သန်းခေါင်ယံ လွတ်လပ်ရေး (မောင်ပေါ်ထွန်း)
သန်းခေါင်ယံ လွတ်လပ်ရေး (မောင်ပေါ်ထွန်း)
အိန္ဒိယတိုက်ငယ်ဟာ ကျူးကျော်နယ်ချဲ့လာတဲ့ ဗြိတိသျှတို့ရဲ့ စိုးမိုးအုပ်ချုပ်မှုအောက် နှစ်ပေါင်း ၃၀၀ ကျော် နေထိုင်ခဲ့ရပြီးနောက် ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် ညသန်းခေါင်ယံအချိန်မှာ လွတ်လပ်ရေး ရရှိခဲ့တယ်။
မူလက တစ်ပေါင်းတစ်စည်းတည်း နေခဲ့ပေမယ့် အချုပ်အချာ အာဏာပိုင်နိုင်ငံအဖြစ် လွတ်လပ်ရေး ကြေညာခွင့်ရတဲ့အခါ အိန္ဒိယနဲ့ ပါကစ္စတန် ဆိုပြီး နှစ်နိုင်ငံဖြစ်သွားရှာတယ်။ မဟတ္တမဂန္ဒီအနေနဲ့ လွတ်လပ်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် အားလုံးပေါင်းစည်းနေထိုင်သွားဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် ခွဲခြမ်းရေး အစီအစဉ်က အောင်မြင်သွားခဲ့တယ်။
“သမိုင်းဝင် ကွာရှင်းမှုကြီး” လို့ တင်စားခေါ်ဝေါ် ခံရတဲ့ နိုင်ငံခွဲခြမ်းရေးဟာ လူသားပေါင်း သန်း ၄၀၀ ကျော် ပါဝင်တဲ့ မိသားစုကြီးပြိုကွဲမှုကြီးပါပဲ။ ဒီလောက် ကြီးမားတဲ့ “ကွာရှင်းမှုကြီး” အတွက် ဆိုင်ရာ စည်းကမ်းဥပဒေတွေကို ရေးဆွဲဖို့ အချိန် ၇၃ ရက်သာ ရခဲ့ပါတယ်။
ကတိုက်ကရိုက် လုပ်ရတဲ့ အဲဒီခွဲခြမ်းမှုမှာ အစိုးရအုပ်ချုပ်ရေး ယန္တရားအတွင်းရှိ ရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းများအနက် ၈၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံအတွက် ပေးမှာဖြစ်ပြီး၊ ၂၀ ရာခိုင်နှုန်းကို ပါကစ္စတန်နိုင်ငံအတွက် ပေးမယ်လို့ သဘောတူညီထားကြတယ်။
ငွေကြေး၊ ဆန်၊ ဂျုံ ကိစ္စတွေဟာ ခွဲခြမ်းရေးမှာ အဓိကပြဿနာ ဖြစ်လာတယ်။ ဘဏ္ဍာရေးကို ခွဲဝေကြတဲ့အခါ လက်ရှိငွေကြေးကို ဝေမျှကြရသလို ဗြိတိသျှတွေအပေါ် တင်နေတဲ့ ကြွေးမြီကိုလည်း ခွဲဝေဆပ်ကြရမှာကိုး။ တစ်ဖက်နဲ့တစ်ဖက် အကြောက်အကန် အငြင်းပွားမှုတွေ၊ အပြန်အလှန် ရန်ဖြစ်မှုတွေနဲ့ သူ့ဘက်ကိုယ့်ဘက် ယက်မှုတွေကြောင့် ပွက်ပွက်ညံသွားရတဲ့ အမွေခွဲဝေမှုကြီးပါပဲ။
အစိုးရရုံးတွေမှာရှိတဲ့ စားပွဲ ကုလားထိုင်ကအစ လက်နှိပ်စက်၊ ဗီဒို၊ တံမြက်စည်းပါမကျန် ရေတွက် ခွဲခြမ်းကြ။ နိုင်ငံတော် ဂေဟာတွေမှာရှိတဲ့ ပန်းကန်ခွက်ယောက်တွေ၊ ငွေထည်ပစ္စည်း၊ ဓါတ်ပုံ ရုပ်ပုံကားချပ်တွေကအစ မင်အိုး၊ ထီးချိတ်၊ ဦးထုပ်၊ အပေါ့သွားအိုး အဆုံး ခွဲဝေယူကြတယ်။
စာအုပ်စာတမ်း၊ ငွေစက္ကူ၊ စားပွဲကုလားထိုင်တွေတင် အခွဲခံကြရတာမဟုတ်။ သန်းပေါင်းများစွာသော လူသားတွေလည်း အခွဲခံကြရတယ်။
