူတွေအတွက် အသက်ရှင်နိုင်ဖို့ လမ်းမမြင်။ သူတို့က အင်္ဂလိပ်ဘက်တော်သားတွေမို့ ဂျပန်တွေရဲ့ ညှဉ်းပမ်းသတ်ဖြတ်တာကို ခံရမှာမလွဲ။ ဒီတော့ ဆရာဝန်တွေ အပါအဝင် နိုင်ငံခြားသားတွေအားလုံးနီးပါး စစ်ဘေးရှောင်ထွက်သွားကြတယ်။
ဆေးရုံမှာ ဆရာဝန်၊ သူနာပြု၊ ဝန်ထမ်းတွေ မရှိတော့။ သူတစ်ယောက်တည်း ကျန်နေခဲ့တယ်။ စက်ရုပ်တစ်ရုပ်လို လှုပ်ရှားရင်း လူနာတွေကို ကုသတာကလွဲပြီး သူ့ခေါင်းထဲမှာ ဘာမှမရှိတော့။ လူသားတစ်ယောက်အနေနဲ့ မဖြစ်မနေ လုပ်ရမယ့် အစာစားတာ၊ အိပ်စက်တာကိုတောင် မလုပ်နိုင်တော့။
မြို့ထဲကနေ ထွက်သွားတော့မယ့် အင်္ဂလိပ်စစ်ဗိုလ်ကြီးက ဒီမှာနေခဲ့ရင် ဂျပန်တွေရဲ့ မုဒိန်းကျင့် အသတ်ခံရမယ့် အတူတူ သူတို့နဲ့ တစ်ခါတည်း လိုက်ခဲ့ဖို့ အမျိုးမျိုး ချော့ခေါ် ခြောက်ခေါ်ပေမယ့် သူမခေါင်းခါမြဲ ခါလျက်ပါပဲ။
သေချင် သေပါစေတော့။ မျိုးစုံ အော်ဟစ်ညဉ်းညူနေတဲ့ လူနာတွေကို ထားခဲ့ပြီး သူဘယ်ကိုမှ ထွက်မသွားနိုင်။ အိန္ဒိယပြည်ကို တိမ်းရှောင်သွားမယ့် အမေနဲ့ညီမဖြစ်သူကို လက်ပြနှုတ်ဆက်ရင်း မျက်ရည်ကျမိပေမယ့် အားတင်းပြီး ဆေးရုံမှာ နေခဲ့ဖို့ကိုပဲ သူဆုံးဖြတ်လိုက်တယ်။
ဆေးရုံကို မလာနိုင်ဘဲ လမ်းပေါ်မှာ ဒဏ်ရာရထားသူတွေကို သူကိုယ်တိုင် ဆေးရုံဆီ သယ်လာတယ်။ အင်္ဂလိပ်စစ်သား ခြောက်ယောက်ရဲ့ အကူအညီနဲ့ လူနာတွေကို သယ်ဆောင်တာအပြင် လူသေအလောင်းတွေကိုလည်း သင့်လျော်ရာမှာ မြေမြှုပ် သင်္ဂြိုဟ်ပေးခဲ့သေးတယ်။
ဆေးဝါးနဲ့ အစားအစာတွေရဖို့ အခက်အခဲက ကြီးမားသထက် ကြီးမားလာတယ်။ “လိုအပ်ခြင်းဟာ တီထွင်ခြင်းရဲ့ မိခင်ဖြစ်တယ်” ဆိုတဲ့ စကားပုံကို လက်ကိုင်ထားပြီး မရှိရှိရာ ကြံဆကုသပေးခဲ့တယ်။ သူ့မှာ ရှိသမျှ စုဆောင်းထားတဲ့ ရွှေငွေတွေကို ထုခွဲရောင်းချပြီး မဖြစ်ဖြစ်နဲ့နည်းနဲ့ လိုအပ်တာရအောင် ကြိုးစားရှာတယ်။
ဂျပန်စစ်သားတွေရဲ့ ခြိမ်းခြောက်ဟိန်းဟောက်တာကို ရင်ဆိုင်ရင်း၊ ငတ်တလှည့် ပြတ်တလှည့်နဲ့ အင်အားချည့်နဲ့ ကိုယ်တိုင် ဖျားနာနေပေမယ့် ဆေးကုတဲ့အလုပ်ကို ရက်လများစွာ ဆက်တိုက်လုပ်နေဆဲ။ လူနာတွေ ပျောက်ကင်း၊ ဒဏ်ရာအနာတရ ဖြစ်သူလည်း မရှိတော့မှ ဖခင်ဖြစ်သူနဲ့အတူ တောင်ကြီးကနေ ထွက်ခွာပြီး မေမြို့မှာ လာနေကြရတယ်။
မေမြို့(ပြင်ဦးလွင်) ရောက်တော့လည်း သက်တောင့်သက်သာ နေခွင့်ရတာမဟုတ်ပြန်ဘူး။ စစ်ဘေးဒုက္ခသည်တွေကို ထားတဲ့ မေမြို့စစ်သုံ့ပန်းစခန်းမှာ နေထိုင်ရတယ်။ စစ်သုံ့ပန်းစခန်းဆိုတာ အကျဉ်းထောင်လိုပါပဲ။ ဖက်ဆစ်ဂျပန်တွေရဲ့ တသွေးတသံတမိန့်အောက်မှာ ကျဉ်းကျဉ်းကျပ်ကျပ် မသေရုံတမယ် နေထိုင်ရတာပါ။
