အိုက်ခ်မန်းစစ်ဆင်ရေး (လင်းယုန်မောင်မောင်)
အိုက်ခ်မန်းစစ်ဆင်ရေး (လင်းယုန်မောင်မောင်)
“ရာဇဝတ်ဘေး ပြေးမလွတ်ဘူး” ဆိုတဲ့ စကားကို တကယ့်လက်တွေ့ သက်သေပြခဲ့တဲ့ အဖွဲ့အစည်းတစ်ခု ရှိပါတယ်။ “မော့ဆက်” လို့ခေါ်တဲ့ အစ္စရေး ထောက်လှမ်းရေး အဖွဲ့ကြီးပါပဲ။ အစ္စရေး ထောက်လှမ်းရေးသမားတွေဟာ ကမ္ဘာပေါ်မှာ ဇွဲအကောင်းဆုံးလို့ ဆိုစမှတ် ပြုကြပါတယ်။
ဒုတိယ ကမ္ဘာစစ်အတွင်းမှာ နာဇီဂျာမနီတွေက ဂျူးလူမျိုး ခြောက်သန်းကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြတယ်။ စစ်ကြီးပြီးတော့ နာဇီရာဇဝတ်ကောင်တွေကို ဖမ်းဆီး၊ နုရင်ဘတ်ခုံရုံးမှာ ထိုက်သင့်တဲ့ အပြစ်ဒဏ်ကို ပေးခဲ့ကြပေမယ့် ထွက်ပြေးလွတ်မြောက်သွားတဲ့ နာဇီတွေလည်း ရှိခဲ့တယ်။
ထွက်ပြေးသွားတဲ့ ရာဇဝတ်ကောင်တွေထဲမှာ “အဒေါ့ဖ်အိုက်ခ်မန်း” လည်း တစ်ယောက်အပါအဝင်ပါပဲ။ “အိုက်ခ်မန်း” ဆိုတာ ဂျူးလူမျိုး မှန်သမျှကို အမဲလိုက်သလို လိုက်လံဖမ်းဆီးပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်တဲ့နေရာမှာ ကြိုးဆွဲချုပ်ကိုင်ခဲ့သူ။ ဂျူးလူမျိုး မျိုးသုဉ်းသတ်ဖြတ်မှုကြီးကို ဦးစီးပဲ့ကိုင်ခဲ့သူ။
“ဂျူးလူမျိုးဆိုင်ရာ ပြဿနာကို အပြီးသတ်ဖြေရှင်းရေး” ၊ “အပြီးသတ် သုတ်သင်ရှင်းလင်းရေး” လို့ နာမည်ပေးထားတဲ့ အဲဒီ သတ်ဖြတ်မှု စီမံကိန်းကြီးကို အားကြိုးမာန်တက် အကောင်အထည် ဖော်ခဲ့တဲ့ ဟစ်တလာရဲ့ နာဇီပါတီဝင်တွေထဲမှာ ‘အိုက်ခ်မန်း’ က အဓိကကျတဲ့ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး။
ကမ္ဘာမြေရဲ့ ဘယ်ထောင့်ချိုးမှာ ‘အိုက်ခ်မန်း’ ပုန်းနေလေမလဲ။ အစ္စရေး ထောက်လှမ်းရေးတွေ သာမက ကမ္ဘာအရပ်ရပ်မှာ ရောက်နေကြတဲ့ ဂျူးလူမျိုးတွေဟာ ‘အိုက်ခ်မန်း’ သတင်းကို ဆက်လက်ခြေရာခံနေဆဲ။ ဆယ်စုနှစ်တစ်ခု ကျော်တဲ့အထိ ‘အိုက်ခ်မန်း’ ဟာ ပျောက်ကွယ်နေဆဲ။
ဒါပေမယ့် ဂျူးလူမျိုးတွေကတော့ လက်မလျှော့။ ဒီလို ဇွဲနပဲနဲ့ ‘အိုက်ခ်မန်း’ ကို ကမ္ဘာအနှံ့ မြေလှန်ရှာဖွေနေတာဟာ လက်စားချေဖို့ မဟုတ်။ သူကျူးလွန်ထားတဲ့ ပြစ်မှုအလျောက် တရားဥပဒေရှေ့မှောက် ပို့ဆောင်ပြီး အပြစ်ဒဏ်ကျခံစေဖို့ပဲ ဖြစ်တယ်။