ဗိုလ်မှူးကြီးကနေ သာမန်တပ်သားအထိ၊ အိုင်စီအက်စ် အရာရှိကြီးကနေ တံမြက်စည်းလှည်းသမားအထိ အခွဲခံရရှာတယ်။ ကြိုက်တဲ့နိုင်ငံဘက်မှာနေဖို့ ရွေးချယ်ခွင့်တော့ ပေးပါရဲ့။
အိန္ဒိယတပ်မတော်ရဲ့ သုံးပုံနှစ်ပုံကို အိန္ဒိယနိုင်ငံက ပိုင်စေ၊ ကျန် သုံးပုံတစ်ပုံကို ပါကစ္စတန်နိုင်ငံက ဆိုင်စေဆိုတော့ ဘယ်နိုင်ငံမှာ အမှုထမ်းမလဲဆိုတာ ဗျာများရတော့တာပါပဲ။
နိုင်ငံသစ်တစ်ခုကို တည်ထောင်ရာမှာ နယ်နိမိတ်သတ်မှတ်ခြင်းဟာ အလွန်အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ နယ်နိမိတ်သတ်မှတ်ရာမှာ လူမှုရေး၊ စီးပွားရေး စတဲ့ အကြောင်းအချက်တွေကို ထည့်တွက်ရသလို နိုင်ငံလုံခြုံရေးနဲ့ ကာကွယ်ရေးကိုလည်း အဓိကထား ထည့်တွက်ကြရပါတယ်။
ဘင်္ဂလားနဲ့ ပန်ဂျပ်ပြည်နယ်ကို အိန္ဒိယပြည်မကြီးမှ ခွဲထုတ်ရင် နယ်နိမိတ်ကို ဘယ်လိုပိုင်းခြား သတ်မှတ်ရမလဲဆိုတဲ့ ပြဿနာက တကယ့်ခေါင်းစားစရာ။ သူတို့အချင်းချင်း ခွဲခြားသတ်မှတ်ကြရင် ဘယ်တော့မှ သဘောတူညီမှု ရနိုင်မှာ မဟုတ်လို့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ “နေရူး” နဲ့ “ဂျင်းနား” တို့က နယ်နိမိတ်သတ်မှတ်ရေး ကော်မရှင်ကို ဖွဲ့စည်းဖို့ သဘောတူလိုက်ရတယ်။
အဲဒီလို ထူးထွေဆန်းပြားတဲ့ ခွဲခြမ်းမှုကို ပြုလုပ်ဖို့ တာဝန်ပေးအပ်ခြင်း ခံရသူမှာ အောက်စ်ဖို့ တက္ကသိုလ်ကျောင်းထွက် အင်္ဂလိပ်အမျိုးသား ဥပဒေပညာရှင် “ဆာစိုင်ရစ်ရက်ကလစ်” ဆိုသူဖြစ်တယ်။ သူက ပညာရပ်ပိုင်းဆိုင်ရာမှာ စွယ်စုံရ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပေမယ့် အိန္ဒိယအကြောင်းကို ဘာမှမသိ။ အိန္ဒိယနိုင်ငံကိုလည်း တစ်ခါမှ မရောက်ဖူးသူတစ်ယောက်။
ဧရိယာအကျယ်အဝန်း စတုရန်းမိုင်ပေါင်း တစ်သိန်းခွဲကျော်ရှိတဲ့ လူပေါင်း ၈၈ သန်းတို့ရဲ့ အိုးအိမ် လယ်ယာတွေ၊ စက်မှုလုပ်ငန်းတွေ၊ မီးရထားလမ်းတွေ၊ စားကျက်မြက်ခင်းပြင်ကြီးတွေနဲ့ ဥယျာဉ်ခြံမြေတွေကို စက္ကူပေါ်မှာ မျဉ်းတစ်ကြောင်းဆွဲရုံမျှနဲ့ ခွဲခြမ်းလိုက်ရမှာ ဖြစ်တယ်။
သူဆွဲလိုက်တဲ့ မျဉ်းတစ်ကြောင်းကြောင့် ရွာပေါင်းများစွာတို့မှ ဆင်းရဲသားလယ်သမားတွေခမျာ ခေတ်အဆက်ဆက် သူတို့တစ်တွေ လုပ်ကိုင်စားသောက်လာခဲ့တဲ့ လယ်ယာမြေတွေ၊ သောက်သုံးလာခဲ့ကြတဲ့ ရေတွင်းရေကန်တွေ၊ လျှောက်လာခဲ့ကြတဲ့ လမ်းတွေနဲ့ ရာသက်ပန် အိုးစားကွဲအောင် ဖျက်ဆီးလိုက်သလို ကြုံကြရတော့တယ်။ စိုက်ခင်းတွေမှာ ပျိုးခင်းတွေနဲ့ တခြားစီဖြစ်သွား၊ စက်ရုံတွေက ကုန်တင်ကုန်ချ ဌာနတွေနဲ့ တခြားစီဖြစ်သွား၊ လျှပ်စစ်ဓါတ်အားပေးဌာနတွေက ဗဟိုဓါတ်အားရုံကြီးနဲ့ တခြားစီဖြစ်သွားပြီး အရာရာဟာ ဖရိုဖရဲ ဒုက္ခများကုန်ကြတယ်။