ကျပ်တည်းလှတဲ့ အနေအထိုင် အစားအသောက်တွေကြောင့် စိတ်ဓါတ်ကျမယ်ဆိုရင် ကျချင်စရာ။ ဒါပေမယ့် “ဟယ်လင်” အတွက် စိတ်ဓါတ်ကျနေရမယ့် အချိန်မရှိ။ စခန်းမှာရှိတဲ့ လူတွေကို ဆေးကုပေးရတာအပြင် စခန်းကြီးကြပ်သူတွေကို ခွင့်တောင်းပြီး စခန်းအပြင်ဘက်မှာရှိတဲ့ မြို့ရွာတွေမှာလည်း လှည့်လည်ဆေးကုပေးနေရတယ်။
စခန်းမှာ မိဘတွေသေဆုံးသွားလို့ မိဘမဲ့ဖြစ်နေတဲ့ ကလေးတွေကို သားသမီးအရင်းလို စောင့်ရှောက်ပေးတယ်။ စခန်းတွင်း ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကိုလည်း ကာကွယ်သင့်တာကာကွယ်၊ တုံ့ပြန်သင့်တာ တုံ့ပြန်တယ်။ ကြုံလာရတဲ့ အခြေအနေအပေါ်မှာ ဒေါင်ကျကျပြားကျကျ လှုပ်ရှားရင်း အများကို အကူအညီပေးဖို့ ဘယ်တော့မှ အားငယ်လက်လျှော့လိုက်တာမျိုး မရှိဘူး။
သူ့ရဲ့ လက်သုံးစကားက “အခုလို အချိန်အခါမျိုးမှာ အသက်ရှင်သန်နိုင်ရေးနဲ့ ဘဝကို ကျော်လွှားနိုင်ရေးက အရေးအကြီးဆုံး ပါပဲ။ ကိုယ့်ဘဝကိုယ် ကုသိုလ်ကံမကောင်း အကြောင်းမလှလို့ ဆိုပြီး အိပ်မပျော်တဲ့အခါတွေမှာ နဖူးပေါ်လက်တင် စဉ်းစားနေရုံနဲ့ မရဘူး။ တဖျစ်တောက်တောက် ညဉ်းညူနေရုံနဲ့လည်း မရဘူး” တဲ့။
ကြုံတွေ့ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် သူ့ရင်ထဲမှာ အကြောက်တရားတွေ အကြိမ်ကြိမ် ဖြစ်ပေါ်လာပေမယ့် သူ့ရဲ့ ကြီးမားတဲ့ မေတ္တာကရုဏာက အဲဒီကြောက်စိတ်ကို အမြဲတမ်း အနိုင်ယူသွားစမြဲ။ “ဟယ်လင်” ဟာ လူလူချင်း ကူညီစောင့်ရှောက်ရမယ်၊ အခက်ခဲဆုံး အချိန်မှာတောင် အများအကျိုးအတွက် ဆောင်ရွက်ပေးရမယ် ဆိုတဲ့ သူ့ယုံကြည်ချက်အတိုင်းပဲ သူ့ဘဝတစ်လျှောက်လုံး နေထိုင်သွားခဲ့တယ်။
ဒီလို ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့ အတွက်ကြောင့်လည်း စစ်ကြီးပြီးသွားတဲ့အခါ ဗြိတိသျှ အစိုးရက အရပ်ဖက်ဝန်ထမ်းတွေကို ချီးမြှင့်တဲ့ အမြင့်ဆုံး ဂျော့တံဆိပ်ဆုနဲ့ ဂုဏ်ပြုချီးမြှင့်ခြင်း ခံခဲ့ရတယ်။
“Helen Rodriguez” ရဲ့ “Helen of Burma” ကို စာရေးဆရာ “ဦးမြင့်ဆွေ(ဖြူး)” က “မြန်မာပြည်၏ ဟယ်လင်” ဆိုတဲ့ အမည်နဲ့ ဘာသာပြန် ရေးသားထားတဲ့ အတ္ထုပ္ပတ္တိ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်မှာ “ဟယ်လင်ရော့ဒရစ်” ဆိုတဲ့ အမျိုးသမီးငယ်တစ်ဦးရဲ့ မြင့်မြတ်တဲ့စိတ်ဓါတ်၊ ရဲစွမ်းသတ္တိ၊ ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေကို အားကျအတုယူဖွယ်ရာ တွေ့ရမယ့်အပြင် စစ်ရဲ့ အနိဌာရုံမြင်ကွင်းတွေ၊ ဆိုးကျိုးတွေ၊ ဆင်းရဲဒုက္ခတွေကိုလည်း ကွက်ကွက်ကွင်းကွင်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။
The Tanintharyi Times
