သမိုင်းသက်သေ (သို့မဟုတ်) နာရေးသတင်း
သမိုင်းသက်သေ (သို့မဟုတ်) နာရေးသတင်း
မကြားချင်ဆုံးက
ရဲဘော်ရဲ့နာရေးသတင်းဖြစ်ပြီး
မလုပ်ချင်ဆုံးကရဲဘော်ရဲ့ဈာပနာဖြစ်တယ်
ဒီလမ်းကိုလျှောက်ရင်
ဒီအခင်းအကျင်းကကြုံမှာသိပေမဲ့
ငါတို့ရဲဘော်တွေတော့မဖြစ်လောက်ဘူးလို့
အတ္တကြီးစွာယုံကြည်ထားမိတယ်
တကယ်ကြုံလာတဲ့အခါ
အတ္တပိုကြီးခဲ့လေလေ စိတ်ဖြေရခက်လေလေပါပဲ
မယ်ညား ပါသားနဲ့စခဲ့တဲ့စစ်သင်တန်းမှာ
အတူတူငိုကြွေးခဲ့ကြဖူးတယ်
အတူတူရယ်မောခဲ့ကြဖူးတယ်
အတူတူအပြစ်ခံကြဖူးတယ်
တစ်ယောက်ကိုတစ်ယောက်ဖေးမခဲ့ကြတယ်
တစ်ယောက်ကိုတစ်ယောက်နှစ်သိမ့်ခဲ့ကြတယ်
အိမ်ပြန်ချင်စိတ်တွေဖြစ်လာတိုင်း
ဒီနေရာကငါတို့ရဲ့အိမ်အသစ်ကြောင်း
စိတ်ဖြေဖျောက်ပေးခဲ့ကြတယ်
ငါတို့ဟာ
တောင်တွင်းရှင်ငြိမ်းမယ်ကဗျာထဲကအိုစားဖက်တွေ ဖြစ်ခဲ့ကြတယ်
ဟော ဟိုမှာကြည့်လိုက်
ကောင်းကင်မှာပြုံးပြနေတဲ့
ကြယ်လေးတစ်လုံးထပ်တိုးသွားပြီ
စကားတွေဖောင်ဖွဲ့ပြောနေရာကနေ
ရုတ်တရက်သူမရှိတော့ဘူး
သီချင်းတွေအော်ဆိုနေရာကနေ
ရုတ်တရက်သူမရှိတော့ဘူး
အပြုံးချိုချိုနဲ့လိုက်နောက်ပြောင်ရာနေ
ရုတ်တရက်သူမရှိတော့ဘူး
သွားနေကြလမ်းတွေမှာ
သူမရှိတော့ဘူး
ပြောနေကြစကားဝိုင်းတွေထဲမှာ
သူမရှိတော့ဘူး
စားနေကြထမင်းဝိုင်းတွေထဲမှာ
သူမရှိတော့ဘူး
ကြားနေကြသီချင်းသံတွေမှာ
သူမရှိတော့ဘူး
အခုဆိုကမ္ဘာကြီးရဲ့ဘယ်နေရာမှာမှသူမရှိတော့ဘူး
ငါတို့ကြားနေကြစကားအရဆို
အရင်ထွက်သွားသူကအေးချမ်းသွားပြီပေါ့
လွတ်မြောက်သွားပြီပေါ့
တကယ်လွတ်မြောက်လားမသိနိုင်ပေမဲ့
ကျန်ရစ်သူများအဖို့တော့
မလွတ်မြောက်နိုင်တဲ့လက်မခံနိုင်ခြင်းတွေထဲမှာ
ငိုလို့ကြွေးလို့ ပူလို့ဆွေးလို့
လူတစ်ယောက်ရဲ့အတ္တဟာ
လူတွေအများကြီးကိုသေစေတဲ့အကြောင်း
နောင်လာနောင်သားတွေပြောပြနိုင်ဖို့အရေး
မင်းတို့အသက်တွေနဲ့
သက်သေပြနေရတယ်ဟျောင့်တွေရေ….။ ။
ဆောင်းရိပ်ခို
The Tanintharyi Times