ဒီလိုနဲ့ ၁၉၅၇ ခုနှစ် နှောင်းပိုင်းမှာ ‘အိုက်ခ်မန်း’ နဲ့ ပတ်သက်တဲ့ အနံ့အသက်တစ်ခု အစ္စရေး ထောက်လှမ်းရေး အကြီးအကဲ “အစ်ဆာဟာရဲလ်” ဆီကို ရောက်လာခဲ့တယ်။
‘အိုက်ခ်မန်း’ ဟာ အခြား နာမည်တစ်ခုနဲ့ တောင်အမေရိကတိုက်၊ အာဂျင်တီးနားနိုင်ငံ၊ ဗျူနိုအဲရစ္စမြို့မှာ အခြေချ နေထိုင်နေသတဲ့။ သတင်းရဲ့ ခိုင်မာမှု အခြေအမြစ်ကို လေ့လာဖို့ “အစ်ဆာဟာရဲလ်” ဟာ သူယုံကြည်ရတဲ့ သူတွေကို အကြိမ်ကြိမ်လွှတ်ပြီး စုံစမ်းစေခဲ့တယ်။
ဗျူနိုအဲရစ္စမြို့မှာ နေထိုင်နေတဲ့ ‘ကလီမင့်’ ဆိုသူဟာ ‘အိုက်ခ်မန်း’ ပဲလို့ သေချာသိပြီးတာနဲ့ စည်းစနစ်ကျတဲ့ နည်းဗျူဟာတွေ ချမှတ်ပြီး ‘အိုက်ခ်မန်း စစ်ဆင်ရေး’ ကို စတင်ခဲ့ကြတယ်။ အဲဒီစစ်ဆင်ရေးရဲ့ ခေါင်းဆောင်က ‘မော့ဆက်’ အစ္စရေး ထောက်လှမ်းရေး အဖွဲ့ကြီးရဲ့ အကြီးဆုံး တာဝန်ခံတစ်ဦး ဖြစ်တဲ့ “အစ်ဆာဟာရဲလ်”။
ဒီလျှို့ဝှက်စစ်ဆင်ရေးထဲ ဆိုင်ရာကဏ္ဍမှာ ယူရမယ့်တာဝန်က အမျိုးမျိုးမို့ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေဟာ စစ်ဆင်ရေးရဲ့ အစိတ်အပိုင်း အသီးသီးမှာ လှုပ်ရှားလုပ်ဆောင် ကြရတယ်။ ဆရာဝန်၊ ပန်းချီဆရာ(စာရွက်စာတမ်းအတု လုပ်ဆောင်သူ)၊ စက်မှုလက်မှု ကျွမ်းကျင်သူ၊ စုံစမ်းထောက်လှမ်းတဲ့ နေရာမှာ ကျွမ်းကျင်သူ၊ ဟန်ပြနေထိုင်ရမယ့် အမျိုးသမီး၊ လေကြောင်းလိုင်းက လေယာဉ်အမှုထမ်းများ၊ သတင်းအပေးအယူ ပို့ဆောင်သူ စသဖြင့်။
စစ်ဆင်ရေး လုပ်ဆောင်နေတဲ့ ကာလထဲမှာ အဖွဲ့ဝင်တွေဟာ အသက်အန္တရာယ်၊ အာဂျင်တီးနား ရဲတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ် ရှိနေပေမယ့် ‘အိုက်ခ်မန်း’ ကို ဖမ်းမိရေးအတွက်ဆို နောက်မဆုတ်တမ်း ကြိုးစားခဲ့ကြတယ်။
သူတို့တစ်တွေဟာ အာဂျင်တီးနားမှာ နာမည်အမျိုးမျိုး၊ မှတ်ပုံတင် အမျိုးမျိုး၊ နိုင်ငံကူးလက်မှတ် အမျိုးမျိုး၊ ငှားရမ်းထားတဲ့ အိမ်အမျိုးမျိုး၊ ဟိုတယ်အမျိုးမျိုးမှာ လှည့်လည်နေထိုင်ရင်း၊ အာဂျင်တီးနား အစိုးရနဲ့ ရဲတပ်ဖွဲ့တွေ မသိအောင် ရှောင်တိမ်းရင်း ‘အိုက်ခ်မန်း’ ကို အရှင်လက်ရ ဖမ်းဆီးနိုင်ခဲ့တယ်။
နောက်ဆုံးတော့ အစ္စရေးနိုင်ငံနဲ့ မိုင်ပေါင်း ၈၀၀၀ နီးပါး ဝေးကွာတဲ့ အာဂျင်တီးနားကနေ အစ္စရေး အထူးလေယာဉ်နဲ့ ‘အိုက်ခ်မန်း’ ကို တင်ဆောင်လာနိုင်ခဲ့တယ်။ လူ့သမိုင်းမှာ အရိုင်းစိုင်းဆုံးနဲ့ အရက်စက်ဆုံး နာဇီစစ်ရာဇဝတ်ကောင်ကို သူကိုယ်တိုင် ကြီးကြပ်အုပ်ချုပ်ခဲ့တဲ့ လူသတ်လက်နက်ကိရိယာတွေနဲ့ လူပေါင်း ခြောက်သန်းကျော် အသက်ဆုံးရှုံးခဲ့ရတဲ့ မြို့တော် ‘ဂျေရုဆလင်’ မှာ သူ့ကို တရားဥပဒေ ရှေ့မှောက် အရောက်ပို့ဆောင်နိုင်ခဲ့တယ်။