အိန္ဒိယနဲ့ ပါကစ္စတန် ခွဲခြမ်းရေးမှာ “မြန်ဆန်မှုသာလျှင် ပဓာန” ဆိုတဲ့မူကို ထိပ်တန်းတင်ထားတဲ့အတွက် လူမှုရေး၊ ဘာသာရေး ပဋိပက္ခတွေဟာ မီးဟုန်းဟုန်း တောက်သွားခဲ့တယ်။ အဲဒီဒေသမှာ နေထိုင်နေကြတဲ့ ဆစ်ခ်ဘာသာဝင်၊ မွတ်စလင်ဘာသာဝင်၊ ဟိန္ဒူဘာသာဝင် တို့ရဲ့ အချင်းချင်း အထင်အမြင်လွဲမှားမှုတွေဟာ အကြမ်းဖက်မှု၊ လူသတ်မှု၊ မီးရှို့မှုတွေအဖြစ် တမုဟုတ်ချင်း ပြောင်းလဲသွားခဲ့တယ်။
ဒီလိုပြဿနာမျိုး ဖြစ်လာမှာကို မဟတ္တမဂန္ဒီက ကြိုတင်သိမြင်ခဲ့ပေမယ့် သူ့သတိပေးစကားကို ခေါင်းဆောင်တွေက လက်မခံကြ၊ သူ့ကို ဘေးဖယ်ထားခဲ့ကြတယ်။ နောက်ဆုံးတော့ အကြမ်းဖက်မှု မီးတောက်ကြီး ငြှိမ်းဖို့အတွက် နိုင်ငံခွဲခြမ်းရေး ကာလတလျှောက်လုံး ဖယ်ကျဉ်ခံထားရတဲ့ “ဂန္ဒီ” ကပဲ ဦးဆောင်ပြီး ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ပေးခဲ့ရတာပါပဲ။
စေ့စပ်သေချာ အချိန်ယူပြီး လုပ်ရမယ့် အရေးတကြီး ကိစ္စကို အလျင်စလို လုပ်မိတဲ့အတွက် ပြည်သူများစွာ အသက်ဆုံးရှုံးရ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရ၊ အသက်မွေးဝမ်းကြောင်း ပျက်စီးရ၊ မိသားစုတွေ ကွဲကွာကြရနဲ့ မလိုအပ်တဲ့ အမုန်းမီးတောက်တွေ ပျံ့နှံ့ခဲ့ရတဲ့ သမိုင်းအမဲစက်တစ်ခု၊ သမိုင်းသင်ခန်းစာဆိုးတစ်ခု ကျန်ရစ်ခဲ့ရတယ်။
“Larry Collins and Dominique Lapierre” ရဲ့ “Freedom At Midnight” ဝတ္ထုကို ဆရာ “မောင်ပေါ်ထွန်း” က “သန်းခေါင်ယံ လွတ်လပ်ရေး” လို့ အမည်ပေးပြီး ဘာသာပြန်ထားတဲ့ သမိုင်းနောက်ခံ ဝတ္ထုတစ်ပုဒ် ဖြစ်ပါတယ်။
မူရင်းဝတ္ထုကို စာရေးဆရာနှစ်ဦး ပေါင်းပြီးရေးသား ထားပါတယ်။ ဒီစာအုပ်ရေးဖို့အတွက် စာရေးဆရာနှစ်ဦးဟာ လူပေါင်း ၃၀၀၀ ခန့်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ရပြီး၊ သမိုင်းအထောက်အထား စာရွက်စာတမ်းပေါင်း တောင်ပုံရာပုံကို ဖတ်ရှုခဲ့ရတယ်။ ခရီးမိုင်ပေါင်း နှစ်သိန်းခွဲကျော်ထွက်ပြီး ကွင်းဆင်းလေ့လာခဲ့ကြရတယ်။
ဒီစာအုပ်မှာ အိန္ဒိယနှင့် ပါကစ္စတန် လွတ်လပ်ရေးတိုက်ပွဲအတွင်း အဓိကပါဝင်ခဲ့ကြတဲ့ ဂျော့ဘုရင်၊ ဝေလမင်းသား၊ မောင့်ဘက်တန်၊ ချာချီ၊ အက်တလီ၊ မဟတ္တမဂန္ဒီ၊ နေရူး၊ ပတေး၊ ဂျင်းနား စတဲ့ ခေါင်းဆောင်များရဲ့ နိုင်ငံရေး သေနင်္ဂဗျူဟာတွေကို ပီပီပြင်ပြင် တွေ့ရမှာ ဖြစ်ပါတယ်။
ဝတ္ထုဆိုပေမယ့် သမိုင်းမှန်၊ အချက်အလက်မှန်အပေါ်မှာ ဇာတ်အိမ်တည်ပြီး ရေးဖွဲ့ထားတာမို့ သမိုင်းသင်ခန်းစာများစွာကို လေ့လာခွင့်ရစေတဲ့ စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။ ။
ငြိမ်းပန်
The Tanintharyi Times
