ကျားဖြန့် လုပ်ငန်းတွေကို လျှပ်စစ်မီးပေးနေတာ ချက်ချင်းရပ်ဖို့ ထိုင်းအတိုက်အခံ အမတ်တိုက်တွန်း

ကျားဖြန့် လုပ်ငန်းတွေကို လျှပ်စစ်မီးပေးနေတာ ချက်ချင်းရပ်ဖို့ ထိုင်းအတိုက်အခံ အမတ်တိုက်တွန်း

မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းတွေကို ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးဖြန့်ဝေ ပေးနေတာကို ချက်ချင်းဖြတ်တောက်ဖို့ ထိုင်းအတိုက်အခံ People’s Party က အမတ် ရန်ဆီမန် ရုမ်း ကတိုက်တွန်းပြောကြားခဲ့ပါတယ်။

ထိုင်းအစိုးရ ဟာ လက်ရှိအချိန်အထိ မြန်မာနယ်စပ်ကို လျှပ်စစ်မီးပေးထားတာ မဖြတ်တောက်ရသေးဘူးလို့လည်း ရန်ဆီမန် ရုမ်း ကထောက်ပြပြောဆိုထားပါတယ်။

တရုတ်အွန်လိုင်း လိမ်လည်မှုဂိုဏ်း တွေဟာ မြန်မာနယ်စပ်တစ်လျှောက်က စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ ရဲ့ စောင့်လျှောက်မှုကိုခံယူပြီး ဆက်လက်လည်ပတ်ဖို့ ကြိုးပမ်းနေကြောင်း ထိုင်းသတင်းတွေ ရေးသားဖော်ပြနေကြပါတယ်။

စစ်ကောင်စီ ခေါင်းဆောင်မင်းအောင်လှိုင်ကလည်း မြန်မာနယ်စပ်က ကျားဖြန့် လုပ်ငန်းတွေကို အိမ်နီးချင်းနိုင်ငံ လျှပ်စစ်မီးပေးနေတယ်လို့ ပြောထားပြီး ဒီစကား ဟာ ထိုင်းနိုင်ငံ ကိုရည်ရွယ် ပြောဆိုနေတာဖြစ်ကြောင်း နားလည်သဘောပေါက်တယ်လို့ ဘန်ကောက်ကပို့စ် က ဖော်ပြပါတယ်။

People’s Party အတိုက်အခံအမတ် ရန်ဆီမန် ရုမ်းက “ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ဟာ ထိုင်းနိုင်ငံရဲ့ ပုံရိပ် ကိုထိခိုက်လာစေပြီး ခရီးသွားအများအပြားဟာလည်း လူကုန်ကူးမှု သတင်းတွေကြောင့် ထိုင်းကိုလာရောက်လည်ပတ်ဖို့ကြောက်လန့်လာပြီးထိုင်းနိုင်ငံရဲ့စီးပွားရေးကိုပါ ထိခိုက်စေတယ် ” လို့ ရန်ဆီမန် ကပြောပါတယ်။

ထိုင်းအစိုးရ အနေနဲ့ မြန်မာနယ်စပ် က အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းတွေကို လျှပ်စစ်မီးဖြတ်တောက်ဖို့ ယခုထက်ပို အာရုံစိုက်လုပ်ဆောင်သင့်ကြောင်း သူကဆက်လက်တိုက်တွန်းခဲ့ပါတယ်။

ထိုင်း ပြည်ထဲရေးဝန်ကြီးဌာနလက်အောက် က ပြည်နယ်လျှပ်စစ်အာဏာပိုင်အဖွဲ့ (PEA) အနေနဲ့ အစိုးရထံမှ ညွှန်ကြားချက်ကို မစောင့်ဆိုင်းဘဲ ချက်ချင်းဖြတ်တောက်ဖို့ အခွင့်အာဏာရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

“ PEA က နိုင်ငံရဲ့ လုံခြုံရေးကိုသက်ရောက်စေတဲ့ လုပ်ငန်းတွေကို လျှပ်စစ်မီးဖြတ်တောက်ဖို့ အခွင့်အာဏာရှိတယ်။” ရန်ဆီမန် က ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီး ဖွမ်သမ်ဝီချာယာချိုင်းကလည်း မြန်မာနယ်စပ်က အွန်လိုင်းငွေလိုင်း ဂိုဏ်းတွေဆီ လျှပ်စစ်မီး ဖြတ်တောက်ဖို့ အေဂျင်စီ အားလုံးထံ ညွန်ကြားသွားမယ်လို့ ပြောဆိုထားပါတယ်။

ပြည်ထဲရေးဝန်ကြီး အနုတင် ကတော့ “ဒါက အရေးကြီးတဲ့ ကိစ္စပါ၊ ဝန်ကြီးချုပ်ကို အကြောင်းကြားပြီး ညွှန်ကြားချက်ကို စောင့်ရမှာပါ” လျှပ်စစ်မီးဖြတ်တောက်ဖို့ ကိစ္စ နဲ့ပတ်သက်ပြီး တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ထိုင်းဝန်ကြီးတွေဟာ မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို လျှပ်စစ်မီး ပေးထားတာ မရရှိဘူးလို့ ငြင်းဆိုခဲ့ပေမဲ့ အတိုက်အခံ ရန်စီမန် ရုမ်း ကထောက်ပြပြေဆိုမှု တွေ ရှိလာပြီးနောက် အခုလို ဝန်ခံခဲ့တာလည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နှစ် ဇွန်လမှာတော့ ထိုင်းအစိုးရ ဟာ မြန်မာနယ်စပ် က နာမည်ကျော် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တည်ရှိရာ ရွှေကုက္ကိုလ်မြို့ကနေရာတချို့ကို လျှပ်စစ်မီးဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။

ကိုးကား - ဘန်ကောက်ပို့စ်

(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times