ဗိုလ်ချုပ်ကြီး မောင်မောင်အေးရဲ့ သား မင်္ဂလာဧည့်ခံပွဲ ဒရုန်းနဲ့ တိုက်ခိုက်ခံရ

ဗိုလ်ချုပ်ကြီး မောင်မောင်အေးရဲ့ သား မင်္ဂလာဧည့်ခံပွဲ ဒရုန်းနဲ့ တိုက်ခိုက်ခံရ

စစ်ကောင်စီရဲ့ ကြည်း ရေ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးရဲ့ သားဖြစ်သူ လက်ထပ်မင်္ဂလာဧည့်ခံပွဲကို တောင်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရှားထူးဝေါ် ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၅ ရက်နေ့က နေပြည်တော်ရှိ MICC 2 ခန်းမအတွင်း ကျင်းပခဲ့တဲ့ မင်္ဂလာဧည့်ခံပွဲကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာပါ။

အဆိုပါ ဧည့်ခံပွဲကို စစ်ခေါင်းဆောင်တွေ တက်ရောက်မယ်လို့ သတင်းရရှိတာကြောင့် စနစ်တကျပြင်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ရှားထူးဝေါ်တပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားနဲ့ ရဲ တချို့ ထိခိုက်သေဆုံးခဲ့ရသလို အခမ်းအနားတက်ရောက်လာတဲ့ စစ်ဗိုလ်ချုပ်တချို့ကလည်း ကြောက်လန့်ထွက်ပြေးကာ ဝရုန်းသုန်းကား ဖြစ်ခဲ့ကြောင်း နေပြည်တော် သတင်းရင်းမြစ်တချို့က ပြောဆိုကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါပေမယ့် ဗိုလ်ချုပ်ကြီး မောင်မောင်အေးရဲ့ သား မင်္ဂလာဧည့်ခံပွဲကို စစ်ကောင်စီ အကြီးအကဲတွေထဲက ဘယ်သူတွေ တက်ရောက်ခဲ့သလဲဆိုတာကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိပါ။

ရှားထူးဝေါ်နည်းပညာတပ်ဖွဲ့ရဲ့ Kloud Drone အဖွဲ့နဲ့ အလယ်ပိုင်းတိုင်းစစ်ဌာချုပ်၊ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းပြီး Fixed wing drone နဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

Kloud Drone အဖွဲ့နဲ့ နေပြည်တော်စစ်တိုင်းဌာနတို့ ပူးပေါင်းပြီးတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့၊ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ခရီးစဉ် ထွက်ခွာတဲ့ နေ့မှာလည်း နေပြည်တော်လေဆိပ်ကို Fixed wing အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၁ ဦး၊ တပ်ကြပ် ၁ ဦး၊ တပ်သား ၂ ဦး၊ လေဆိပ်လုံခြုံရေး ၂ ဦး စုစုပေါင်း ၇ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း Shar Htoo Waw အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဗိုလ်ချုပ်ကြီး မောင်မောင်အေးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်က ဖိလစ်ပိုင်မှာ ပြုလုပ်ခဲ့တဲ့ အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေးကို သွားရောက်ခွင့်ရခဲ့သူ ဖြစ်ပြီး ဖိလစ်ပိုင် ကြည်းတပ်ဦးစီးချုပ် အပါအဝင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း စတဲ့ ကြည်းတပ် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သေးကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အနားပေးလိုက်ပြီးနောက် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး မောင်မောင်အေးဟာ ဒုဗိုလ်ချုပ်ကြီး ညိုစောနဲ့အတူ စစ်ကောင်စီ အဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ပြည်သူတွေအပေါ် အကြမ်းဖက်တဲ့ လုပ်ရပ်တွေမှာ အဓိက ပါဝင်နေသူအဖြစ် အီးယူ အပါအဝင် နိုင်ငံတကာကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ထားတာ ရှိပါတယ်။

The Tanintharyi Times