‘အိုက်ခ်မန်း’ ထွက်ပြေးသွားတဲ့ အချိန်ကနေ ဖမ်းမိဖို့အတွက် အချိန် ၁၅ နှစ် ကြာခဲ့တယ်။ ဗျူနိုအဲရစ္စမြို့မှာ ‘အိုက်ခ်မန်း’ ရှိနေတယ်လို့ သတင်းစရတဲ့ အချိန်ကနေ ဖမ်းဆီးပြီးတဲ့အထိ အချိန် ၂ နှစ် ကြာခဲ့တယ်။ စစ်ဆင်ရေး အစကနေ အဆုံးအထိ ကျရာကဏ္ဍမှာ တာဝန်ယူ လှုပ်ရှားကြရသူတွေက (၆၀) ဦး ကျော်တယ်။
‘မော့ဆက်’ အဖွဲ့နဲ့ ဂျူးလူမျိုးတွေအတွက်ကတော့ ရာဇဝတ်ကောင်တွေ ပြေးစရာ မြေမရှိအောင် လုပ်ဆောင်ရမှာက သူတို့ရဲ့ အမျိုးသားရေး တာဝန်ပဲ ဖြစ်တယ်လို့ ခံယူထားကြတယ်။
“Issersiarei” ရဲ့ “The House on Gari-Baldi Street” ကို ဆရာ “လင်းယုန်မောင်မောင်” က ‘အိုက်ခ်မန်းစစ်ဆင်ရေး’ လို့ အမည်ပေးပြီး ဘာသာပြန်ထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ကို ရေးသားတဲ့ “အစ်ဆာဟာရဲလ်” ဟာ အိုက်ခ်မန်းစစ်ဆင်ရေးမှာ ကိုယ်တိုင်ပါဝင် လှုပ်ရှားခဲ့သူတစ်ယောက် ဖြစ်တာမို့ တိကျတဲ့ အချက်အလက်တွေနဲ့ အပိုအလိုမရှိ တင်ပြသွားတာကို တွေ့ရမှာပါ။
ဒီစာအုပ်မှာ မျက်ဝါးထင်ထင် တွေ့လိုက်ရတာက ‘အိုက်ခ်မန်း’ ရဲ့ ကြောက်စိတ်ပါပဲ။ လူသား သန်းပေါင်းများစွာကို သတ်ဖြတ်ခဲ့သူ တစ်ယောက်ဟာ ကိုယ့်အလှည့်ကျတော့ ကြောက်စိတ်တွေ ငယ်ထိပ်ရောက်နေခဲ့ရှာတယ်။
ပြစ်မှုကျူးလွန်တုန်းက တချိန်ချိန်မှာ ငါ့အလှည့် ရောက်လာနိုင်တယ် ဆိုတာမျိုး ဘာလို့များ မစဉ်းစားခဲ့မိတာလဲ။ လူ့စိတ်ပျောက်ပြီး အရိုင်းစိုင်းဆုံး မကောင်းဆိုးဝါးတစ်ကောင် ဖြစ်သွားစေလောက်အောင် ဘယ်လိုအရာကများ သူ့ကို စေ့ဆော်ပေးလိုက်တာလဲ။ စည်းစိမ်၊ ရာထူး၊ အာဏာလား။ ဒါမှမဟုတ် အမုန်းတရားလား။ တွေးစရာ တစ်ပုံတစ်ပင်နဲ့ ကျန်ရစ်စေခဲ့တဲ့ စာအုပ်တစ်အုပ်ပါပဲ။
တရားဥပဒေကို လေးစားလိုက်နာသူ၊ အမှန်တရားကို မြတ်နိုး ဖော်ထုတ်သူတွေ ရှိနေသရွေ့ ရာဇဝတ်ဘေးဟာ ပြေးလို့ မလွတ်နိုင်ဘူးဆိုတာ ‘အိုက်ခ်မန်း’ က သမိုင်းစာမျက်နှာ တစ်နေရာမှာ သက်သေပြလျက် ရှိပါတယ်။ ။
ငြိမ်းပန်
The Tanintharyi Times
